ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် NLD ပါတီအား ထောက်ခံကြောင်း မြို့ပေါ်လူထုနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ အင်အား သောင်းကျော် စီတန်းလှည့်လည်

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် NLD ပါတီအား ထောက်ခံကြောင်း မြို့ပေါ်လူထုနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ အင်အား သောင်းကျော် စီတန်းလှည့်လည်
Published 13 October 2015
အောင်ထက်ခိုင်

ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအား ထောက်ခံကြောင်း သုံးခွမြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် သုံးခွမြို့ပေါ်ရှိ လူထု သောင်းကျော်က အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီတွင် စီတန်း လှည့်လည်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ စီတန်း လှည့်လည်ရာတွင် မြို့ပေါ်ရှိ ကားများ၊ ဆိုင်ကယ် ကယ်ရီများနှင့် ဆိုက်ကားများ၊ ထော်လာဂျီများ၊ အစီး တစ်ရာကျော် တို့သည် NLD အလံစတစ်ကာများ၊ အလံများ တပ်ဆင်ကာ လူထု သောင်းကျော်တို့သည် လည်း NLD အလံ တံဆိပ်ပါဝင်သော အင်္ကျီများ ဝတ်ဆင်ကာ သုံးခွမြို့ပေါ်တွင် စီတန်း လှည့်လည်ခဲ့ပြီး သုံးခွမြို့နယ် အဆုံးရှိ ပုလဲ ကျေးရွာအထိ လှည့်လည် ခဲ့ကြောင်း သိရသည်။
“ဒီနေ့ကတော့ NLD ကို ထောက်ခံကြောင်း လုပ်ကြတာပါ။  လူထုကတော့ မြို့လုံးကျွတ် နီးပါးရယ်၊ အနီးနားမှာရှိတဲ့ ကျေးရွာတွေကလည်း လာတယ်ဆိုတော့ ငါးသောင်း ကျော်သွားပါတယ်။ NLD ကို ဘာကြောင့် ထောက်ခံတာလဲဆိုတော့ ပြည်သူလူထုက အပြောင်းအလဲ ဖြစ်စေချင်လို့ပါ။ ပြောင်းလဲဖို့လည်း အချိန်အခါ ရောက်ပြီဆိုတော့ ပြည်သူလူထုက ထောက်ခံတာပေါ့။ သုံးခွမြို့ပေါ်မှာရော ကျေးလက်ဒေသတွေမှာရော မဲစာရင်းက ပြဿနာ ကြီးကြီးမားမား သိပ်မရှိပါဘူး”ဟု သုံးခွမြို့နယ် အမှတ် (၁၁) ရပ်ကွက်နေ ဦးမြင့်အောင်က ပြောကြားသည်။
အမှတ်(၃)ရပ်ကွက်နေ ကိုလှိုင်မြင့်မြတ် ကလည်း “ပြောင်းလဲဖို့ အချိန်တန်ပြီထင်လို့ NLD ကို ထောက်ခံတာပါ”ဟု ပြောကြားသည်။
“ပထမက လူကသောင်းကျော် ရှိတယ်။ ခုကရွာတွေက ပါတက်လာတော့ အစ်ကိုက အရင်ထဲက NLD ကို ထောက်ခံတာပဲ။ ပြောင်းလဲစေချင်တယ်။ တိုးတက်စေချင်တယ်။ သီချင်းတစ်ပုဒ်ကို Version ပြောင်းလဲသလို ပဲလေ။ NLD က တကယ်လည်း လုပ်နိုင်မယ် ထင်ပါတယ်။ နိုင်ငံတော်ကိုလည်း တိုးတက်အောင် လုပ်မယ်လို့ ယုံကြည်လို့ ထောက်ခံတာပါ” ဟု သုံးခွမြို့ တောင်ပိုင်းရပ်ကွက်နေ ကိုဘိုဇော်ကြီးက ပြောကြားသည်။
“NLD ကို ထောက်ခံတယ်ဆိုတာ နိုင်ငံမှာ တစ်ခါမှ မရှိဖူးတဲ့ ပညာတတ်တဲ့ ခေါင်းဆောင်ကောင်းတွေ စုစည်းပြီး လွှတ်တော်တက်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ပြုပြင် ပြောင်းလဲရေးကို လိုလားတဲ့ ပြည်သူတွေမို့လို့ NLD ကို ဝိုင်းပြီးတော့ ထောက်ခံတာ အားပေးတာပါ။ အစ်ကိုတို့လည်းပဲ NLD ကို ကျေးရွာလူထုတွေရော အားလုံးဝိုင်းပြီးတော့ အားပေးကြပါလို့ အစ်ကိုပြောလိုပါတယ်။ ဒါမှလည်း နိုင်ငံတော်က ဆင်းရဲတွင်းကနေ လွတ်ဖို့အတွက် အားလုံးမှာ တာဝန်ရှိတယ်။ ညီညီညွတ်ညွတ်နဲ့ ရုန်းထပြီး ကုန်းထကြပါလို့ ပြောချင်ပါတယ်” ဟု သုံးခွမြို့နယ် အမှတ် (၁၂) ရပ်ကွက်နေ ကိုကျော်မြင့်နိုင်က ပြောကြားသည်။
သုံးခွမဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဒေါ်စုစုလွင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးညွန့်ရွှေ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါက်တာရဲထွန်းလင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးအောင်ထွန်းတို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၇၆ စုရှိပြီး မဲရုံပေါင်း ၁၆၀ ရုံ၊ မဲပေးနိုင်သူဦးရေ ၁၁၈၂၅၀  ရှိကြောင်း သိရသည်။  

Most Read

Most Recent