လူထုကြားထဲက ကြားခံ မီဒီယာတစ်ခု အသွင် ဆောင်လာတဲ့ သတင်း ကာတွန်းများ

လူထုကြားထဲက ကြားခံ မီဒီယာတစ်ခု အသွင် ဆောင်လာတဲ့ သတင်း ကာတွန်းများ
Published 9 December 2015
လင်းလင်းခိုင်

ကာတွန်းကို မြန်မာ အဘိဓာန်မှာတော့ ‘ရယ်ရွှင်ဖွယ် ဖြစ်အောင် အချိုးအစား ပြောင်း လဲ ရေးဆွဲထားသော ရုပ်ပုံ’ လို့ အဓိပ္ပာယ် ဖွင့်ဆို ထားပါတယ်။ ကမ္ဘာ့ ပန်းချီခေတ်ဦးမှာတော့ ပန်းချီဆွဲဖို့ အခြေခံ မျဉ်းကြောင်း လျာထား ရေးဆွဲတာကို ကာတွန်း ရေးဆွဲတာလို့ ခေါ်ဆိုကြတယ်လို့ မှတ်သားခဲ့ဖူး ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာတွန်းကတော့ ၁၉၁၄ ခုနှစ် ရန်ကုန်တိုင်း နာတာလူး အထူးစာစောင်မှာ ပါဝင်တဲ့ မီးရထား အရာရှိ မစ္စတာ မာတင်ဂျုံးရဲ့ ကာတွန်းဖြစ်တယ် လို့ သိရပါတယ်။ ၁၉၁၅ ခုနှစ် မှာတော့ ပထမဆုံး မြန်မာ ကာတွန်းဆရာကြီး ဦးဘကလေး က စလို့ ကာတွန်းပညာရှင်တွေ များစွာ ပေါ်ပေါက်လာခဲ့ ပါတယ်။ ကာတွန်း အမျိုးအစား များစွာရှိတဲ့ အထဲက လူထုကြားထဲက သတင်း အချက်အလက်တွေ၊ အဖြစ်အ ပျက် အကြောင်းအရာတွေကို အများဆုံး ထုတ်ဖော ်ပြသနိုင်တဲ့ ကာတွန်းအမျိုးအစား တစ်ခုကတော့ သတင်း ကာတွန်းလို့ ခေါ်ဆိုကြတဲ့ editorial ကာတွန်းတွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေကြားက နာကျင်မှုတွေ၊ ဆင်းရဲဒုက္ခတွေ၊ အခက်အခဲတွေကို သတင်း ကာတွန်းတွေ က တစ်ဆင့် ကိုယ်စားပြု တင်ပြလာတာ ဖြစ်တဲ့ အတွက် ကြားခံ မီဒီယာတစ်ခု အသွင်ဆောင် လာတယ်လို့ ဆိုရမှာပါ။
သတင်း ကာတွန်းတွေက အရင် နှစ်ပေါင်းများစွာ ကတည်းက နေ့စဉ်ထုတ် သတင်းစာတွေမှာ လက်ရိ ှဖြစ်ပျက်နေတဲ့ မျက်မှောက်ခေတ် အခြေအနေ အဖြစ်အပျက်တွေကို ပြည်သူတွေ သိရှိနိုင်ဖို့ အတွက် ရေးသား ထောက်ပြတာ၊ သရော်စာ နဲ့ ဝေဖန် အကြံပြုတာ စတဲ့ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ရပ်အနေနဲ့ပါ ဝင်ခဲ့ပါတယ်။ ခေတ်စနစ် အခြေအနေတွေကြောင့် သတင်း ကာတွန်းတွေရဲ့ အခန်းကဏ္ဍ က ဆယ်စုနှစ် တစ်ခုကျော် မှေးမှိန်သွားခဲ့ပေမယ့် ၂၀၀၉ ခုနှစ ်ဝန်းကျင်မှာတော့ သတင်း မီဒီယာတွေမှာ ရွေးချယ် ဖော်ပြမှု များပြားရာကနေ သတင်း ကာတွန်းတွေရဲ့အခန်းကဏ္ဍ ပြန်လည် ကျယ်ပြန့်လာတယ် လို့ ဆိုရမှာပါ။ ဒီလို သတင်းကာတွန်းရဲ့ အခန်းကဏ္ဍကို “၁၉၇၀ ပြည့်နှစ် ဝန်းကျင်မှာ မန္တလေး ဟံသာဝတီ သတင်းစာ တစ်ခေတ်ကို ဖြတ်သန်းခဲ့ရ ပါ တယ်။ အဲဒီ အချိန်က ကျွန်တော်တို့ ကာတွန်း တွေက ရွေးချယ် ဖော်ပြခံရတာတော့ မဟုတ်သေးဘူးပေါ့လေ။ အဲဒီ သတင်းစာမှာ ပါတဲ့ ကာတွန်းတွေကို နေ့စဉ် တခုတ်တရ စောင့်ဖတ်ခဲ့ရတယ်။ သတင်း ကာတွန်းခေတ် ဆိုတာ ဖြစ်ခဲ့တာကိုး။ အဲဒီလောက်ထိ သတင်းကာတွန်းဆိုတာ ကျယ်ပြန်ခဲ့ဖူးပါတယ်” လို့ ကာတွန်း အော်ပီကျယ် က ဆိုပါတယ်။
၂၀၀၉ ခုနှစ ်ဝန်းကျင် ကာလက စတင်ပြီး သတင်းမီဒီယာတွေမှာ သတင်းကာတွန်းတွေကို နေရာပေး ဖော်ပြလာခဲ့ရာကနေ သတင်း ကာတွန်းတွေရဲ့အခန်းကဏ္ဍက ပိုမို ကျယ်ပြန့် လာခဲ့ပါတယ်။ ဝါရင့် ကာတွန်း ကလောင်ရှင်တွေ သာမကဘဲ မျက်နှာသစ် ကာတွန်း ဝါသနာရှင်တွေလည်း သတင်း ကာတွန်း စာမျက် နှာသစ်မှာ ပါဝင် ရေးသားလာကြပြီး ကာတွန်းပညာရှင် မျိုးဆက်သစ်များစွာ ပေါ်ထွက်လာ စေခဲ့တယ် လို့ ဆိုရမှာပါ။ ဒီနေ့ အချိန်မှာတော့ လက်ရ လူထုကြားထဲက အခက်အခဲတွေ၊ ဒုက္ခတွေကို အမြန်ဆုံးနဲ့ ထိရောက်မှု ရှိတဲ့ ကြားခံမီဒီယာ တစ်ခု အဖြစ် သတင်း ကာတွန်းတွေ က ရပ်တည်လို့ နေပါတယ်။
“သတင်း ကာတွန်းတစ်ပုဒ်ရဲ့တန်ဖိုးက တော်တော် အရေးပါ ပါတယ်။ ကျစ်ကျစ်လျစ်လျစ်နဲ့ ဖော်ပြချင်တာကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ဖော်ပြရတာ ဖြစ်တဲ့ အတွက် သတင်း ကာတွန်းဆရာ တစ်ယောက်ရဲ့ ဖန်တီးမှု အပိုင်းကလည်း မလွယ်ကူလှပါဘူး။ သတင်း ကာတွန်းရေးတဲ့သူက သတင်း အယ်ဒီတာ တစ်ယောက်လောက် တတ်ကျွမ်းရမယ်။ နိုင်ငံရေးသမား တစ်ယောက်လောက်လည်း သိရမယ်။ လူထုကြားထဲက အခြေခံ အချက်အလက် အားလုံးကို သိဖို့လည်း လိုအပ်နေပါတယ်” လို့ သတင်း ကာတွန်းရေးသားသူတစ်ယောက် ဖြစ်တဲ့ ကာတွန်း ကျော်သူရိန် က ဆိုပါတယ်။
သတင်း ကာတွန်းတွေရဲ့ အခန်းကဏ္ဍ က ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ရရှိချိန်မှာတော့ ပိုမို မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ပုဂ္ဂလိက သတင်းစာတွေမှာ ပါဝင်တဲ့ သတင်း ကာတွန်းတွေက လူထုကြားက အခြေအနေ အဖြစ်အပျက်တွေကို ထိမိစွာနဲ့ မီးမောင်းထိုးပြနေတယ်လို့ ဆိုရမှာပါ။ သတင်း ကာတွန်းတစ်ကွက် ဖတ်ရရုံနဲ့ တစိမ့်စိမ့်တွေးပြီး ပြုံးရတာ၊ ကျေနပ်ရတာတွေလည်း အများကြီးပါပဲ။ သတင်းကာတွန်းတွေရဲ့အခန်းကဏ္ဍ ကျယ်ပြန့်လာတာနဲ့ အတူ သတင်းကာတွန်း ဆရာများစွာလည်း ပေါ်ထွက်လို့ လာပါတယ်။
“သတင်း ကာတွန်းတွေက နှစ်အတန်ကြာ တိမ်မြုပ်သွားခဲ့ပြီးမှ အခုလို အခွင့်အလမ်းတွေ ပြန်ပေါ်လာတဲ့အခါ မျိုးဆက်သစ်တွေ အတွက်တော့ အင်မတန် ကောင်းတယ်လို့ ဆိုရမှာပါ။ ၁၀ စုနှစ်တိုင်းမှာတော့ ဘယ်နယ်ပယ် မှာမဆို မျိုးဆက်သစ်ဆိုတာ ပေါ်လာစမြဲပါ။ ဒါကြောင့် အခုလို သတင်းကာတွန်းတွေရဲ့ အခန်းကဏ္ဍ ကျယ်ပြန့်လာတာက အခွင့်အလမ်းကောင်း တစ်ခုလို့ ဆိုနိုင်ပါတယ်” လို့ သတင်းကာတွန်းတွေ ကျယ်ပြန့်လာတာနဲ့ ပတ်သက်ပြီး ကာတွန်း အော်ပီကျယ် က ဆိုပါတယ်။
သတင်းကာတွန်း ရေးသားသူတွေ လိုက်နာရမယ့် ကျင့်ဝတ်နဲ့ ပတ်သက်လို့လည်း “ သတင်း ကာတွန်း ရေးသားဖော်ပြရာမှာ စာနဲ့ ရေးထားတဲ့ ကျင့်ဝတ် ဆိုတာမျိုးထက် ရှေးအစဉ်အဆက် ကတည်းက လိုက်နာကျင့်သုံးဖို့ လိုအပ်တဲ့ ကျင့်ဝတ်ဆိုတာမျိုးတွေ ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကို နောက်ပြောင်တာမျိုး၊ မွေးရာပါ မသန်စွမ်းသူကို နောက်ပြောင်တာမျိုးတွေ ကို ကာတွန်း ကျင့်ဝတ်အရ မရေးသားအပ်ပါ ဘူး” လို့ ဝါရင့်ကာတွန်းဆရာကြီး တစ်ဦးက ရှင်းပြခဲ့ပါတယ်။
ပြောင်မြောက်တဲ့ သတင်းကာတွန်းတွေ ထွက်ပေါ်လာရာမှာလည်း ရွေးချယ် ဖော်ပြတဲ့ သတင်း အယ်ဒီတာတွေရဲ့ အခန်းကဏ္ဍက အရေးပါတဲ့ နေရာတစ်ခုမှာ ရှိနေပါတယ်။ လက်ရှိအခြေအနေနဲ့ လိုက်ဖက်တဲ့ သတင်းကာတွန်းကို ရွေးချယ် ဖော်ပြနိုင်ဖို့၊ စာမျက်နှာ အနေအထားအရ ရွေးချယ်နိုင်ဖို့ ဆိုတာက လည်း သတင်းကာတွန်းတွေရဲ့ အနှစ်သာရကို ပိုမို ထင်ရှား အသက်ဝင်စေပါတယ်။ ဒီအတွက် သတင်းကာတွန်းကို ရွေးချယ် ဖော်ပြတဲ့သတင်း အယ်ဒီတာတွေရဲ့ အရေးပါမှုကို “ အယ်ဒီတာ တွေရဲ့ ရွေးချယ်မှုက တကယ်ကို အရေးပါ ပါတယ်။ ကာတွန်းကို တကယ် စိတ်ပါဝင်စားပြီး ရွေးချယ်နိုင်တဲ့ သတင်း အယ်ဒီတာဖြစ်ဖို့ လိုပါတယ်။ ကာတွန်းကို သတင်းရဲ့ အင်္ဂါရပ်တစ်ခု အဖြစ် ဖော်ပြပေးနိုင်ရပါမယ်” လို့ ဝါရင့် ကာ တွန်းဆရာကြီး တစ်ဦးက သုံးသပ်ခဲ့ ပါတယ်။
သတင်း ကာတွန်းတွေရဲ့အခန်းကဏ္ဍက စာမျက်နှာတွေထက်တင် မကပါဘူး။ အင်တာနက် စာမျက်နှာတွေထက်မှာလည်း သတင်းကာတွန်းတွေ ပျံ့နှံ့လာသလို ကာတွန်း ပြပွဲတွေ၊ ကာတွန်း မီးထွန်းပွဲတွေ ပြုလုပ်ပြီး သတင်းကာတွန်းတွေ ပြသတာ၊ ဖတ်ရှုကြတာတွေကိုပါ ပြုလုပ်မှု များပြား လာခဲ့ပါတယ်။ သတင်း ကာတွန်းတွေ ပြန်လည် နေရာရလာတာ အခုဆိုရင် ခြောက်နှစ်တာ ကာလကျော်လွန်လို့ လာပါပြီ။ သတင်းကာတွန်းတွေရဲ့ အရည်အသွေးနဲ့ အရေးပါမှု ကဏ္ဍကလည်း ပိုမို မြင့်တက်လာတယ်လို့ ဆိုနိုင်ပါတယ်။ လူထု ကြားထဲက ကြားခံမီဒီယာတစ်ခု အသွင် ဆောင်လာတဲ့ သတင်းကာတွန်းတွေရဲ့ အခန်း ကဏ္ဍက အများပြည်သူကို ကိုယ်စားပြုတဲ့ အနုပညာ ကဏ္ဍတစ်ခု အဖြစ် ရပ်တည်နေတယ် ဆိုတာ မမှားပါဘူးဆိုတာ တင်ပြရင်း . . .
 

Most Read

Most Recent