စတော့ရှယ်ယာများ ဝယ်ယူခွင့်ကို နိုင်ငံခြားသား ဝယ်ယူခွင့်မရှိဘဲ နိုင်ငံသားများသာ ဝယ်ယူခွင့်ရှိမည်

စတော့ရှယ်ယာများ ဝယ်ယူခွင့်ကို နိုင်ငံခြားသား ဝယ်ယူခွင့်မရှိဘဲ နိုင်ငံသားများသာ ဝယ်ယူခွင့်ရှိမည်
Published 10 December 2015
သက်ထား၊ အေးမြတ်မွန်

မြန်မာ့ပထမဆုံး ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာများ ဝယ်ယူခွင့်ကို နိုင်ငံခြားသား ဝယ်ယူခွင့်မရှိဘဲ နိုင်ငံသားများသာ ဝယ်ယူခွင့်ရှိမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။“အခုလက်ရှိဥပဒေအရ ရှယ်ယာ ထုတ်ရောင်းတဲ့အခါမှာ နိုင်ငံခြားသားက ရှယ်ယာတစ်ခုပဲ ဝယ်တယ်ဆိုရင်တောင် ကုမ္ပဏီက နိုင်ငံခြားသားပိုင်တဲ့ သဘောမျိုးဖြစ်သွားတာကြောင့် ဝယ်ယူခွင့် မပေးသေးဘူး။ ဥပဒေကို ပြင်ဆင်ပြီးတဲ့အခါမှသာ နိုင်ငံခြားသား ဝယ်ယူချင်တယ်ဆိုရင် ရာခိုင်နှုန်း အကန့်အသတ်နဲ့ပဲ ဝယ်ယူခွင့်ရှိမယ်”ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ရှယ်ယာဝယ်ယူရာတွင် နိုင်ငံသားဝယ်ယူခွင့်ကိုမူ ရှယ်ယာအစုပေါင်း ဝယ်ယူခွင့် ကန့်သတ်ထားမည်မဟုတ်ကြောင်း သိရသည်။လက်ရှိတွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကို အသစ်ပြန်လည် ရေဆွဲနေပြီဖြစ်ကာ မကြာမီတွင် ဥပဒေသစ်ကို ပြဋ္ဌာန်း နိုင်မည်ဖြစ်ကာ ဥပဒေအသစ် ပြဌာန်းပြီးချိန်တွင် နိုင်ငံခြားသားပိုင် အစုရှယ်ယာများ ပါဝင်သည့် ဖက်စပ်ကုမ္ပဏီများကို စာရင်းဝင် ကုမ္ပဏီများအဖြစ် ရန်ကုန်စတော့အိတ်ချိန်းတွင် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။“အခုလောလောဆယ် ပြည်တွင်းကုမ္ပဏီနဲ့ပဲ စသွားမယ်။ သူတို့ကိုပဲ ဦးစားပေးမယ်။ နောက်ပိုင်းမှာ အရင်းအနှီး ဈေးကွက်အထိ ထိုးတင်ဖို့ဆိုရင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံဖို့အထိ အစီစဉ်ရှိတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ထိုသို့ နိုင်ငံခြားသားပိုင် အစုရှယ်ယာများ ပါဝင်သည့် ဖက်စပ်ကုမ္ပဏီများကို စာရင်းဝင် ကုမ္ပဏီများအဖြစ် လက်ခံကာ ရှယ်ယာများ ရောင်းချနိုင်ပါက အာဆီယံအဖွဲ့နိုင်ငံများကြား နယ်စပ်ဖြတ်ကျော် အပြန်အလှန် စာရင်းဝင်ကုမ္ပဏီများအဖြစ် သတ်မှတ်ပြီး လဲလှယ် ရောင်းဝယ်သည့် လုပ်ငန်းများ၊ ငွေတိုက်လက်မှတ်များ၊ ငွေတိုက်စာချုပ်များ၊ ငွေချေးစာချုပ်များ၊ ဒီဘင်ချာများ စသည့် ငွေချေးသက်သေခံလက်မှတ်များကို ရန်ကုန် စတော့အိတ်ချိန်းတွင် လဲလှယ် ရောင်းဝယ် နိုင်သည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကပြောကြားသည်။စတော့အိတ်ချိန်းဝင် အများပိုင်ကုမ္ပဏီများ၏ရှယ်ယာများ စတင်ရောင်းချရန်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကုန်၊ မတ်လဆန်း မှသာ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။             

Most Read

Most Recent