၂၀၁၅ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ကြသည့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဂုဏ်ပြုကြောင်း ကြေညာချက်ထုတ်ပြန်

၂၀၁၅ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ကြသည့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဂုဏ်ပြုကြောင်း ကြေညာချက်ထုတ်ပြန်
Published 10 November 2015
အေးပပ

၂၀၁၅ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား မှတ်တမ်းတင် ဂုဏ်ပြုကြောင်းကြေညာချက်ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက် တွင် ထုတ်ပြန်ခဲ့သည်။အဆိုပါကြေညာချက်၌ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြည်သူများလိုလား တောင့်တနေသည့် နိုင်ငံရေးအပြောင်းအလဲအတွက် အလွန်ပင်အရေးကြီးလှသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပခဲ့ပြီး ဖြစ်ပါသည်။ဤရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများသည် မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာ မဲဆန္ဒပေးနိုင်ခြင်း၊ မဲရုံအသီးသီးတွင် ပြည်တွင်းပြည်ပရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များမှ လွတ်လပ်စွာ လေ့လာခွင့်ရရှိခြင်း၊ ဆန္ဒမဲလက်မှတ်များကို အများပြည်သူရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ရေတွက်နိုင်ခဲ့ခြင်း၊ ကြုံတွေ့လာခဲ့သော အငြင်းပွားမှုအချို့ကို ဥပဒေနှင့်အညီ မျှတစွာဖြေရှင်းပေးခဲ့ခြင်း စသည်တို့ကြောင့် ဤရွေးကောက်ပွဲကို မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ လှိုက်လှဲစွာ အသိအမှတ်ပြုပါသည်။ ဤရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ခဲ့ကြသော ဆရာ၊ ဆရာမများသည် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲရုံတာဝန်များကို မျှမျှတတ ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်ခဲ့ခြင်း၊ တာဝန်သိသိ စေတနာရှိရှိဖြင့် အခက်အခဲမျိုးစုံကို အအိပ်ပျက်၊ အစားပျက်ခံ ပင်ပန်းကြီးစွာ ထမ်းဆောင်ခဲ့ခြင်း စသည်တို့ကြောင့် မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများအား မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အထူးပင် ချီးကျူးဂုဏ်ပြုအပ်ပါသည်။ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများမှလည်း နိုင်ငံတော်၏ အရေးကြီးလှသည့် သမိုင်းဝင်နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် မိမိတို့တတ်စွမ်းသည့်ဘက်မှ  ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့်ရခဲ့သည်ကို ကျေနပ်ဂုဏ်ယူကြမည်ဟု အလေးအနက် ယုံကြည်မိပါသည်။ မိမိတို့၏ သမိုင်းဝင် ရွေးကောက်ပွဲကို တရားမျှတစွာ အောင်အောင်မြင်မြင်ဖြင့် တာဝန်ယူကျင်းပပေးခဲ့သော ပြည်ထောင်စုအဆင့်/ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်/မြို့နယ်နှင့် ရပ်/ကျေးအဆင့် ရွေးကောက်ပွဲကော်မရှင် အသီးသီးကို လည်းကောင်း၊ ရွေးကောက်ပွဲသတင်း များကို ပြည်သူလူထုထံသို့ အချိန်နှင့် တစ်ပြေးညီ တင်ဆက်ပေးသော မီဒီယာများကို လည်းကောင်း၊ အထူးသဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် မိမိတို့ကျရာနေရာမှ တာဝန်ကျေပွန်စွာ ကူညီပံ့ပိုးပေးခဲ့ကြသော သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများအားလုံးတို့ကို ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်ဟု ဖော်ပြပါရှိသည်။မြန်မာနိုင်ငံလုံးဆိုင်ရာ ပုဂ္ဂလိက ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကို ၂၀၁၅ ခုနှစ်၊ မေ ၃ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တစ်နိုင်ငံလုံး၌ အဖွဲ့ဝင်အင်အား လေးထောင်ကျော်ရှိကြောင်း သိရသည်။ 

Most Read

Most Recent