ကိုးလအတွင်း ငွေတိုက်လက်မှတ် ကျပ် ၅၃၃ ဘီလျံဖိုးထက်မနည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချခဲ့ပြီး တတိယလေးလပတ်အတွင်း အတိုးနှုန်း ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လေလံစနစ်ဖြင့် သုံးလသက်တမ်းရှိ ငွေတိုက်လက်မှတ်များကို အစိုးရဘဏ္ဍာရေးလိုအပ်ချက်ကို ဖြည့်တင်းရန်နှင့် ဈေးကွက်ပြဋ္ဌာန်းသည့် ဘဏ်အတိုးနှုန်း သတ်မှတ်ဖြစ်ပေါ်လာရေးအတွက် ရောင်းချမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။
ထို့နောက် ဇန်နဝါရီ ၂၈ ရက်မှ စတင်ပြီး နှစ်ပတ်တစ်ကြိမ် လေလံစနစ်ဖြင့် ရောင်းချခဲ့ရာ ယခုလ လေးရက်အထိ လေလံစနစ်ဖြင့် ၁၈ ကြိမ် ရောင်းချခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
ပထမဆုံး လေလံဖြစ်သည့် ဇန်နဝါရီ ၂၈ ရက် လေလံဝင်ရောက်ယှဉ်ပြိုင်သူများတွင် ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများကသာ လေလံကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သုံးလသက်တမ်းရှိ ကျပ်တစ်သိန်းတန် ငွေတိုက်လက်မှတ် တစ်စောင်ကို လျှော့ဈေး (Discount Rate) လျှော့ဈေး ခုနစ် ရာခိုင်နှုန်းမှ ၉ ဒသမ ၂၅ ရာခိုင်နှုန်း ကြားတွင်ရှိခဲ့ပြီး လေလံ အောင်မြင်သည့် Discount Rate ကို ခုနစ် ရာခိုင်နှုန်း နှင့် ရှစ်ရာခိုင်နှုန်းအကြားကို အောင်မြင်သည့် လေလံအဖြစ် သတ်မှတ်ခဲ့သဖြင့် တစ်စောင်ကို ကျပ် ၉၇၈၉၇ ဒသမ ၂၂ ဖြင့် ရောင်းချခဲ့ရသည်။ ကျပ် ၅၀ ဘီလျံ လေလံပစ်သည့်အနက် ကျပ်နှစ်ဘီလျံသာ လေလံအောင်မြင်ခဲ့ပြီး ကျပ် ၂၀ ဘီလျံကို မြန်မာ့စီးပွားရေးဘဏ်က ဝယ်ယူလိုက်ရကြောင်း သိရသည်။
ဆက်လက်ပြီး ဒုတိယအကြိမ် ကျပ် ၅၀ ဘီလျံတန်ဖိုးရှိ ငွေတိုက်လက်မှတ်များကို လေလံပစ်ရာတွင် Discount Rate မှာ ခြောက်ရာခိုင်နှုန်းမှ ၈ ဒသမ ၇၅ ရာခိုင်နှုန်းအကြား ရှိခဲ့ကြောင်း၊ Discount Rate ၆ ရာခိုင်နှုန်းမှ ၈ ဒသမ ၁၅ ရာခိုင်နှုန်းအကြားကို အောင်မြင်သည့် လေလံအဖြစ် သတ်မှတ်ခဲ့ပြီး စုစုပေါင်း ကျပ် ၁၃ ဘီလျံဖိုး ရောင်းချခဲ့ရကြောင်း၊ ကျပ် တစ်သိန်းတန် ငွေတိုက်လက်မှတ်တစ်စောင်ကို ၉၈၀၀၈ ဒသမ ၅၅ ကျပ် ရရှိခဲ့ကြောင်းလည်း သိရသည်။
ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နှစ်ပတ်တစ်ကြိမ် ကျပ်ဘီလျံ ၅၀ စီ ဆက်လက် လေလံဆက်လက်ခေါ်ယူခဲ့ရာ ပဉ္စမအကြိမ် လေလံမှ စတင်ပြီးလေလံများတွင် Discount Rate မှာ ပိုမိုလျော့နည်းလာခဲ့ပြီး ကျပ်တစ်သိန်းတန် ငွေတိုက်လက်မှတ် တစ်စောင်လျှင် ကျပ် ၉၈၁၆၄ ဒသမ ၄၆ မှ ကျပ် ၉၈၂၈၄ ဒသမ ၅၆ အထိ ရရှိလာပြီး Discount Rate မှာ ခုနစ်ရာခိုင်နှုန်းသာ ရှိတော့ကြောင်း၊ လေလံအောင်သည့် ပမာဏမှာလည်း ပိုမိုလာပြီး ကိုးအကြိမ်မြောက် လေလံတွင် ကျပ် ၅၀ ဘီလျံဖိုး လေလံခေါ်ခဲ့ရာတွင် ကျပ်ဘီလျံ ၅၀ ဖိုးအောင်မြင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဗဟိုဘဏ်အနေဖြင့် ငွေတိုက်လက်မှတ်ရောင်းချမှုများကို တစ်ကြိမ်လျှင် ကျပ်ဘီလျံ ၅၀ အထိသာ လေလံပစ်နေရာမှ ၁၀ ကြိမ်မြောက် လေလံမှစတင်ပြီး ကျပ် ၆၀ ဘီလျံ၊ ၁၃ ကြိမ်မြောက်လေလံတွင် ကျပ် ၇၀ ဘီလျံနှင့် နောက်ဆုံးလေးကြိမ်တွင် ကျပ် ဘီလျံ ၁၀၀ အထိတိုးမြှင့်ခဲ့ပြီး လျှော့ဈေးမှာလည်း တစ်သိန်းတန် ငွေတိုက်လက်မှတ် တစ်စောင်လျှင် ကျပ် ၉၈၂၈၄ ဒသမ ၇၃ အထိ ရရှိရာမှ နောက်ဆုံးနှစ်ကြိမ်တွင် တစ်စောင် လျှင် ကျပ် ၉၈၀၆၈ ဒသမ ၄၅ နှင့် ကျပ် ၉၈၁၅၆ ဒသမ ၇၇ သာရရှိခဲ့ပြီး Discount Rate မှာလည်း ရှစ်ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်းကြား ပြန်လည်ရောက်ရှိလာသည်ကို တွေ့ရသည်။ သို့သော်လည်း ၁၂ ကြိမ်မြောက် လေလံမှ စတင်ပြီး လေလံစနစ်ဖြင့် ရောင်းချမှုထက် မြန်မာ့စီးပွားရေးဘဏ်သို့ လက်လွှဲရောင်းချမှုသာများပြားခဲ့ပြီး နောက်ဆုံး လေလံရှစ်ကြိမ်အတွင်း ကျပ်ဘီလျံ ၁၄၀ အထိရှိခဲ့သည်။
ယခုကဲ့သို့ ငွေတိုက်လက်မှတ် လေလံယှဉ်ပြိုင်မှုမှရရှိလာသည် အတိုးနှုန်းများသည် ဈေးကွက်မှ ကမ်းလှမ်းနေသည့်အတိုးနှုန်းများဖြစ်သည့်အတွက် မြန်မာနိုင်ငံ Money Market မှ အလားအလာကောင်းမွန်သည်ဟု ပြောနိုင်ကြောင်း၊ သို့သော်လည်း မြန်မာ့စီးပွားရေးဘဏ်မှ အဓိကဝယ်ယူနေခြင်းဖြစ်ပါကလည်း ဈေးကွက်အခြေအနေမှာ ကောင်းသည်ဟု မဆိုနိုင်ကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ အငြိမ်းစားအဆင့်မြင့်အရာရှိတစ်ဦးဖြစ်သူ ဦးစိုးသိမ်းက ပြောကြားသည်။
ကိုးလအတွင်း ငွေတိုက်လက်မှတ် ကျပ် ၅၃၃ ဘီလျံဖိုးထက် မနည်း ဗဟိုဘဏ်ရောင်းချခဲ့ပြီး တတိယလေးလပတ်အတွင်း အတိုးနှုန်း ပြန်လည်မြင့်တက်လာ















