ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြော ပိတ်ဆို့မှု များပြားလာသည့်အတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်အင်အားကို တိုးမြှင့်ထားကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်စီးရေအချိုးနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်အင်အား မလောက်ငှမှုကြောင့် ယာဉ်ကြော ရှုပ်ထွေးသည့် နေရာများတွင် ပိုမိုနေရာချထားရန်အတွက် နေပြည်တော်မှ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များကို ရန်ကုန်သို့ တာဝန်ထမ်းဆောင်ရန် ပို့ဆောင်ထားကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့(ခွဲ)မှူး ဒုရဲမှူးကြီးအောင်ကိုဦးထံမှ သိရသည်။၎င်းက “ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေကတော့ ထပ်ရောက်လာတာ ရှိပါတယ်။ နေပြည်တော်က တပ်ဖွဲ့မှူးကနေပြီးတော့ ကျွန်တော်တို့ ရန်ကုန်ကို အင်အားတိုးပြီး ဖြည့်ပေးမယ်။ ဝန်ကြီးကိုလည်း တင်ပြပေးမယ်ဆိုပြီး ပြောထားတာ ရှိတော့ အခု တဖွဲဖွဲတော့ ရောက်နေပါပြီ။ အခု ရန်ကုန် တစ်တိုင်းလုံး ယာဉ်ထိန်းရဲ အင်အား ၁၁၀၀ ကျော် ရှိပါတယ်” ဟု ဒီဇင်ဘာ ၃ ရက်က ပြောကြားသည်။ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေ့စဉ် သွားလာနေသည့် ယာဉ်အစီးရေမှာ လေးသိန်းကျော်ခန့်ရှိပြီး ယာဉ်ကြော ရှုပ်ထွေးမှုကို ဖြေရှင်းနိုင်ရန်အတွက် ခုံးကျော်တံတားများ တည်ဆောက်ခဲ့သော်လည်း လက်ရှိ အနေအထားအရ ယာဉ်ကြော ကျပ်တည်းမှုကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။ထို့အပြင် လက်ရှိ တည်ဆောက်နေဆဲ ခုံးကျော်တံတား စီမံကိန်း နေရာများတွင် ယာဉ်ကြော ပိတ်ဆို့မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေဆဲ ဖြစ်သဖြင့် ယင်းနေရာများအား ဦးစားပေးကာ ယာဉ်ကြော ရှင်းလင်းရေး လုပ်ဆောင်နေကြောင်းလည်း ဒုရဲမှူးကြီးအောင်ကိုဦးက ဆက်လက် ပြောကြားသည်။“အဓိကထားပြီး ယာဉ်ကြောရှင်းလင်းတာက ခုံးကျော်တံတား ဆောက်နေတဲ့ နေရာတွေမှာ အဓိကထား ရှင်းလင်းပါတယ်။ နောက်ပြီး စည်ပင်နယ်နိမိတ်တွေရယ်။ ပြည်လမ်းမကြီး တစ်လျှောက်ရယ်။ ကမ္ဘာအေး လမ်းမကြီး တစ်လျှောက်ရယ်။ ယာဉ်ကြော ရှုပ်ထွေးမှုများတဲ့ အဓိက လမ်းမကြီးတွေမှာ အဓိကထားပြီး ယာဉ်ကြော ရှင်းလင်းပေးနေပါတယ်” ဟု ၎င်းက ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြော ပိတ်ဆို့မှု များလာသည့်အတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ထားပြီး ခုံးကျော်တံတား စီမံကိန်း နေရာများကို ဦးစားပေး ယာဉ်ကြော ရှင်းလင်းနေဟုဆို















