ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည့် ISIS အကြမ်းဖက်အဖွဲ့၏ အန္တရာယ်မှ ကင်းရှင်းစေရန် ကော့သောင်းခရိုင်၏ ခရိုင်ဒုရဲမှူးကြီးတင်ဦးနှင့် အဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များရှိ အစ္စလာမ်ဘာသာ ဗလီခြောက်ခုမှ ဂေါပကအဖွဲ့ဝင်များ၊ ဗလီဆရာများနှင့် ရပ်မိရပ်ဖများနှင့်ဒီဇင်ဘာ ၁၂ ရက်က ပိတောက်ရွှေဝါရပ်ကွက်ရှိ တစ်မိုင်ဗလီ၌ ဆွေေးနွးခဲ့ကြောင်း သတင်းရရှိသည်။“လတ်တလော မြို့ပေါ်လုံခြုံရေး ဆောင်ရွက်နေရမှုမှာ ရပ်ရွာတရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေးတို့အတွက် ပိတ်ဆို့ရှာဖွေရေး ဧည့်စာရင်းစစ်ဆေးမှုတွေ ဆောင်ရွက်နေရပါတယ်။ တစ်ဖက်နိုင်ငံနဲ့ ရေပြင်မြေပြင် နယ်နိမိတ်ခြင်း ထိစပ်နေလို့ ပြစ်မှုကျူးလွန်သူတွေ ထွက်ပြေးတိမ်းရှောင်ရ လွယ်ကူလို့ ထွက်ပြေးတိမ်းရှောင်လာမှုများ ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ISIS အကြမ်းဖက်အဖွဲ့ဝင်တွေ ရောက်ရှိနေတယ်လို့ သတင်းရရှိနေတဲ့အတွက် မိမိတို့နယ်မြေကို ဝင်ရောက်လာပြီး အကြမ်းဖက် ဖောက်ခွဲမှုတွေ မဖြစ်ပေါ်စေရေးနဲ့ ဝင်ရောက် မှုမရှိစေရေးအတွက် စစ်ဆေးရှာဖွေမှုတွေ လုပ်ဆောင်တဲ့အခါမှာ အစ္စလာမ်ဘာသာဝင်များနဲ့ ပူးပေါင်းပြီး သတင်းရယူဆောင်ရွက်ရင် ပိုမိုလုံခြုံမှုရှိမှာပါ။ ဒေသတည်ငြိမ်အေးချမ်းစေရေးနဲ့ အကြမ်းဖက်တိုက်ခိုက်တဲ့ အန္တရာယ်တွေ မဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းထိန်း သိမ်းဖို့နဲ့ မသင်္ကာဝင်ရောက်သူများရှိပါက ချက်ချင်း သတင်းပို့ပေးပါ”ဟု ဒုရဲမှူးကြီးတင်ဦးက ပြောကြားသည်။တက်ရောက်လာသူများအနက်မှ ဘုရင့်နောင်ရပ်ကွက်ရှိ ဗလီဂေါပကအဖွဲ့ဝင်ဦးမျိုးအောင်က အကြမ်းဖက် ဖေါက်ခွဲသမားများနှင့် အစ္စလာမ်ဘာသာဝင်တို့ ဆက်စပ်မှုမရှိကြောင်းကို ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကော့သောင်းတွင် ခရိုင်ရဲတပ်ဖွ့ဲနှင့် အစ္စလာမ်ဘာသာဝင်များ တွေ့ဆုံကာ ISIS အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်၍ လုံခြုံရေးကိစ္စများ ဆွေးနွေး















