ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စိုင်ခြုံကျေးရွာအနီးတွင် ဒီဇင်ဘာ ၄ ရက် နံနက် ၅ နာရီခန့်က ရွှံ့မီးတောင်ငယ် တစ်လုံး ပေါက်ကွဲဖြစ်ပွားခဲ့ကြောင်းနှင့် ပေါက်ကွဲရာတွင် ချော်ရည်များ ပန်းထွက်ခြင်းမရှိသလို ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။အဆိုပါဒေသသည် ကျောက်ဖြူမြို့ အရှေ့ဘက် လေးမိုင်ခန့်အကွာတွင် တည်ရှိပြီး မီးတောင်ပေါက်ကွဲသောနေရာမှာ ရွာနှင့် တစ်မိုင်ခန့်သာ ဝေးကြောင်း၊ ၁၅ မိနစ်ခန့် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်းနှင့် ယင်းမီးတောင်အား ဒေသခံများက နဂါးကြီးမီးတောင်ဟု ခေါ်ဆိုလေ့ရှိကြောင်း သိရသည်။“ပေါက်ကွဲသံတွေ ကြားရတော့ မီးတောင်ပေါက်ပြီဆိုတာ သိတယ်။ အနီးကိုတော့ သွားမကြည့်ရဲကြဘူး။ အသံတိတ်သွားပြီး မိုးလင်းမှ သွားကြည့်ကြတယ်။ ချော်ရည်တွေကတော့ စီးကျအောင်အထိ ထွက်တာ မတွေ့ရဘူး။ ထိခိုက်မှုလည်း မရှိဘူး”ဟု လည်း စိုင်ခြုံကျေးရွာမှ ဦးသန်းနိုင်က ပြောကြားသည်။“မီးတောင်က မပေါက်တာကြာပြီ။ ဒီနေ့မနက်မှာ မိုးကြိုးပစ်သလို အသံကြားရတယ်။ ပေါက်ကွဲတာကတော့ ၁၅ မိနစ်လောက် ကြာပါမယ်။ ပျက်စီးတာတော့ မရှိဘူး။ ကျွဲနွားတွေလည်း အသေအပျောက် မရှိဘူး။ စပါးခင်းတွေနဲ့လည်း ဝေးပါတယ်” ဟု စိုင်ခြုံကျေးရွာသားတစ်ဦးက ဆိုသည်။အဆိုပါ နဂါးကြီးမီးတောင်သည် ၁၀ နှစ်ဝန်းကျင်ခန့်တွင် တစ်ကြိမ်စီ ပေါက်ကွဲလေ့ရှိပြီး ယခု ပေါက်ကွဲမှုမှာ ယခင် ပေါက်ကွဲခဲ့မှုများလောက် မပြင်းထန်ခဲ့ကြောင်း၊ ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူမြို့နယ်အပိုင် စိုင်ခြုံ ကျေးရွာ၏ အရှေ့ဘက်တွင် ရွှံ့မီးတောင် ၁၀ လုံးရှိပြီး ၎င်းမီးတောင်များမှာ နဂါးကြီး၊ အောက်သားနဂါး၊ ဝက်အင်းနဂါး၊ နဂါးစောက်၊ မာန်အောင်သမနဂါး၊ သပြေတောနဂါး၊ ကိုးပေါက်နဂါး၊ ပန်းယင်နဂါး၊ ဆိတ် ကျနဂါး၊ ဖက်သန်းပင်နဂါးတို့ ဖြစ်သည်။၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ကလည်း ရခိုင်ပြည်နယ်တွင် အင်အားအသင့်အတင့် ပြင်းထန်သော ငလျင်တခု လှုပ်ခတ်ခဲ့သဖြင့် မာန်အောင်ကျွန်းနှင့် ရဲကျွန်းတစ်ဝိုက်တွင် တည်ရှိသော ရွှံ့မီးတောင် ကိုးလုံး ပေါက်ကွဲခဲ့သည်။၂၀၁၄ ခုနှစ် သြဂုတ် ၃၁ ရက် ညနေ ၅ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကျောက်ဖြူမြို့နယ် ရှောက်ချောင်းကျေးရွာအနီးရှိ (ဒေသအခေါ်) သူပုန်နဂါးမီးတောင်မှာ လွန်ခဲ့သည့် နှစ်လေးဆယ်ကျော်ခန့်က ပေါက်ကွဲပြီးနောက် ငြိမ်သက်နေရာမှ ပြန်လည်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။အဆိုပါ မီးတောင် စတင်ပေါက်ကွဲချိန်၌ ကျယ်လောင်သောအသံများ ထွက်ပေါ်လာကာ မီးတောင်ထိပ်ဝမှာ မီးတောက်များ ပေ ၅၀ နီးပါးအထိ မြင့်တက်ခဲ့ပြီး မိနစ်ပိုင်းအတွင်း ချော်ရည်ပူများ ကျဆင်းလာခဲ့သည်။















