အစဉ်အလာကြီးမားသော ခရိုင်းမီးယား

အစဉ်အလာကြီးမားသော ခရိုင်းမီးယား
Published 29 December 2015
မောင်ကြွယ်စိုး

၂၀၁၄ မတ်လက ရုရှားတပ်တွေ ခရိုင်းမီးယား ကျွန်းဆွယ်ကို ဝင်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ဂျီ ၇ အုပ်စုဝင်တွေရဲ့ ဆွေးနွေးပွဲကို ရုရှား မတက်ရောက်ခဲ့ပါဘူး။ ဂျီ ၇ အုပ်စုဝင်နိုင်ငံတွေက ခရိုင်းမီးယားကို ရုရှားကျူးကျော်မှုနဲ့ ပတ်သက်ပြီး ပြစ်တင် ရှုတ်ချခဲ့ပါတယ်။ရုရှားကျူးကျော်မှုကို ထောက်ခံသူတွေဟာ လက်ရှိအချိန်မှာ သူတို့တစ်တွေကို ရုရှားကလည်း ဘာမှမထောက်ပံ့ဘဲ မပေးနိုင်ဘူးဆိုတာ ရိပ်စားမိလာပါတယ်။ ရုရှားတွေ ဝင်ရောက်လာပြီးတဲ့နောက် အုပ်ချုပ်ရေး ယန္တရားမှာ ကြိုးနီစနစ် ခေါင်းထောင်လာနေတာ၊ အကျင့်ပျက် ခြစားမှုက ကြီးထွားနေတာကြောင့် ရုရှားလိုလားသူတွေ ကိုယ်တိုင် ခရိုင်မီးယားကနေ ပြည်ပ ထွက်ခွာနေကြပါတယ်။ခရိုင်းမီးယားကို ရုရှားသိမ်းပိုက်တာနဲ့ ပတ်သက်ပြီး ရုရှားစာရေးဆရာ လီယိုနစ်ကာဂါနော့ဗ်က တန်ဖိုးကြီးမားတဲ့ ဘက်ထရီမပါတဲ့ လက်ကိုင်ဖုန်းကို ခိုးယူတာမျိုးနဲ့ တူတယ်လို့ ရေးခဲ့ဖူးပါတယ်။ ခရိုင်းမီးယားက အထီးကျန်နေတဲ့ အရပ်ဒေသ တစ်ခုဖြစ်နေတာ ငြင်းမရနိုင်ပါဘူး။ ဥပမာ နိုဝင်ဘာ ၂၂ ရက်က ယူကရိန်း မျိုးချစ်တွေနဲ့ ခရိုင်းမီးယား တာတာတက်ကြွ လှုပ်ရှားသူတွေက ယူကရိန်းကနေ ပို့လွှတ်တဲ့ ဓာတ်အားလိုင်း လေးခုကို ဖြတ်တောက်ခဲ့ပါတယ်။ ဒါကြောင့် ခရိုင်းမီးယားမှာ နေထိုင်တဲ့ လူနှစ်သန်းဟာ အမှောင်ထဲမှာပဲ နေထိုင်ခဲ့ရပါတယ်။လျှပ်စစ်အကျပ်အတည်း ကြုံတွေ့ပြီးတဲ့နောက်မှာ ဆက်တိုက် ပေါ်ပေါက်ခဲ့ ဖြစ်ရပ်ကတော့ ယူကရိန်းဝန်ကြီးချုပ် ယက်ဆန်ယွတ်က လာမယ့်ဇန်နဝါရီ လလယ်မှာ ယူကရိန်းနဲ့ ခရိုင်းမီးယား ကုန်သွယ်မှုကို ရပ်တန့်မယ်လို့ ဒီဇင်ဘာ ၁၆ ရက်က ပြောကြားခဲ့ပါတယ်။စီးပွားရေး အကျပ်အတည်း ကြုံနေရတဲ့ ခရိုင်းမီးယား။ စီးပွားရေးအရ အထီးကျန်မှုသာ ကြုံတွေ့ရမယ်ဆိုရင် အခြေအနေတွေ ဘယ်လောက် ဆိုးရွားမယ်ဆိုတာ မတွေးဝံ့ပါဘူး။ ခရိုင်းမီးယားကို သိမ်းပိုက်ပြီးတဲ့နောက် ရုရှားက ဒေသန္တရ အစိုးရနဲ့ အစိုးရပိုင်ကုမ္ပဏီမှာ တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေရဲ့ လစာငွေနဲ့  ပင်စင်လစာငွေတွေ တိုးမြှင့်ပေးခဲ့ပါတယ်။ ဒီလိုလုပ်လိုက်တဲ့ အကျိုးဆက်က ငွေကြေးဖောင်းပွမှု ကြုံတွေ့ရပါတယ်။ ကုန်ဈေးနှုန်းတွေ မြင့်တက်လာလို့ အားနည်းတဲ့ ရူဘယ်ငွေက မထိန်းနိုင်ပါဘူး။ ပုဂ္ဂလိက လုပ်ငန်းတွေ ယိုင်နဲ့လာပါတယ်။ ခရီးသွား ရာသီဖြစ်လာပေမယ့် ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု နည်းပါးနေပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေက ခရိုင်းမီးယား ပင်လယ်ကမ်းခြေထက် ယူကရိန်းမြို့တော် ကိယက်ကို စိတ်ဝင်စားနေကြပါတယ်။ခရိုင်းမီးယားက မော်စကိုလက်အောက် ကျရောက်ပြီးတဲ့ နောက်မှာ ကြီးမားတဲ့ အကျင့်ပျက် ခြစားမှုတွေဖြစ်ပေါ်ရာ အရပ်ဒေသတစ်ခု ဖြစ်လာပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ပေါများလာသလို တရားဥပဒေ ကင်းမဲ့ရာ ဒေသတစ်ခု ဖြစ်လာပါတယ်။ ခရိုင်းမီးယားဟာ ၂၀၁၄ ခုနှစ်ကစပြီး မာဖီးယား ခေါင်းဆောင်တွေနဲ့ အစိုးရလက်ဝေခံ စီးပွားရေး သမားတွေရဲ့ ကြီးစိုးရာ ဒေသတစ်ခု ဖြစ်လာပါတယ်။ တစ်ဖက်ကလည်း နိုင်ငံရေးအရ တက်ကြွ လှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူမှုတွေ ပိုများလာပါတယ်။ ခရိုင်းမီးယား တာတာတက်ကြွ လှုပ်ရှားသူတွေက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေ လျှော့ချဖို့ တောင်းဆိုတဲ့အနေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။လက်တွေ့မှာတော့ ရုရှားက ခရိုင်းမီးယားကို သူတို့ပိုင်နက်ထဲ ထည့်ထားပါတယ်။  ရုရှားဖက်ဒရေးရှင်းကြီး ပြိုကျသွားမှသာ ခရိုင်းမီးယားဟာ ရုရှားပိုင်နက်အဖြစ်မှ လွတ်မြောက်မှာ ဖြစ်ပါတယ်။ ယူကရိန်း အနေနဲ့ နိုင်ငံအရှေ့ပိုင်း ဒေသကို ရုရှားကလည်း ခရိုင်းမီးယားကို ကျူးဘားလို သဘောထားပြီး ဆက်လက် သိမ်းပိုက်နေမယ်ဆိုရင် ခရိုင်းမီးယား အရေးဟာ ပိုမိုဆိုးရွားလာမှာ ဖြစ်ပါတယ်။ရုရှားက နိုင်ငံရေးအရ ဖိနှိပ်မှုတွေ ပိုမိုပြုလုပ်နေတာဟာ ခရိုင်းမီးယား ရှိတာတာတွေနဲ့ ယူကရိန်း မျိုးနွယ်တွေအတွက် ပိုပြီးအမျက်ဒေါသ ဖြစ်စေပါတယ်။ ကင်လက်ထက် ၁၉၄၄ မှာ စတာလင်က ခရိုင်းမီးယားတာတာ  ၁၈၀၀၀၀ ကို ဗဟိုအာရှသို့ ပြောင်းရွှေ့ခဲ့ဖူးပါတယ်။ အဲဒီနေ့ အထိမ်းအမှတ်ဖြစ်တဲ့ မေ ၁၈ ရက်က ခရိုင်းမီးယား ရှိလီနင်ရင်ပြင်မှာ လူစုလူဝေးနဲ့ ဆန္ဒပြပွဲ ပြုလုပ်ခဲ့လို့ ရဲက တားဆီးမှုတွေ ပြုလုပ်ပြီး ဆန္ဒပြသမား တချို့ကို ဖမ်းဆီးခဲ့ပါတယ်။ခရိုင်းမီးယား ပြဿနာဟာ ရုရှားတို့အတွက် အန္တရာယ်တွေ ရင်ဆိုင်ရသော မီးစဆိုတာ ပူတင် သဘောပေါက်ထားဖို့ လိုပါတယ်။ အမေရိကန်နဲ့ ဥရောပတိုက် နိုင်ငံတွေဟာ ခရိုင်းမီးယားကို ရုရှားပိုင်နက်ထဲ ထည့်သွင်းတာကို လုံး၀ အသိအမှတ် မပြုကြောင်း ပြောထားပြီး ဖြစ်ပါတယ်။ ခရိုင်းမီးယားကို ကုန်သွယ်မှု ပိတ်ဆို့မှုတွေကို လာမယ့်နှစ်ပတ်အတွင်း တိုးမြှင့်ဖို့ ရှိနေတာကြောင့် ခရိုင်းမီးယားရှိ ဒေသခံတွေဟာ မိုးပေါ်ကကျလာမယ့် ကျောက်ခဲတုံးတွေကို ကာကွယ်ဖို့ အဆင်သင့် ပြင်ထားရတဲ့ ကိန်းဆိုက်ရောက်နေပါပြီ။ပူတင်ကတော့ ခေါင်းမာစွာနဲ့ပဲ ခရိုင်မီးယားကို ရုရှားပိုင်နက်ထဲမှာ ထည့်သွင်းနေမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလည်း ဖြစ်ပေါ်လာမှာ မဟုတ်သလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။ ဒါဆို ခရိုင်မီးယား ဒေသဟာ အမှောင်ခေတ်ထဲမှာ ကျရောက်နေမှာ သေချာနေပါတယ်။ ခရိုင်းမီးယား ဒေသကို ရုရှားလက်က လွတ်ဖို့အတွက် နိုင်ငံတကာက အလေးအနက်ထားပြီး လုပ်ဆောင်ရမှဖြစ်တော့မယ့် အနေအထား ရောက်နေပါပြီ။ခရိုင်းမီးယား စစ်ပွဲနှင့်ပတ်သက်လို့ ကဗျာဆရာ တင်နီဆင်က ဘာလာကလာဘာ စစ်ပွဲဆိုတဲ့ ကဗျာ စပ်ဆိုခဲ့ဖူးပါတယ်။ စာရေးဆရာကြီး လီယိုတော်စတွိုင်းကလည်း ဆီဗာစတိုပို မြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး ရုရှားစစ်သားများနဲ့ ဆီဗာစတိုပို မြို့သားတွေ စစ်ဘေးဒဏ်ခံရပုံကို ရေးသားခဲ့ပါတယ်။ အဲဒီအတွက် တော်စတွိုင်းကို ပထမဆုံး စစ်သတင်းထောက်အဖြစ် သတ်မှတ်ထားခြင်း ခံခဲ့ရပါတယ်။ စာရေးဆရာကြီး ဂျိမ်းဂျွိုက်စ်ကလည်း နာမည်ကျော် ဖန်နဲဂန်း ဝိတ်ဝတ္ထုကြီးမှာ ခရိုင်းမီးယား စစ်ပွဲနှင့်ပတ်သက်ပြီး တခမ်းတနား ရေးသားခဲ့ပါတယ်။ ဘာကလေအမည်ရှိ အိုင်းရစ်တစ်ဦးက ရုရှား စစ်ဗိုလ်ချုပ်ကြီးကို ပစ်သတ်ခဲ့တဲ့အကြောင်း ရေးသားခဲ့ဖူးပါတယ်။

Most Read

Most Recent