မျှော်တော်ယောင်

မျှော်တော်ယောင်
Published 22 November 2015
မောင်ကြည်

“မျှော်တော်ယောင် မျှော်တော်ယောင် မျှော်တော်ယောင် ဘဝက လွတ်ချင်ပြီ” အခု ရက်ပိုင်းအတွင်း ငယ်ငယ်တုန်းက ခေတ်စားခဲ့ဖူးသည့် အဲဒီသီချင်းလေးကိုပဲ ကျွန်တော် မကြာခဏ ဆိုနေမိသည်။ ကျွန်တော်တို့ ပြည်သူတွေ မျှော်တော်ယောင်ဘဝက လွတ်ချင်ပါပြီ။ မျှော်ရလွန်းလို့ လည်ပင်းညောင်ရေအိုး ဖြစ်ခဲ့တဲ့ ပြည်သူတွေရဲ့ဘဝမှာ ရွှေပြည်တော် မျှော်တိုင်းဝေးခဲ့တာ ကြာတောင့်ကြာရှည် ကြာခဲ့ပြီ မဟုတ်လား။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များစာရင်းကို ထုတ်ပြန် ကြေညာခဲ့တာလည်း အခုဆိုလျှင် ကုန်သလောက် နီးပါး ရှိနေပါပြီ။ ရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့တာကိုလည်း အားလုံးအသိ၊ တစ်ကမ္ဘာလုံး အသိပင် ဖြစ်ပါသည်။ ပြည်သူမြတ်နိုးသည့် ပါတီကြီးက အနိုင်ရသည့်အတွက် အောင်ပွဲခံပျော်ရွှင်ဖို့ အားယူနေသည့် ပြည်သူတွေနှုတ်ဖျားမှ “ဘယ်တော့ အစိုးရဖွဲ့မှာလဲ။ အာဏာရှင် ဘယ်တော့လွှဲမှာလဲ” ဟူသော စကားသံများကို တဖွဖွ ရေရွတ် မြည်တမ်းနေကြပါ သည်။ ငုံ့လျှိုးလုလု ပြည်သူ့ဦးခေါင်းတွေ တစ်ဖန်ပြန်လည် ဦးမော့လာကြသည်။ ထို့နောက် အနာဂတ်ကို မျှော်ကြည့်ကာ အားတက် ဝမ်းမြောက်နေကြသည်။ သို့နှင့် တစ်ဆက်တည်း မျှော်လင့်ချက်ဖြင့် မျက်လုံးများ ဝင်းလက် တောက်ပလာကြသည်။ အခုဆိုလျှင် ပြည်သူအပေါင်းက လည်တဆန့်ဆန့်နှင့် တစ်စုံတစ်ရာကို မျှော်လင့်နေကြသည်။ ထိုတစ်စုံတစ်ရာကား . . .။
ကျွန်တော်ကတော့ “မျှော်တော်ယောင် မျှော်တော်ယောင် မျှော်တော်ယောင် ဘဝက လွှတ်ချင်ပြီ” သီချင်းကိုပဲ အခေါက်ခေါက် အခါခါ ရေရွတ်နေမိပါသည်။ ထိုသီချင်းကို သတိရမိသည်က အခုတစ်လော သတင်းစာတွေမှာ ရေပန်းစားနေသည့် စကားလုံးတစ်ခုနှင့် ဆက်စပ်ပတ်သက်နေပါသည်။ ထိုစကားလုံးက “ စပ်ကူးမပ်ကူး” ဆိုသော ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အချိန်ကာလတစ်ခုနှင့်တစ်ခု အကူးအပြောင်းကို ရည်ညွှန်းသည့် ဝေါဟာရဖြစ်ပါသည်။ သို့သော် ကျွန်တော်စိတ်ထဲမှာ ဘာကြောင့်ရယ်မသိ။ “စပ်ကူးမပ်ကူး” ဆိုသောစာကားကို ရေရွတ်ရသည်ကပင်  စိတ်ထဲမှာ ကြိမ်လုံး သေးသေးလေးတစ်ခုနှင့် အရိုက်ခံရသလို စပ်ဖျဉ်းဖျဉ်း ဝေဒနာတစ်ခုကို ခံစားလိုက်ရသည်။ ထို့ကြောင့်လည်း “ မျှော်တော်ယောင် မျှော်တော်ယောင် မျှော်တော်ယောင်ဘဝက လွတ်ချင်ပြီ”ကို အကြိမ်ကြိမ်အခါခါ ဆိုမိနေခြင်းဖြစ်ပါသည်။ “စပ်ကူးမပ်ကူး” လို့ နှုတ်ကနေ ရေရွတ်ရသည်ကပင် ငရုတ်သီး အစိမ်းလိုက် ဝါးရသလို ပူစပ်ပူလောင် နိုင်လွန်းလှသည်။ ဓာတ်မတည့်သည့် အစာစားမိလျှင် အရေပြားယားယံပြီး Allergic ဖြစ်သလို ကျွန်တော့်အတွက် အချို့သော ဝေါဟာရတွေကလည်း ဓာတ်မတည့်ခြင်း ဖြစ်စေသလားမသိ။ “စပ်ကူးမပ်ကူး” ကျမှ ကျွန်တော်တွင် Allergic လာဖြစ်နေရသည်။ ခက်ပြီ။
မည်သို့ဆိုစေ ကျွန်တော်အပါအဝင် ပြည်သူတွေ အားလုံး မျှော်တော်ယောင်ဘဝကနေ ကင်းလွတ်စေချင်လှပါပြီ။ အဘယ်ကြောင့်ဆိုသော် ပြည်သူတွေမှာ မျှော်တော်ယောင် ပတ်ပျိုးနဲ့ မိုးစင်စင် လင်းခဲ့ပေါင်းများပါပြီ။ ကျွန်တော်တို့ ဒီမိုကရေစီကို မျှော်ခဲ့ကြသည်။ ကျွန်တော်တို့ တရားမျှတ လွတ်လပ် ခြင်းကို မျှော်ခဲ့ကြသည်၊ ကျွန်တော်တို့ ခေါင်းဆောင်ကောင်းကို မျှော်ခဲ့ကြသည်။ ကျွန်တော်တို့ မျှတသည့် လုပ်ခလစာကို မျှော်ခဲ့ကြသည်။ ကျွန်တော်တို့ အခြေခံ စားသောက်ကုန်ဈေးနှုန်း ကျဆင်းရေးကို မျှော်ခဲ့ကြသည်။ ကျွန်တော်တို့ ဆင်းရဲမွဲတေမှု လျှော့ချရေးကို မျှော်ခဲ့ကြသည်။ ကျွန်တော်တို့ လွတ်လပ်စွာ တောင်းဆိုခွင့်ရဖို့ မျှော်ခဲ့ကြသည်။ ကျွန်တော်တို့ ယာဉ်ကြော ပိတ်ဆို့မှုကင်းကင်းနှင့် သွားလာရ အဆင်ပြေ ချောမွေ့ဖို့ မျှော်ခဲ့ကြသည်။ ကျွန်တော်တို့ မြစ်ချောင်းအင်းအိုင်တွေ ဆက်လက်အသက်ရှည်ဖို့  မျှော်ခဲ့ကြသည်။ ကျွန်တော်တို့ သစ်တောသစ်ပင်တွေ စိမ်းစိုလန်းဆန်းဖို့ မျှော်ခဲ့ကြသည်။ ကျွန်တော်တို့ သဘာ၀ သယံဇာတတွေ မပျောက်ပျက်ဘဲ ရေရှည်တည်တံ့ဖို့ မျှော်ခဲ့ကြသည်။ ကျွန်တော်တို့  သန့်ရှင်းလတ်ဆတ်သည့် လေကို မျှော်ခဲ့ကြသည်။ ကျွန်တော်တို့ သိမ်းဆည်းခံ လယ်မြေတွေ ပြန်ရဖို့ မျှော်ခဲ့ကြသည်။ ကျွန်တော်တို့ အကျဉ်းကျနေသည့် မိဘညီအစ်ကို မောင်ဖွားတွေ ပြန်လွတ်ဖို့ မျှော်ခဲ့ကြသည်။ နောက်ဆုံး ကျွန်တော်တို့ ကိုယ်စိတ်နှလုံး သုံးပါးစလုံးနှင့် မျှော်ခဲ့ကြသည်။ သို့သော် ကျွန်တော်တို့အတွက် အဆိုပါအရာတွေအားလုံး ‘မျှော်တော်ယောင်’အဆင့်မှာသာ ရှိနေကြပါသေးသည်။ ‘မျှော်တော်ယောင်’ဆိုသည့်အတိုင်း မျှော်လင့်ချက် ယောင်ယောင် (ဝါ) မဆိုစလောက် (ဝါ)  မတိမ်းမယိမ်း အဆင့်မှာသာ ရှိနေပါသေးသည်။ မျှော်လင့်ချက် ယောင်ယောင်ကနေ ကိုယ်ထင်ပြလာမည့် မျှော်လင့်ချက်အစစ်ကို မြင်ချင်စမ်းလှပါသည်။ လောလောဆယ်တော့ “မျှော်တော်ယောင် မျှော်တော်ယောင် ဘဝက လွတ်ချင်ပြီ” သီချင်းကို သီဆိုနေရတုန်းပါပဲ။ “ အစိုးရအဖွဲ့သစ်ထံသို့ သတ်မှတ်ချိန်အတွင်း စနစ်တကျ တာဝန်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု မရှိစေရန်နှင့် တည်တည်ငြိမ်ငြိမ်၊ ချောချောမွေ့မွေ့ ဖြစ်စေရန် ဆောင်ရွက်မည်”ဟု လက်ရှိသမ္မတကြီးက နိုဝင်ဘာ ၁၅ ရက်မှာ ပြောကြားသွားပါသည်။ ထို့ပြင် စက်တင်ဘာ ၂၁ ရက်ကလည်း မီဒီယာများနှင့် တွေ့ဆုံစဉ်မှာ “အာဏာပြန်သိမ်းဖို့ အစီအစဉ် လုံးဝမရှိဘူး” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားသည့်အတွက် ပို၍အားတက်လာရပြန်ပါသည်။
မည်သို့ဆိုစေ ပြည်သူတွေက မျှော်တော်ယောင်ပတ်ပျိုးနဲ့ မိုးမလင်းတော့ပါ။ ရေရာသေချာသည့် နေ့ရက်တွေကို ပိုင်ဆိုင်ချင်နေပါပြီ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၆ ဇန်နဝါရီ ၃၁ ရက်မတိုင်မီ လွှတ်တော် ခေါ်ယူပေးရမည်ဖြစ်ပြီး ၂၀၁၆ မတ် ၃၁ ရက် နောက်ဆုံးထား၍ အစိုးရသစ်ထံ အာဏာလွှဲပြောင်း ပေးရမှာကတော့ သေချာပါသည်။ သို့အတွက် ကျွန်တော်တို့ ပြည်သူတွေအနေနှင့် ကြားကာလအဖြစ် ယင်းစပ်ကူးမပ်ကူး လေးလတာကို စိတ်ရှည်သည်းခံစွာ သတိထား စောင့်ကြည့်ရမည့် သဘောမှာ ရှိနေပါ သည်။ အဆိုပါ ကြားကာလ အတွင်းမှာတော့ စပ်ဖျဉ်းဖျဉ်း အရသာကို ခံစားရင်း “မျှော်တော်ယောင် မျှော်တော်ယောင် မျှော်တော်ယောင် ဘဝက လွတ်ချင်ပြီ” သီချင်းကို မဆိုချင်ဘဲ ဆိုနေရဦးမည် ထင်ပါရဲ့ . . .

Most Read

Most Recent