အမရပူရမြို့နယ်အတွင်းရှိ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးသည် မဘသအဖွဲ့အား ကိုယ်စားပြုခြင်းမရှိဘဲ ပရိယတ္တိတာဝန်များကိုသာ ထမ်းဆောင်လျက် ရှိကြောင်းနှင့် ပြည်သူလူထုအနေဖြင့် တိုင်းပြည်အတွက် အမှန်တကယ် အကျိုးပြုပြောင်းလဲပေးနိုင်မည့် NLD ပါတီကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်ကြရန် တိုက်တွန်းကြောင်း မဟာဂန္ဓာရုံကျောင်းတိုက် ရွှေဆင်တိုင်စာချကျောင်းမှ သီရိပဝရဓမ္မာစရိယ ပါဠိပါရဂူ ဦးသူရိယ (ဂဏဝါစက)က အောက်တိုဘာ ၁ ရက်တွင် ၎င်း၏သဘောထားအား ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ကြေညာချက်တွင် မဟာဂန္ဓာရုံကျောင်းတိုက်ကြီးသည် မဘသအဖွဲ့အစည်းအား ကိုယ်စားပြုခြင်းမရှိသည့်အပြင် စာပေပရိယတ္တိတာဝန်များကိုသာ ထမ်းဆောင်လျက်ရှိကြောင်း၊ မိမိတို့ကျောင်းတိုက်အတွင်းတွင် မဘသ ဦးဆောင်ပုဂ္ဂိုလ်များအဖြစ် သံဃာ နှစ်ပါး၊ သုံးပါးမျှသာရှိကြောင်း၊ မိမိအနေဖြင့် မဘသအဖွဲ့၏ ပါတီနိုင်ငံရေးတွင် ပါဝင်စွက်ဖက်နေမှုများကို လူထု၏ နိုင်ငံရေးအသိဉာဏ် ရှုပ်ထွေးစေသဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ပုတ်ခတ်ပြောဆိုနေမှုများကိုလည်း မလုပ်ထိုက်သော အလုပ်ဖြစ်၍ မိမိအနေဖြင့်အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မိမိတိုင်းပြည်အတွက် အမှန်တကယ် အကျိုးပြုပြောင်းလဲပေးနိုင်မည့် NLD ပါတီကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်ကြဖို့ အလေးအနက် တိုက်တွန်းကြောင်း ၎င်းက ထုတ်ပြန်ထားကြောင်း သိရသည်။“ဒီနေ့ထုတ်တဲ့ ကြေညာချက်က မဟာဂန္ဓာရုံကျောင်းတိုက် တစ်ခုလုံးကိုတော့ ကိုယ်စားမပြုပါဘူး။ ဦးဇင်းရဲ့တစ်ဦးတည်းသော သဘောထားပဲ ဖြစ်ပါတယ်”ဟု ဆရာတော် က မိန့်ကြားသည်။အဆိုပါ ဆရာတော်ဦးသူရိယ၏ လူထုသို့ အသိပေးခြင်းခေါင်းစဉ်ဖြင့် ထုတ်ပြန်သော ကြေညာချက်အပြည့်အစုံမှာ (၁) မိမိနေထိုင်ရာ သံဃာ ၁၂၀၀ ရှိ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးသည် မဘသ အလုပ်များကို ဆောင်ရွက်နေသော ကျောင်းတိုက်မဟုတ်ပါ၊ ၎င်း မဘသအဖွဲ့ကိုလည်း ကိုယ်စားမပြုပါ၊ ပဓာနဖြစ်သော ပရိယတ္တိ တာဝန်ကိုသာ ထမ်းဆောင်နေသော ကျောင်းတိုက်ကြီးဖြစ်ပါသည်။ (၂) မိမိတို့ကျောင်းတိုက်၌ နှစ်ပါး၊ သုံးပါးမျှသာ မဘသဦးဆောင် ပုဂ္ဂိုလ်များဖြစ်သည်ဟု မိမိ ပြောရဲပါသည်။ (၃) မိမိအနေဖြင့် မဘသအဖွဲ့၏ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာရန် ဆောင်ရွက်ချက်ကိုသာ အတိုင်းအတာတစ်ခုအထိ ထောက်ခံ၍ ပါတီနိုင်ငံရေးတွင် ပါဝင်စွက်ဖက်နေမှုများကို လူထု၏ နိုင်ငံရေး အသိဉာဏ်ရှုပ်ထွေးစေသဖြင့် အပြင်းအထန် (အပြင်းအထန်) ကန့်ကွက်ရှုတ်ချပါသည်။ (၄) ရွေးကောက်ပွဲနီးလာသော ယခုအချိန်တွင် မဘသဘုန်းကြီးအချို့နှင့် မဘသ (ဗဟို) ၏ ဥပဒေအကြံပေးရှေ့နေတို့၏ မဲပေးမည့်လူထု ဇဝေဇဝါဖြစ်စေနိုင်သည့် ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချကာ အမျိုးမျိုးသော ဟောပြောစည်းရုံးမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ပုတ်ခတ်မှုများကိုလည်း မလုပ်ထိုက်သောအလုပ်ဖြစ်၍ မိမိအနေဖြင့် အပြင်းအထန် (အပြင်းအထန်) ကန့်ကွက်ရှုတ်ချပါသည်။ (၅) သို့ဖြစ်ပါ၍ နိုဝင်ဘာ ၈ ရက်တွင် ဆန္ဒမဲပေးကြရတော့မည့် မြန်မာပြည်သူလူထုအနေဖြင့် မဘသပုဂ္ဂိုလ်အချို့၏ အမျိုးဘာသာ အသံကောင်းဟစ်၍ ဟောပြောစည်းရုံး မဲဆွယ်နေမှုများကို ပြောတိုင်းမယုံ လက်မခံကြဘဲ မိမိတို့၏ ကိုယ်ပိုင်အသိဉာဏ်ကို အသုံးချကာ မိမိလူမျိုးနှင့် မိမိတိုင်းပြည်အတွက် အမှန်တကယ် အကျိုးပြုပြောင်းလဲပေးနိုင်မည့် NLD ပါတီကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်ကြဖို့ မိမိ အလေးအနက် တိုက်တွန်းလိုပါသည်ဟူ၍ ဦးသူရိယ (ဂဏဝါစက) သီရိပဝရဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ရွှေဆင်တိုင်းစာချကျောင်း၊ မဟာဂန္ဓာရုံကျောင်းတိုက် အမရပူရမြို့ဟု ထုတ်ပြန်ကြေညာထားသည်။
မဟာဂန္ဓာရုံကျောင်းတိုက်သည် မဘသအား ကိုယ်စားမပြုကြောင်းနှင့် NLD ပါတီကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်ကြရန် တိုက်တွန်းကြောင်း မဟာဂန္ဓာရုံကျောင်းတိုက်မှ စာချဆရာတော်တစ်ပါး ကြေညာချက် ထုတ်ပြန်















