လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မိုးကြီးခြင်းနှင့် ရုတ်တရက် ရေကြီးရေလျှံခြင်းအား နောက်သုံးရက်ခန့်အထိ သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန် ကြားမှုး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။“လေဖိအားနည်း ရပ်ဝန်းကြောင့် နောက်နှစ်ရက် သုံးရက်လောက်အထိ မိုးကြီးမှာ ဖြစ်တယ်။ နောက်ပိုင်း ကြရင်တော့ မိုးလျော့သွားမှာ ဖြစ်တယ်။ ရေကြီးမှု ဖြစ်ရင်လည်း ခဏပဲ၊ ဇူလိုင်၊ သြဂုတ်လောက်တော့ မဆိုးဘူး။ တောင်ကျချောင်းတွေကြောင့်ပဲ လျှပ်တစ်ပြက် ရေကြီးတာ၊ မြစ်အကြီးကြီးတွေမှာ မဖြစ်ဘူး။ ဒါကြောင့် အရင်တစ်ခါ ဖြစ်သလို မကြာဘူး” ဟု ဦးကျော်မိုးဦးက ပြောကြားသည်။“ကမ်းရိုးတန်းတွေမှာက တစ်နေ့ကို သုံးလက်မ အထက်နဲ့ ရွာနိုင်တယ်။ အလယ်ပိုင်းကတော့ အဲဒီလောက် မရွာနိုင်ဘူး။ ဒါပေမဲ့ တချို့နေရာတွေ ကြတော့လည်း သုံးလက်မကျော်သွားတာ ရှိတယ်။ အပေါ်ပိုင်းတွေမှာ တချို့ နေရာတွေမှာ လေးလက်မကျော် ငါးလက်မလောက် ရသွားတဲ့ အနေအထားလေးတွ ရှိတယ်။ လေဖိအားနည်း ရပ်ဝန်းက ဆဲလ်နှစ်ခု ကွဲသွားပြီးတော့ တစ်လုံးက အထက်ကို တက်သွားတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးတို့ မန္တလေးတို့ မိုးရတယ်။ တစ်လုံးက မြန်မာနိုင်ငံ အောက်ပိုင်းကို မိုးရနေတယ်။ အထက်ပိုင်းမှာကျတော့ အဲလို မိုးရတဲ့အတွက် ချောင်းတွေ၊ မြောင်းတွေ ရေပြည့်ပြီးတော့ လျှပ်တစ်ပြက် ရေးကြီးတာတွေ ဖြစ်သွားတယ်” ဟု ဦးကျော်မိုးဦးက ဆက်လက် ပြောကြားသည်။အောက်တိုဘာ ၁၀ ရက်တွင် ရွာသွန်းခဲ့သည့် ထူးခြားသည့် မိုးရေချိန်များသည် မိုးကုတ်မြို့တွင် ၄ ဒသမ ၀၂ လက်မ၊ မော်လမြိုင်မြို့မှာ ၃ ဒသမ ၉၄ လက်မ၊ ကသာမြို့ှတွင် ၃ ဒသမ ၆၂ လက်မ၊ ဂွမြို့တွင် ၃ ဒသမ ၀၇ လက်မ၊ အမ်းမြို့တွင် ၂ ဒသမ ၈၃ လက်မ၊ မော်လိုက်မြို့တွင် ၂ ဒသမ ၅၆ လက်မနှင့် ဘားအံမြို့တွင် ၂ ဒသမ ၂ လက်မတို့ ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။မုတ်သုံလေ ဆုတ်ခွာပြီး နောက်ပိုင်းတွင်လည်း မိုးတိမ်တောင်များ၊ မုန်တိုင်းမိုးများ၊ အနောက် လေစီးကြောင်းနှင့် အရှေ့လေပွေ လှိုင်းများကြောင့် နိုဝင်ဘာ လကုန်အထိ မိုးရနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ဆိုသည်။
လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မိုးကြီးခြင်းနှင့် ရုတ်တရက် ရေကြီးရေလျှံခြင်းများ လာမည့်သုံးရက်အထိ သတိပြုရန်လို















