သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ရှိလဲ

သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ရှိလဲ
Published 12 December 2015
လင်းလင်းခိုင်

ဒါရိုက်တာအောင်မြတ်
လတ်တလောတော့ ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးရဲ့ ပထမပိုင်းကို တောင်ကြီး တန်ဆောင်တိုင်ပွဲမှာ ရိုက်ကူး ဖြစ်ပါတယ်။ ကျန်တဲ့ အပိုင်းကတော့ စပျစ်သီးသီးတဲ့ အချိန်ဖြစ်တဲ့ ဖေဖော်ဝါရီမှ ဆက်ရိုက်ရမှာပါ။ ဒီကြားထဲတော့ သီချင်း အမ်တီဗွီတွေ၊ တီဗွီ ကြော်ငြာတွေ၊ ပရိုဂရမ်တွေပဲ ဆက်ရိုက် ဖြစ်နေပါတယ်။ နယူးရီးယားကတော့ အလုပ်လုပ် ရင်းနဲ့ပဲ ဖြတ်သန်းဖြစ်မှာပါ။ ကားကြီးဆက် ရိုက်ဖို့အတွက် လိုအပ်တာ လေးတွေလည်း ကြားထဲမှာ ပြင်ဆင်သွားဖို့ ရှိပါတယ်။ ၂၀၁၆ နှစ်ဆန်းမှာလည်း အနုပညာ အလုပ်တွေပဲ ဆက်လုပ် ဖြစ်နေပါမယ်။

L ဘောက်နူး
လတ်တလောကတော့ ဘောက်နူးက ပြိုင်ပွဲက ပြန်လာတာဆိုတော့ အနုပညာ အလုပ်တွေလုပ်ဖို့ မရှိသေးပါဘူး။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ အတွက်တော့ အင်တာဗျူးတွေ ဖြေဖြစ်တယ်။ အလှဓာတ်ပုံတွေ ရိုက်ပေးဖြစ်တယ်။ ဒီလထဲမှာ ခရစ်စမတ်လည်းရှိတော့ မြစ်ကြီးနားကို ပြန်ဖို့ စီစဉ်ထားပါတယ်။ မြစ်ကြီးနား ပြန်ရောက်တာနဲ့ ဘောက်နူး အရင်ကတည်းက စီစဉ်ထားတဲ့ စစ်ဘေးရှောင် စခန်းတွေက ကလေးငယ်တွေ ပညာသင်ကြားခွင့် ရရေးအတွက် လုပ်ဆောင်သွားမှာပါ။ Campaign ပုံစံလေး လုပ်ဖြစ်ပါမယ်။ အဲဒါကို စလုပ်ဖြစ်ပြီ ဆိုရင်တော့ မြစ်ကြီးနားမှာ နည်းနည်းကြာကြာ နေဖြစ်ဖို့ များပါတယ်။

ဝင့်ယမုံလှိုင်
လတ်တလောကတော့ ဒါရိုက်တာ ဦးထွန်းအောင်ဇော် ရိုက်ကူးနေတဲ့ ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင် နေပါတယ်။ သရုပ်ဆောင်တွေကတော့ ကိုလူမင်း၊ ကိုဖြိုးငွေစိုး၊ မခိုင်လေး (ခိုင်သင်းကြည်)၊ အန်တီဆင့် (မေသန်းနု)၊ အောင်မင်းခန့်နဲ့ ယမုံတို့ ပါဝင်ပါတယ်။ ဒီရုပ်ရှင်ကားကြီး ပြီးရင်တော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) နဲ့ ဗီဒီယို တစ်ကား ထပ်ရိုက်ဖို့ ရှိပါတယ်။ သရုပ်ဆောင်ကတော့ ကိုပြေတီဦးနဲ့ပါ။ ဒီလထဲမှာ ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့အတွက် ပြင်ဦးလွင်နဲ့ မန္တလေးကို သွားရမှာဆိုတော့ နယူးရီးယား အတွက်လည်း ဘာမှတော့ ထွေထွေထူးထူး မစီစဉ်ရသေးပါဘူး။ အလုပ်တွေ လုပ်ရင်းနဲ့ပဲ ဖြတ်သန်းဖြစ်မှာပါ။ ၂၀၁၆ ထဲမှာ ယမုံပါဝင်ထားတဲ့ ရုပ်ရှင်ကားကြီး ရုံတင်ဖို့လည်း ရှိတယ်ဆိုတော့ အရမ်း စိတ်လှုပ်ရှားမိပါတယ်။

ချိုချိုထွန်း
လတ်တလောကတော့ ညီမအနုပညာ အလုပ်တွေ သိပ်မလုပ်ဖြစ်သေးဘူး။ မိသားစုနဲ့ ဘုရားဖူး ခရီးထွက် လိုက်လို့ပါ။ ဒီကြားထဲမှာတော့ မဂ္ဂဇင်းတွေ ဂျာနယ်တွေ အတွက်ပဲ အလှပုံတွေ ရိုက်ပေးဖြစ်တယ်။ အခုလည်း နယ်ကို ကျောင်းကိစ္စရှိလို့ ပြန်ရပါဦးမယ်။ ကျောင်းအတွက် လိုအပ်တာလေးတွေ လုပ်ပေးပြီးမှ ရန်ကုန် ပြန်လာပြီး အနုပညာ အလုပ်တွေ လုပ်ဖြစ်ပါမယ်။

ဖူးပွင့်သခင်
ဖူးပွင့် လတ်တလောတော့ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူး ဖြစ်နေပါတယ်။ နယ်တွေမှာလည်း သွားရိုက် ရတာတွေ ရှိသလို ရန်ကုန်မှာလည်း ရိုက်ကူး ဖြစ်ပါတယ်။ ဒီဇင်ဘာ လလယ်ပိုင်းမှာတော့ ကိုသူထူးစံနဲ့ ဇာတ်ကားရိုက်ဖို့ ပြောထားတာ ရှိပါတယ်။ ဖူးပွင့် မွေးနေ့ရှိတဲ့ အတွက် မွေးနေ့မှာ မေတ္တာဝါဒီ မိဘမဲ့ ကလေးကျောင်းမှာ အစားအသောက်တွေ ကျွေးမွေး လှူဒါန်းသလို ငွေကြေး အပါအဝင် လိုအပ်တာလေးတွေလည်း လှူဒါန်း ဖြစ်ပါတယ်။ နယူးရီးယားကတော့ အလုပ်တွေ လုပ်ရင်းနဲ့ပဲ ဖြတ်သန်းဖြစ်မှာပါ။ တခြား ဘာမှစီစဉ်ထားတာ မရှိသေးပါဘူး။ ၂၀၁၆ ထဲမှာ ဖူးပွင့် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေလည်း ရုံတင်ဖို့ ရှိလို့ ပရိသတ်တွေကိုလည်း အားပေး ကြည့်ရှုစေချင်ပါတယ်။ သီချင်းတွေလည်း ဆိုဖြစ်နေတယ်။ နယ်ပွဲတွေဆိုဖို့ ပြောထားတာတွေလည်း ရှိပါတယ်။ စီးရီးလုပ်ဖို့ အစီအစဉ်လည်း ရှိပါမယ်။

ဟန်လေး
ဟန်လေး လတ်တလောတော့ အနုပညာ အလုပ်တွေ ဆက်တိုက် လုပ်ဖြစ်နေပါတယ်။ တီဗွီကြော်ငြာတွေ ရိုက်ဖြစ်တယ်။ ပြက္ခဒိန်တွေ ရိုက်ဖြစ်နေပါတယ်။ တီဗွီကြော်ငြာအတွက် လိုက်ဖက်တဲ့ ဝတ်စုံလေးတွေ ဖြစ်အောင်လည်း ပြင်ဆင်ဖြစ်ပါတယ်။ အနုပညာ အလုပ်တွေကို အရမ်းဝါသနာပါတဲ့ အတွက် ဆက်လုပ် ဖြစ်သွားမှာပါ။ အနုပညာ ဝမ်းစာပြည့်ဖို့ အတွက်လည်း လေ့လာ သင်ယူမှုတွေ လုပ်ဖြစ်နေပါတယ်။ ဇာတ်ကား ရိုက်ကူးဖို့ကတော့ အခွင့်အရေး ရမယ်ဆိုရင် ကြိုးစား ကြည့်ချင်ပါတယ်။

သွန်းဆက်
လတ်တလောတော့ ပြင်ဦးလွင်ကို ရောက်နေပါတယ်။ ကြော်ငြာရိုက်ဖို့နဲ့ ဇာတ်ကားရိုက်ကူးဖို့ အတွက် သွားဖြစ်တာပါ။ ပြီးခဲ့တဲ့ လတုန်းက ဇာတ်ကားတွေ ဆက်တိုက် ရိုက်ဖြစ်တယ်။ အခုဒီလထဲမှာလည်း ဇာတ်ကားတွေ ဆက်ရိုက်ဖို့ စီစဉ်ထားပါတယ်။ နယူးရီးယားကတော့ အနုပညာ အလုပ်တွေ လုပ်ရင်းနဲ့ပဲ ဖြတ်သန်းသွားဖို့ စီစဉ်ထားပါတယ်။ သွန်းဆက် မတူကွဲပြားတဲ့ ဇာတ်ကောင် စရိုက်လေးတွေနဲ့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေလည်း ထွက်ဖို့ ရှိပါတယ်။ ပရိသတ်တွေကို အားပေး ကြည့်ရှုပြီး ဝေဖန်ပေးကြပါဦးလို့ ပြောချင်ပါတယ်။

စန္ဒီမြင့်လွင်
ဒီးဒီရဲ့ ‘Queen’ တစ်ကိုယ်တော် တေးစီးရီး ထွက်ဖို့ ရှိပါတယ်။ ဒီစီးရီးထဲမှာ သီချင်းရှစ်ပုဒ် ပါဝင်ပါတယ်။ ဒီအခွေလေးမှာ သီချင်းအပုဒ်တိုင်းကို အကောင်းဆုံး ကြိုးစား သီဆိုထားသလို သီချင်း အဟောင်းတွေရော၊ အသစ်တွေရော ပါပါတယ်။ အခွေထွက်ရှိတဲ့ ဒီဇင်ဘာ ၂၀ ရက်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။ ဒီလထဲမှာ ဖျော်ဖြေပွဲတွေလည်း ဆိုဖို့ လက်ခံထားပါတယ်။ ပြင်ဦးလွင် ပန်းပွဲတော်မှာလည်း သွားဖျော်ဖြေဖို့ ရှိမယ်။ အဲဒီပွဲမှာလည်း ဒီးဒီအခွေကို လက်မှတ်ထိုးပြီး ရောင်းချပေးပါမယ်။ ဖေဖော်ဝါရီ လထဲမှာတော့ ဒီးဒီရဲ့ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲ လုပ်ပါမယ်။ အသေးစိတ် အချက်အလက်တွေကို ဇန်နဝါရီလမှာ ကြေညာပေးသွားပါမယ်။

Most Read

Most Recent