မြေပြိုမှုများကြောင့် ယာယီ စာသင်ကျောင်းများတွင် သင်ကြားနေရသော မော်ချီးသတ္တုတွင်း ဒေသခံကျောင်းသား၊ ကျောင်းသူများ စာသင်ကြားရန် ခက်ခဲမှုရှိနေသဖြင့် ကျောင်းများအမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရန် လက်မှတ်ရေးထိုး တောင်းဆိုသွားမည်

မြေပြိုမှုများကြောင့် ယာယီ စာသင်ကျောင်းများတွင် သင်ကြားနေရသော မော်ချီးသတ္တုတွင်း ဒေသခံကျောင်းသား၊ ကျောင်းသူများ စာသင်ကြားရန် ခက်ခဲမှုရှိနေသဖြင့် ကျောင်းများအမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရန် လက်မှတ်ရေးထိုး တောင်းဆိုသွားမည်
Published 2 December 2015
မခိုင်(လွိုင်ကော်)

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်း ဒေသတွင် မြေပြိုမှုများကြောင့် ယာယီ စာသင်ကျောင်းများတွင် သင်ကြားနေရသော ကျောင်းသား ကျောင်းသူများ ခက်ခဲမှုများရှိနေသဖြင့် ကျောင်းများ အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရန် လက်မှတ်ရေးထိုး စုဆောင်းမှု ပြုလုပ်ကာ ဖားဆောင်း ပညာရေးမှူးထံသို့ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း ဒေသခံများနှင့် လူမှုရေးအသင်း အဖွဲ့များထံမှ သိရသည်။မော်ချီး သတ္တုတွင်းဒေသတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်တွင် မိုးအဆက်မပြတ် ရွာသွန်းသဖြင့် မြေပြိုမှုများကြောင့် တောင်ပေါ်နှင့် ၁၃ ကုန်းရှိ ကျောင်းများမှာ အရေးပေါ် ပိတ်ထားပြီး ကျောင်းသား၊ ကျောင်းသူများမှာ ယာယီ စာသင်ကျောင်းများတွင် သင်ကြားနေရသည်မှာ ခက်ခဲမှုများ ရှိနေသဖြင့် ထိုကဲ့သို့ တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။“တာင်ပေါ် မူလွန်ကျောင်းက ကလေးတွေက လိုခါးလိုမှာဖွင့်ထားတဲ့ ယာယီစာသင်ကျောင်းမှာ သွားတက်ရတယ်။ ခုဒီယာယီ ကျောင်းဖွင့်နေတုန်း နိုဝင်ဘာ ၃၀ ရက်က မိုးရွာတော့ လေနည်းနည်းပါတယ်။ တောင်ပေါ် ဘောလုံးကွင်းမှာရှိတဲ့ ယာယီကျောင်း အမိုးတွေ ပြုတ်ကျကုန်တယ်။ ကလေးတွေက မိုးရွာတော့ ရှောင်နေချိန်မို့ တစ်ယောက်မှ မထိခိုက်ဘူး တော်သေးတယ်။ ယာယီကျောင်းက အကာမရှိဘူး။ ဒါတောင် လူမှုရေးအသင်းက ဆောက်ထားတာ။ နေပူရင်လည်း ကွင်းထဲ မှာမို့ ကလေးတွေ အကာမရှိနဲ့ ပူကြတယ်။ ၁၃ ကုန်းကျောင်းဆို ပညာရှင်တွေ လာစစ်တယ်။ အန္တရာယ် မရှိနိုင်ဘူးလို့ ပြောသွားတယ်။ ကျောင်းတက်လို့ ရတယ်လို့ သိရတယ်။ သူတို့ စစ်ဆေးချက်တွေကို အုပ်ချုပ်ရေးအဖွဲ့ လက်ထဲ ရှိတယ်ပြောပေမယ့် ခုထိ ဘာမှမပြောပြကြဘူး။ ကုမ္ပဏီက ပေးမဖွင့်သေးဘူး။ ၁၃ ကုန်းကလေးတွေက အိမ်တွေမှာ သင်ပေးနေရတယ်။ မော်ချီးက အိမ်တွေ ဆိုတာကလည်း ခပ်ကျဉ်းကျဉ်း ရတယ်လေ”ဟု လက်မှတ်ထိုးရာတွင် ဦးဆောင်သူကို အာရုဏ်ဦးက ဆိုသည်။ထိုကဲ့သို့ ကလေးများအား သင့်တော်ရာ ကျောင်းများ သွားတက်ရန် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက ပြောသော်လည်း ၁၃ ကုန်းရှိကလေးများနှင့် အနီးဆုံးကျောင်းမှာ တစ်မိုင်ခွဲခန့် ခြေကျင်လျှောက်ရသဖြင့် မိဘများမှာ စိုးရိမ်လျက်ရှိကြောင်း သိရသည်။“လေးတန်း မိန်းကလေးလေးယောက် အတူမနက် ဘူလိုဘာဘက် ကျောင်းသွားတက်တာကို စိတ်မပူဘူး။ ညနေအပြန်ကို စိတ်ပူတာ။သူတို့ပြန်လာတယ် အသံကြားမှ စိတ်ဖြောင့်ဖြောင့် နေနိုင်တော့တယ်။ ကျောင်းအမြန်ဆုံး ဖွင့်ဖို့ လက်မှတ်ထိုး ပေးလိုက်တယ်။ကိုယ့်မျက်စိရှေ့မှာပဲ ကိုယ့်ကလေး ကျောင်းတက်တာမြင်ချင်တယ်”ဟု ၁၃ ကုန်းရှိ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည် ။ထိုသို့ ကျောင်းများ ပိတ်ထားခြင်းကြောင့် ငွေကြေးအဆင်ပြေသော အချို့မိဘများမှာ အခြားမြို့ရွာများသို့ ကျောင်းအိပ်ကျောင်းစား သွားရောက်ပို့ဆောင်ကြပြီး ပိတ်ထားသော ကျောင်းနှစ်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်းမှာ  ၅၀၀ ခန့် ရှိသည်ဟု သိရသည်။                          

Most Read

Most Recent