လောကနတ် ပန်းချီပြခန်း ဖွင့်လှစ်ခြင်း ၄၅ နှစ်ပြည့် နှစ်ပတ်လည် ပန်းချီပြပွဲ နှစ်လကြာ ပြုလုပ်

လောကနတ် ပန်းချီပြခန်း ဖွင့်လှစ်ခြင်း ၄၅ နှစ်ပြည့် နှစ်ပတ်လည် ပန်းချီပြပွဲ နှစ်လကြာ ပြုလုပ်
Published 14 December 2015
ပြည့်စုံနေဝင်း

လောကနတ် ပန်းချီပြခန်း ဖွင့်လှစ်ခြင်း ၄၅ နှစ်ပြည့် အထိမ်းအမှတ် နှစ်ပတ်လည် ပန်းချီပြပွဲကို ဒီဇင်ဘာ ၁၂ ရက်မှ ဖေဖော်ဝါရီ ၂၇ရက် အထိ လောကနတ် ပန်းချီပြခန်းတွင် ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။
လောကနတ် ပန်းချီပြခန်း သည် မြန်မာနိုင်ငံရှိ ပန်းချီပြခန်းများ အနက် သက်တမ်း ကြာမြင့်သည့် ပြခန်းတစ်ခု ဖြစ်ကာ နှစ်ပတ်လည် ပန်းချီပြပွဲကို နှစ်စဉ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခု ပြုလုပ်လျက် ရှိသည့် ပန်းချီပြပွဲတွင် လောကနတ် ပန်းချီပြခန်း၏ အဖွဲ့ဝင် ပန်းချီဆရာများ ဖြစ်သည့် ပန်းချီ ဦးလွန်းကြွယ်၊ ဦးဘဝင်း၊ ပန်းချီ ဘိုကြီး၊ ပန်းချီ ချမ်းအေး၊ ပန်းချီ ကောင်းစံ၊ ပန်းချီ ခင်မြင့်မြင့်၊ ပန်းချီ ကျော်ဖြူစံ၊ ပန်းချီ ကျော်စိန်ဝင်း၊ပန်းချီ ကြည်ဝင်း(ရန်ကင်း)၊ ပန်းချီ မသိင်္ဂီ၊ ပန်းချီ မောင်မောင်သိမ်း (ပုသိမ်)၊ ပန်းချီ မောင်ဖေသန်း၊ ပန်းချီ မောင်သီဟ၊MKM ၊ ပန်းချီ မုတ်သုန်၊ပန်းချီ မြသောင်း၊ ပန်းချီ နေမျိုးဆေး၊ ပန်းချီ နေထွန်း၊ ပန်းချီ ဖေညွန့်ဝေ၊ပန်းချီ စောလှိုင်၊ ပန်းချီ စန်းမြင့်၊ ပန်းချီ သန်းဝင်းထွန်း၊ ပန်းချီ တင်ဝင်း (ဗိဿနိုး)၊ ပန်းချီ ဝင်းဖေမြင့်၊ ပန်းချီ ဝင်းတင့် နှင့် ပန်းချီ ရဲအောင်မြတ် တို့၏ လက်ရာ ပန်းချီကား ၈၀ ကားကို ပြသ ထား ကြောင်း သိရသည်။
" ပန်းချီပြခန်း တစ်ခု နှစ်ပေါင်း ၄၅ နှစ် ကြာရှည် ရပ်တည်နိုင်တယ် ဆိုတာ ဂုဏ်ယူစရာတစ်ခုပါပဲ။ ပန်းချီပြခန်း တစ်ခု ရေရှည် ရပ်တည်နိုင်ဖို့ ဆိုတာ မူက အရမ်း အရေးကြီး ပါတယ်။ လောကနတ် ပန်းချီပြခန်း ရဲ့မူက ရိုးရာကို အားပေးရမှာ ဖြစ်သလို ခေတ်ပြိုင် ကိုလည်း ထောက်ပံ့ပေးရမယ် ဆိုပြီး ဟို စတည်ထောင်စဉ် ၇၁ ခုနှစ် ကတည်းက လူကြီးတွေ ချမှတ် ခဲ့တယ်။ ဒီမူဝါဒ အတိုင်း လောကနတ်ဟာ လုပ်ဆောင် ခဲ့ပါတယ်" ဟု လောကနတ် ပန်းချီပြခန်း စတင် တည်ထောင်စဉ်က အသက် အငယ်ဆုံး အဖွဲ့ဝင် ပန်းချီ ဆရာ အဖြစ် ပါဝင်ခဲ့သည့် ပန်းချီ ဖေညွန့်ေ၀ က ပြောပြ ခဲ့သည်။
ထို့နောက် လောကနတ် ပန်းချီ ပြခန်း၏ အဖွဲ့ဝင် ပန်းချီဆရာတစ်ဦး ဖြစ်သည့် ပန်းချီ ကျော်ဖြူစံ ကလည်း " လောကနတ် က ၄၅နှစ် ပြည့် ပြီ။ ၄၅နှစ် ဆိုတဲ့ ကာလဟာ သူ့ရဲ့ဝါ၊ သမ္ဘာက မနည်းတော့ဘူးပေါ့။ ဒီမှာ အဖွဲ့ဝင် အဖြစ် ရှိနေတဲ့ ပန်းချီ ဆရာကြီးတွေ ဆိုလည်း အသက်တွေ မနည်းတော့ဘူး။ တန်ဖိုးထားဖို့ ကောင်းပါတယ်။ ဆရာကတော့ ဒီပွဲ မှာပန်းချီကား ငါးကား ပြထားတယ်။ ပန်းချီ ကားသစ်တွေ ပါပဲ။ယောဒေသ က ိုရောက်ခဲ့တုန်းက ရေးခဲ့တဲ့ ကားတွေပါ"  ဟု ပြောပြခဲ့သည်။
လောကနတ် ပန်းချီပြခန်းကို ၁၉၇၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံရှိ ပန်းချီ ပြခန်းများ အနက် သက်တမ်း အရှည်ဆုံး ပန်းချီပြခန်း တစ်ခု ဖြစ်ကြောင်း သိရသည်။             

Most Read

Most Recent