ခေတ်မီကိရိယာများ တပ်ဆင်ထားသည့် ထိုင်းနိုင်ငံမှ ငါးဖမ်းလှေတစ်စင်း မြန်မာ့ ရေပိုင်နက်အတွင်းဝင်ရောက်ကာ မိုင်းခွဲပြီး ငါးဖမ်းဆီးသောကြောင့် တပ်မတော်ရေမှ ပစ်ခတ်ဖမ်းဆီးခဲ့ရ

ခေတ်မီကိရိယာများ တပ်ဆင်ထားသည့် ထိုင်းနိုင်ငံမှ ငါးဖမ်းလှေတစ်စင်း မြန်မာ့ ရေပိုင်နက်အတွင်းဝင်ရောက်ကာ မိုင်းခွဲပြီး ငါးဖမ်းဆီးသောကြောင့် တပ်မတော်ရေမှ ပစ်ခတ်ဖမ်းဆီးခဲ့ရ
Published 2 December 2015
ဇော်မိုးဦး ( မြိတ် )

ခေတ်မီကိရိယာများတပ်ဆင်ထားသည့် ထိုင်းနိုင်ငံမှ ငါးဖမ်းလှေတစ်စင်းသည် မြန်မာ့ ရေပိုင်နက် စူလာကျွန်းအနီးသို့ ဝင်ရောက်ကာ မိုင်းခွဲပြီး ငါးဖမ်းဆီးသောကြောင့် မြန်မာ့ရေ တပ်မှ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံ တောင်ဘက်စွန်း မြိတ်ကျွန်းစုအတွင်းရှိ အနောက်စူရာ ကျွန်းအနီးတွင် ခေတ်မီကိရိယာများ တပ်ဆင်ထားသည့် ငါးမိုင်းခွဲလှေတစ်စင်းအား တပ်မတော်ရေမှ စက်ရေယာဉ် ၅၆၉ က စစ်ဆေးရန် ခေါ်ယူစဉ် လှေဖြင့် ဦးတည်ပြန်လည် တိုက်ခိုက်သောကြောင့် လက်နက်ငယ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
“အဲဒီလှေက ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကနေ နိုဝင်ဘာ ၂၀ ရက်ကတည်းက ထွက်လာတာပါ။ လှေပေါ်မှာ ခေတ်မီ ကိရိယာတွေ တပ်ထားတယ်။ ရေဒါတွေလည်း ပါတယ်။ ရေငုပ်ကျွမ်းကျင်တဲ့ ဆလုံ လူမျိုးတွေကိုလည်း ခေါ်လာတယ်။ လှေကို ဖမ်းဆီးတော့ လှေသားတွေ အားလုံး ပင်လယ်ထဲ ခုန်ချပြီး ထွက်ပြေးဖို့ ကြိုးစားတယ်။ ဧရာဝတီတိုင်း ဒေသကြီးက တစ်ယောက်နဲ့ ထားဝယ်ဘက်က တစ်ယောက်ဖမ်း မိထားတယ်။ကျန်တဲ့ဆလုံတွေနဲ့ လှေသားတွေကိုတော့ လိုက်လံ ရှာဖွေနေပါတယ်။ မြိတ်ဆိပ်ကမ်းကို ဒီဇင်ဘာ ၁ ရက်မှာရောက်ပါတယ် “ဟု တပ်မတော်ရေမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နိုဝင်ဘာ  ၂၆ ရက် ညပိုင်းအချိန်တွင် အနောက်စူလာကျွန်း၏ အနောက်တောင်ဘက်တွင် အရှေ့မှ အနောက်သို့ ခုတ်မောင်းနေသည့် မသင်္ကာဖွယ်ရေဒါ ပစ်မှတ်အား စစ်ရေ ယာဉ် ၅၆၉ မှ ဗိုလ်မှူးဇော်ဦး ခေါင်းဆောင်သောအဖွဲ့မှ စစ်ဆေးရန်အတွက် မီးအချက်ပြ ခေါ်ယူရာ အဆိုပါလှေမှာ စစ်ရေယာဉ် တည့်တည့်သို့ အရှိန်ဖြင့် ခုတ်မောင်းဝင်လာသောကြောင့် ရှောင်တိမ်းကာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရကြောင်း သိရသည်။ လှေပေါ်ပါလာသည့် ငါးမိုင်းခွဲသူများမှာ လှေပေါ်မှ ခုန်ချပြီး ရေငုပ် ထွက်ပြေးသောကြောင့် လိုက်လံ ဆယ်ယူခဲ့ရပြီး နှစ်ဦးအား ဖမ်းဆီးရမိစဉ် လှေမီးလောင်နေသောကြောင့် စစ်ရေယာဉ်မှ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ မိုင်းခွဲလှေ ပေါ်တွင် ပါလာသည့် စနက်တံတပ်ဆင်ပြီး အသင့် ဖောက်ခွဲနိုင်သည့် ယမ်းအိုး ၁၀ လုံးအား မီးမကူးစက်စေရန် ပင်လယ်ထဲ ပစ်ချခဲ့ကြောင်း သိရသည်။ အဆိုပါလှေမှာ မြင်းကောင်ရေ ၃၅၀ အားရှိသည့် NISSAN DIESEK V SHAPE ၁၀ လုံးထိုး ဖြစ်ပြီး အလျား ၇၃ ပေ ၃ လက်မ၊ အနံ ၉ ပေ ၉ လက်မ၊ ရေစူး ၅ ပေခန့်ရှိသည့် သစ်သားကိုယ်ထည် လှေဖြစ်ပြီး ခေတ်မီကိရိယာများ တပ်ဆင်ထားသည့်အပြင် ထိုင်းနိုင်ငံ အလံ တစ်ခုလည်း လှေထဲတွင် ပါလာကြောင်း တာဝန်ရှိသူတစ်ဦးကဆိုသည်။ ဖမ်းဆီးရမိသည့် ငါးမိုင်းခွဲ လှေသားများအား စစ်ဆေးချက်အရ အဆိုပါ လှေမှာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ကိုနော့ဆိုသူ ပိုင်ဆိုင်ပြီး ထိုင်းလူမျိုး အဆင်းဆိုသူမှ ပဲ့နင်း အဖြစ်ဦးစီး၍ ရနောင်းမြို့တွင် နေထိုင်သည့် ဆလုံလူမျိုးသုံးဦး၊ ထားဝယ်တွင် နေထိုင်သည့် မြန်မာနိုင်ငံသားသုံးဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ တစ်ဦး စုစုပေါင်း ရှစ်ဦးလိုက်ပါလာကာ ရနောင်းမှ မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ အရှေ့စူလာ ကျွန်းအနီးတွင် ငါးမိုင်းခွဲခြင်း ဆာင်ရွက် သော်လည်း ငါးအရနည်းသဖြင့် အခြားကျွန်းများအနီးတွင် ငါးမိုင်းခွဲခြင်းများ လုပ်ဆောင်ရန် ထွက်ခွာလာစဉ် အနောက်စူလာကျွန်းမှ အနောက်တောင်ဘက် ၃၅ မိုင်ခန့် အကွာတွင် တပ်မတော်ရေမှ စစ်ရေယာဉ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ လွတ်မြောက်နေသူများတွင်  ထိုင်းနိုင်ငံသားအဆင်းဆိုသူနှင့် ဆလုံ လူမျိုးသုံးဦး၊ ထားဝယ်နှစ်ဦးဖြစ်ပြီး တပ်မတော်ရေမှ လိုက်လံ ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။
မြိတ်ကျွန်းစုအတွင်း ငါးမိုင်းခွဲပြီး ငါးဖမ်းခြင်းကို ဒေသခံ ဆလုံလူမျိုးအချို့လုပ်ဆောင် တတ်သလို ဆလုံလူမျိုးများကို အသုံးချပြီး စီးပွားရေး သမားများက အမြတ်ထုတ်နေမှုများ ရှိနေကြောင်း သိရသည်။

 

Most Read

Most Recent