ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်သော ထဘီအရောင်နှင့် တပ်မတော်ယူနီဖောင်း အရောင်တို့ကို Facebook တွင် နှိုင်းယှဉ်ဖော်ပြမိသဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရသူ မချောစန္ဒီထွန်းအား မအူပင်မြို့နယ် တရားရုံးတွင် နိုဝင်ဘာ ၉ ရက်က တတိယအကြိမ် ရုံးထုတ်ကြောင်း သတင်းရရှိသည်။ယင်းရုံးချိန်းတွင် တရားလိုဖြစ်သူ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကျော်ထင်လည်း လာရောက်ခဲ့ပြီး တရားစွဲခံရသူ မချောစန္ဒီထွန်း၏ ရှေ့နေဦးရာဘတ်စန်းအောင်က သက်သေခံစာရွက် တင်သွင်းမှုနှင့်ပတ်သက်ပြီး လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။“သက်သေခံ တင်သွင်းသင့်၊ မတင်သွင်းသင့် လျှောက်လဲချက် ပေးတာပေါ့ဗျာ။ ကျွန်တော်တို့ဘက်ကတော့ အာမခံလျှောက်တယ်။ ရုံးရဲ့ဆင်ခြင်တုံတရားအရ တရားလိုစစ်တာလည်း မပြီးသေးဘူး။ နောက်သက်သေတွေလည်း ရှိနေသေးတဲ့အတွက် အာမခံပယ် တယ်လို့ဆိုတယ်။ ဆိုတော့ အပြီးတိုင်ပယ်တာ တော့မဟုတ်သေးဘူး။ နောက်တော့ပြန် လျှောက်လို့ရသေးတယ်။ကျွန်တော်တို့အနေနဲ့ကတော့ ငယ်ရွယ်တဲ့သူဖြစ်တဲ့အတွက် ပြစ် ဒဏ်မကျခံရသေးတဲ့အတွက် အပြစ်မရှိဘူး လို့သတ်မှတ်ပြီး အာမခံလျှောက်တာပဲ။ ရုံးအမြင်နဲ့ ကျွန်တော်တို့အမြင်နဲ့ ထပ်တူမကျတော့ အာမခံမရဘူးပေါ့ဗျာ”ဟု ရှေ့နေဦး ရောဘတ်စန်းအောင်က ဆိုသည်။ထို့ပြင် နိုင်ငံတကာတွင်လည်း ယင်းကဲ့သို့ လှောင်ပြောင်သရော်မှုများရှိကြောင်း၊ မြန်မာပြည်တွင်သာ အထူးအဆန်းဖြစ်နေကြောင်းနှင့် ယင်းဖြစ်ရပ်အပေါ် နိုင်ငံတကာမှလည်း စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိ ကြောင်းနှင့် နောက်တစ်ကြိမ်ရုံးချိန်းကို နို ဝင်ဘာ ၁၆ ရက်တွင် ခေါ်ဆိုထားကြောင်း ၎င်းက ပြောကြားသည်။အသက် ၂၅ နှစ်အရွယ်ရှိ မချောစန္ဒီထွန်းသည် အွန်လိုင်းပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ထောက်ခံအားပေးသည့် ပို့စ်များရေးသားလေ့ရှိသူဖြစ်ပြီး၊ ဒီမိုကရေစီပညာရေး ဧရာဝတီသပိတ်စစ်ကြောင်းတွင်လည်း ဝန်းရံပါဝင်ခဲ့ဖူးကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထဘီအရောင်နှင့် တပ်မတော် ယူနီဖောင်းအရောင်ကို Facebook တွင် နှိုင်းယှဉ်ဖော်ပြသဖြင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် တရားစွဲခံရသူ မချောစန္ဒီထွန်းအား မအူပင်တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်















