လက်ရှိ ဘဏ္ဍာနှစ် ခြောက်လအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၃ ဘီလျံကျော်ရှိပြီး ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှု ပမာဏ ယခင်နှစ်ထက် ဒေါ်လာတစ်ဘီလျံကျော် လျော့ကျနေ

လက်ရှိ ဘဏ္ဍာနှစ် ခြောက်လအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၃ ဘီလျံကျော်ရှိပြီး ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှု ပမာဏ ယခင်နှစ်ထက် ဒေါ်လာတစ်ဘီလျံကျော် လျော့ကျနေ
Published 6 October 2015
ချမ်းမြေ့သူ

ယခု ဘဏ္ဍာနှစ် ခြောက်လအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၃ ဘီလျံကျော် ရှိပြီး ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှု ပမာဏမှာ ယခင်နှစ်ထက် ဒေါ်လာ တစ်ဘီလျံကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ယခု ဘဏ္ဍာနှစ် ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂ ရက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု စုစုပေါင်း ဒေါ်လာ ၁၃၄၂၇ ဒသမ ၁၄၄ သန်း (ဒေါ်လာ ၁၃ ဘီလျံကျော်) ရှိပြီး ပို့ကုန် တင်ပို့မှု ပမာဏမှာ ဒေါ်လာ ၅၅၃၀ သန်း ကျော်ရှိပြီး သွင်းကုန် တင်သွင်းမှု ပမာဏမှာ ဒေါ်လာ ၇၈၉၆ သန်း ကျော်ရှိကြောင်း သိရသည်။
ကုန်သွယ်မှု လမ်းကြောင်း အလိုက် ကုန်သွယ်မှု ပမာဏမှာ ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန် တင်ပို့မှု ပမာဏ ဒေါ်လာ ၃၄၈၂ သန်းကျော်၊ သွင်းကုန် တင်သွင်းမှု ပမာဏ ဒေါ်လာ ၆၆၇၁ သန်းကျော်ရှိပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၀၁၅၃ သန်းကျော် ရှိကြောင်း၊ နယ်စပ် ကုန်သွယ်မှု လမ်းကြောင်းမှမူ ပို့ကုန်တင်ပို့မှု ပမာဏ ဒေါ်လာ ၂၀၄၈ သန်းကျော်၊ သွင်းကုန် တင်သွင်းမှု ပမာဏ ဒေါ်လာ ၁၂၂၅ သန်းကျော် ဖြင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ  ၃၂၇၃ သန်းကျော် ရှိကြောင်း သိရသည်။
အဆိုပါ ကုန်သွယ်မှု ပမာဏ များမှာ ယခင် ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုဖြင့် နှိုင်းယှဉ်ပါက ပင်လယ် ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းမှ ကုန်သွယ်မှု လျော့ကျနေပြီး ပင်လယ် ရေကြောင်းမှ ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၁၃၂၆ သန်းကျော်ရှိပြီး ယခု ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၀၁၅၃ သန်းကျော် ဖြစ်သည့်အတွက် ပမာဏအားဖြင့် ဒေါ်လာ ၁၁၇၃ သန်းကျော် လျော့နည်းနေခြင်း ဖြစ်ကြောင်း သိရသည်။
ပင်လယ် ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းမှ ပို့ကုန် တင်ပို့မှုရော သွင်းကုန် တင်သွင်းမှုပါ လျော့ကျနေခြင်း ဖြစ်ကာ   ကုန်သွယ်မှု လမ်းကြောင်း နှစ်ခုစလုံးမှ တင်ပို့မှုအနေဖြင့် သတ္တုတွင်းထွက်၊ စက်မှုကုန်ချောနှင့် အခြား ကုန်စည်များကို ပြည်ပသို့ တင်ပို့မှု လျော့ကျနေကြောင်း သိရသည်။
သွင်းကုန် တင်သွင်းမှု အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းနှင့် လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်း တင်သွင်းမှုမှာ ယခုနှစ်တွင် လျော့ကျနေကြောင်း သိရသည်။
ပြည်ပ ကုန်သွယ်မှု ပြုရာတွင် တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ဟောင်ကောင်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့ဖြင့် အဓိက ကုန်သွယ်မှု ပြုလုပ်လျက် ရှိကြောင်း၊ ပို့ကုန် တင်ပို့ရာတွင် လယ်ယာ ထွက်ကုန်၊ တိရစ္ဆာန် ထွက်ကုန်၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားကုန်စည် အုပ်စုများကို အဓိက တင်ပို့လျက်ရှိပြီး သွင်းကုန် တင်သွင်းမှု အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန် ပစ္စည်းများကို အဓိက တင်သွင်းလျက် ရှိကြောင်း သိရသည်။

Most Read

Most Recent