ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံသူများကို နိုဝင်ဘာ ၃ ရက်က ၂၄ ကြိမ်မြောက် ရုံးချိန်းအဖြစ် သာယာဝတီမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။ ထိုနေ့ရုံးချိန်းတွင် နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးရေးအတွက် ထောင်ထဲတွင် အစာငတ်ခံ ဆန္ဒပြနေသည့် ကိုအောင်မှိုင်းဆန်းကိုလည်း ရုံးထုတ်ရာ ၎င်း၏ကျန်းမာရေးအခြေအနေမှာ ဆိုးရွားမှု မရှိသေးသော်လည်း အားအင် နည်းပါးနေသည့် လက္ခဏာ ရှိနေသည်ကို မြင်တွေ့ခဲ့ရသည်။
ထိုသို့ အစာငတ်ခံ ဆန္ဒပြနေသည့် ကျောင်းသားများမှာ နိုဝင်ဘာ ၃ ရက်တွင် ခုနစ်ဦးထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ အစာငတ်ခံ ဆန္ဒပြနေသူခုနစ်ဦးမှာ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမျိုးမြတ်စံ၊ ကိုမာနော်၊ ကိုဖြိုးဓန၊ ကိုဆွေလင်းထွန်းနှင့် ကိုကျော်စွာလင်းတို့ဖြစ်ကာ ယင်းတို့အနက် ကိုအောင်မှိုင်းဆန်းနှင့် ကိုမျိုးမြတ်စံတို့အား သာယာဝတီထောင် ဆေးရုံဆောင်တွင် သီးသန့်စီ ခွဲထားကြောင်း သိရသည်။ ကိုအောင် မှိုင်းဆန်းသည် အောက်တိုဘာ ၂၃ ရက်မှ စတင်ပြီး အစာငတ်ခံ ဆန္ဒပြနေခြင်းဖြစ်ကာ ၁၁ ရက်မြောက်ရှိပြီဖြစ်ပြီး ၎င်းအား အောက်တိုဘာ ၂၆ ရက်မှစတင်ကာ ထောင်ဆေးရုံဆောင်တွင် ထားကြောင်း ကိုအောင်မှိုင်းဆန်းက ရုံးထုတ်စဉ် ပြောကြားသည်။
ကိုအောင်မှိုင်းဆန်းက “ပြီးခဲ့တဲ့ ၂၆ ရက်ကတည်းက ကျွန်တော့်ကို ထောင်ဆေးရုံကို ပို့ထားတာ။ လောလောဆယ် ထောင်ဆေးရုံမှာ ပို့ထားတာ နှစ်ယောက်ရှိတယ်။ ကျွန်တော်ရယ် ကိုမျိုးမြတ်စံရယ်။ ကျွန်တော်တို့ကို သီးခြားခွဲထားတယ်။ သူ့ကိုတော့အောက်မှာ ထားတယ်။ ကျွန်တော့်ကိုတော့ အပေါ်ထပ် မှာထားတယ်။ အဲဒီမှာနေရတာ အခက်အခဲရှိတယ်။ ကျွန်တော်က အချိန်မရွေး သတိလစ် သွားနိုင်တဲ့အတွက် အိမ်သာသွားရင်လည်း အမြင့်တက်ရတယ်။ ရေချိုးရင်လည်း အောက်ကို ဆင်းရတော့ အခက်အခဲရှိတယ်”ဟု ပြောကြားသည်။
တောင်ငူတက္ကသိုလ် တကသမှ ကိုဖြိုးဓနက”မနေ့က ကျွန်တော်အပါအဝင် လေးဦး ထပ်ပြီး အစာငတ်ခံ ဆန္ဒပြတယ်။ အခုက ရေနဲ့ပတ်သက်ပြီး ပြဿနာရှိတယ်။ ကျွန်တော်တို့က ရေလိုရင် အော်ပြီး တောင်းရတယ်။ ကျွန်တော်တို့ မအော်နိုင်တော့ဘဲ အားပြတ်သွားတဲ့ အခါကျရင် ဒုက္ခရောက်နိုင်တယ်။ ဒါကိုတော့ စိုးရိမ်တယ်။ ဖြစ်နိုင်ရင် ကျွန်တော်တို့ အခန်းထဲမှာ ရေဘူးတွေ ထားပေးစေချင်တယ်”ဟု ပြောကြားသည်။
ထိုသို့ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ကျောင်းသားများမှ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် အစာငတ်ခံ ဆန္ဒပြသည့်အချိန်တွင် ဗကသများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုအား ဖမ်း ဆီးခဲ့သည့်အပေါ် မဖြိုးဖြိုးအောင်က “ ဒီအပေါ်မှာတော့ ကျွန်မတို့ဘက်က တောင်းဆိုမှုတွေ ရှိပေမယ့် အစိုးရဘက်က ဖမ်းဆီးမှုတွေ မရပ်ဘူးပေါ့။ ကျွန်မတို့က နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီး တရားစွဲဆိုတာတွေ ရပ်ဖို့ တောင်းဆိုတဲ့အခါမှာပဲ ဖမ်းဆီးမှုတွေ ဆက်တိုက် ရှိနေတယ်။ အစိုးရဘက်က မတရား ဖိနှိပ် ဖမ်းဆီးတဲ့ ပုံစံကတော့ ပြောင်းလဲ မသွားပါဘူး” ဟု မှတ်ချက်ပြုသည်။
ထို့အပြင် နိုင်ငံရေး တရားမျှတမှုရှိရေးအတွက် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရေးကို ဗကသများ အဖွဲ့ချုပ်မှ ကိုအောင်မှိုင်းဆန်းက အစာငတ်ခံ ဆန္ဒပြသည်နှင့် ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကိုအား ဖမ်းဆီးလိုက်ခြင်းမှာ ဒီမိုကရေစီ ပညာရေးသပိတ်မှ ကျောင်းသားများအပေါ် အစိုးရမှ တင်းမာသည့် သဘောထား ရှိနေသည်ကို ဖော်ပြလိုက်ခြင်း ဖြစ်သည်ဟု ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်က ဆိုသည်။
၎င်းက ”နိုင်ငံရေး တရားမျှတမှု ရှိဖို့အတွက် ကိုအောင်မှိုင်းဆန်းက အစာငတ်ခံ ဆန္ဒပြတဲ့ အချိန်မှာပဲ ကိုကျော်ကိုကိုကို ဖမ်းဆီးလိုက်တာက အစိုးရရဲ့တင်းမာတဲ့ သဘောထားကို ဖော်ပြလိုက်တာ ဖြစ်တယ်လို့ ထင်ပါတယ်။ အစိုးရအနေနဲ့ ဒီမိုကရေစီပညာရေးသပိတ်က ကျောင်းသားတွေနဲ့ ပတ်သက်ရင် တင်းမာတဲ့ သဘောထား ရှိနေတယ်ဆိုတာကို ဖော်ပြလိုက်တာ ဖြစ်တယ်”ဟု ပြောကြားသည်။
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံသူများကို မတ် ၁၀ ရက်မှ စတင် ဖမ်းဆီး တရားစွဲဆိုထားခြင်း ဖြစ်သည်။ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ကော်မတီ၊ အစိုးရ၊ လွှတ်တော်နှင့် NNER တို့ ပြုလုပ်ခဲ့သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် သဘောတူညီထားသည့် သပိတ်နှင့် ပတ်သက်ပြီး ဖမ်းဆီး အရေးယူခြင်း မပြုရ ဆိုသည့် ကတိကဝတ်အား အစိုးရမှ ချိုးဖောက် ဖမ်းဆီးထားခြင်း ဖြစ်ကာ ရှစ်လနီးပါးကြာ တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။
ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ၂၄ ကြိမ်မြောက် ရုံးထုတ်၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အစာငတ်ခံ ဆန္ဒပြသူ ခုနစ်ဦးအထိ ရှိလာ















