တပ်မတော် သင်ရိုးညွှန်းတမ်းများတွင် ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှုများမှ ကာကွယ်နိုင်သည့် အကြောင်းများ ထည့်သွင်းရန် CTFMR မှ တိုက်တွန်းထားကြောင်း သိရသည်။လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာနေရာများတွင် ကလေးစစ်သားများ ပါဝင်နေခြင်းကို ရပ်တန့်ရန် မြန်မာအစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ကလေးသူငယ် အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား စောင့်ကြပ်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့ (CTFMR)တို့ ဆက်လက် လုပ်ဆောင်လျက်ရှိပြီး CTFMR ၏တာဝန်မှာ စောင့်ကြပ်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး အစီအမံ တည်ထောင်ရန်ဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခတွင် ကလေးသူငယ်များကို တပ်သားအဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုခြင်း အပါအဝင် ကလေးသူငယ် အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား မှတ်တမ်းပြုစုခြင်း၊ စစ်ဆေးအတည်ပြုခြင်းနှင့် လုံခြုံရေးကောင်စီသို့ အစီရင်ခံ တင်ပြခြင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ CTFMR ကို မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် ညှိနှိုင်းရေးမှူးနှင့် ယူနီဆက် မြန်မာဌာနေ ကိုယ်စားလှယ်တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူထားပြီး CTFMR အဖွဲ့တွင် ILO, UNDP, UNFPA, UNHCR, UNICEF, UNOCHA, UNRC / HC Office, WFPUNHCR, UNDP, WFP စသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ Save the Children တို့ ပါဝင်ကြောင်းလည်း သိရသည်။ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ကလေးသူငယ်များအား စစ်သားအဖြစ် စုဆောင်း အသုံးပြုနေဆဲဖြစ်ပြီး ထိုကဲ့သို့ စုဆောင်းမှုများကို အရပ်သားပွဲစားနှင့် အကျိုးဆောင်များမှ တစ်ဆင့် ပြုလုပ်နေကြောင်း၊ လက်နက် ကိုင်အဖွဲ့များတွင် ကလေးသူငယ်များအား တပ်သားအဖြစ် ခေါ်ယူစုဆောင်းခြင်းမှ ကာကွယ်နိုင်ရန် အရပ်သား ပွဲစားများမှ တစ်ဆင့်သော်လည်းကောင်း (သို့) တပ်မတော်သား ကိုယ်တိုင်သော်လည်းကောင်း တပ်သားအဖြစ် ခေါ် ယူစုဆောင်း အသုံးပြုနေခြင်းကို ပြစ်မှုကျူးလွန်ခြင်းဟု သတ်မှတ်ပြီး လိုအပ်သည့် ပြစ်ဒဏ်ပေးမှုများ ပြုလုပ်ရန် အရေးကြီးကြောင်း၊ ကလေးသူငယ်များအား တပ်ပြေးများအဖြစ် စွပ်စွဲပြီး အကျဉ်းချထားခြင်းအပေါ် စိုးရိမ်မိကြောင်း၊ ကလေးများကို ယခင်က တည်းက တပ်သားအဖြစ် ခေါ်ယူစုဆောင်းခြင်း မပြုလုပ်သင့်ကြောင်းနှင့် ကလေးများကို ခေါ်ယူစုဆောင်းနေသူများကိုသာ ဖမ်းဆီးသင့်ပြီး ကလေးများကို မဖမ်းဆီးသင့်ကြောင်း ယူနီဆက်(ဖ်)မှ ထုတ်ပြန်ထားသည်။ ထို့ပြင် ကလေးစစ်သား စုဆောင်းခံရမှုများတွင် အရင်းအမြစ် အမျိုးမျိုးရှိနေရာ စုဆောင်းခံရသည့် ကိစ္စများအနက် အချို့မှာ ဆင်းရဲမွဲတေစွာ အသက်ရှင်နေထိုင်ရခြင်းကြောင့်ဖြစ်ပြီး ဆင်းရဲမှုကို ဖြေရှင်းရန် လက်နက်ကိုင် တပ်ဖွဲ့များသို့ ဝင်ရောက်ကြခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ကလေးငယ်များ၏ အမှန်တကယ် လိုအပ်ချက်မှာ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများပင် ဖြစ်ကြောင်းနှင့် အလုပ်အကိုင်များ ရရှိနေမှသာ ဆင်းရဲမွဲတေမှုကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။ အစိုးရမှ တပ်မတော်တွင် အရွယ်မတိုင်မီ စစ်မှုထမ်းနေသည့် ကလေးသူငယ် ၅၃ ဦး ကို နိုဝင်ဘာ ၃၀ ရက်က ထပ်မံ နှုတ်ထွက်ခွင့် ပြု ခဲ့ပြီး ယခုနှစ်အတွင်း အရွယ်မတိုင်မီ စစ်မှုထမ်းနေသည့် ကလေးသူငယ်ပေါင်း ၁၄၆ ဦးအထိ နုတ်ထွက်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်နေမှုအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း ၊ အဆိုပါစာချုပ်သည် ကလေးသူငယ်များအား တပ်မတော်မှ ခေါ်ယူစုဆောင်း အမှုထမ်းစေခြင်းမှ ကာကွယ်ရာတွင် အားကောင်းလာစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် အခြားသော ပြဋ္ဌာန်းချက်များ အပါအဝင် တပ်မတော်တွင် တပ်သားအဖြစ် ခေါ်ယူစုဆောင်းရာ၌ အနည်းဆုံး အသက် ၁၈ နှစ် ဖြစ်ရမည် ဆိုသည့်ပြဋ္ဌာန်းချက်များကို ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း သိရသည်။
တပ်မတော် သင်ရိုးညွှန်းတမ်းများတွင် ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှုများမှ ကာကွယ်နိုင်သည့် အကြောင်းများ ထည့်သွင်းရန် CTFMR တိုက်တွန်း















