စမ်းချောင်းမြို့မရဲစခန်းရှေ့ ညစ်ညမ်းစွာ ပြောဆိုပြုမူခြင်း၊ ဘာသာရေးဆိုင်ရာ ထိခိုက်ပြုမူသူအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၂၉၄ (က)၊ ၂၉၅-က၊ ၃၅၃ တို့ဖြင့် ဒီဇင်ဘာ ၁၅ ရက်တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် တရားရုံးမှ စုံစမ်းသိရသည်။ဒီဇင်ဘာ ၁ ရက် ရုံးချိန်းတွင် ညစ်ညမ်းစွာပြောဆိုပြုမူခြင်း၊ ဘာသာရေးဆိုင်ရာ ထိခိုက်ပြုမူသူဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေမှ လျှောက်လဲချက် တင်ခဲ့ကြောင်း သိရသည်။“ဒီနေ့မှာတော့ ကျူးလွန်သူဘက်မှ ရှေ့နေက လျှောက်လဲချက်တင်ခဲ့ပါတယ်။ လာမယ့် ၁၅ ရက်ကို ရုံးပြန်ချိန်းလိုက်ပါတယ်”ဟု စမ်းချောင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ဖြစ်စဉ်မှာ ဇူလိုင် ၂၀ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်တွင် သန်လျင်မြို့နယ်နေ ကိုခင်မောင်မြင့်သည် စမ်းချောင်းမြို့မရဲစခန်းရှေ့တွင် ပတ်ဝန်းကျင်အား ညစ်ညမ်းစွာဆဲဆိုခြင်း၊ ဘာသာရေးဆိုင်ရာ တံဆိပ်တစ်ခုအား ရိုင်းစိုင်းစွာပြုမူခြင်း၊ ၎င်းအား တားမြစ်သော ရဲတပ်ဖွဲ့ဝင်များ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း စမ်းချောင်းမြို့မရဲစခန်းမှ သိရသည်။ကိုခင်မောင်မြင့်က ယင်းကဲ့သို့ ပြုမူနေခြင်းအတွက် ရဲတပ်ဖွဲ့ဝင်များမှ နံနက် ၉ နာရီခန့်တွင် ရဲစခန်းအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ဆေးမေးမြန်းရာ စိတ်ကျန်းမာရေး ချို့ယွင်းနေသည်ဆိုခြင်းကြောင့် စိတ်ကျန်းမာရေးဆေးရုံကြီး (ရွာသာကြီး)သို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။ထို့ပြင် ကိုခင်မောင်မြင့်သည် ရဲစခန်းရှေ့တွင်ရှိစဉ် ရဲတပ်ဖွဲ့ဝင်များအား ပုဆိုးလှန်ပြပြီး ဘာသာရေးဆိုင်ရာ တံဆိပ်တစ်ခုအား မြေကြီးပေါ်တွင် ရေးခြစ်၍ ဖနောင့်ဖြင့်ပေါက်ခြင်းတို့ပြုလုပ်ခဲ့ကြောင်း စမ်းချောင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
စမ်းချောင်းမြို့မရဲစခန်းရှေ့ ညစ်ညမ်းစွာပြောဆိုခြင်း၊ ဘာသာရေးဆိုင်ရာ ထိခိုက်အောင်ပြောဆို ပြုမူသူအား ဒီဇင်ဘာ ၁၅ ရက် အပြီးသတ်အမိန့်ချမည်















