ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးအား မြို့နယ်အုပ်ချုပ်ရေးမှူးက တုတ်ဖြင့် ရိုက်နှက်မှုအား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးပြီး ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ဝန်ထမ်းတစ်ဦး၏ ဂျူတီချိန်နှင့် ပတ်သက်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူမြင့်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းကျော်အား တယ်လီဖုန်းဖြင့် တင်ပြခဲ့ရာတွင် သစ်သားတုတ်ဖြင့် လာရောက်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ဦးစည်သူမြင့်က ပြောကြားသည်။
အရိုက်ခံရသူ အမ်းမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူမြင့်က “ ဖြစ်တာက စက်တင်ဘာ ၂၁ ရက် ည ၁၀ နာရီမှာဖြစ်ပါတယ်။ ရုံးအကူ တူးမောင်ဆိုသူက ဂျူတီ နေ့တိုင်းကျနေတယ်။ အဲဒါကို ကျွန်တော်က မြို့နယ်အုပ်ချုပ်ရေးမှူးကို တယ်လီဖုန်းနဲ့ ဆရာ၊ တူးမောင်ဟာ နေ့တိုင်း ဂျူတီကျနေတယ်။ အဲဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို မေးတယ်။ အဲဒီလိုမေးပြီး ၁၀ မိနစ်လောက်ကြာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက အင်္ကျီမပါဘဲ လာတယ်။ ပြီးရင် မင်းက ဒီလိုပြောရလားဆိုပြီး သစ်သားတုတ်နဲ့ ခေါင်းကိုရိုက်ပါတယ်။ ပြီးရင် ထွက်သွားတယ်။ အဲဒီလိုရိုက်တဲ့အချိန်မှာ တခြားစာရေးတွေလည်း ရုံးမှာရှိနေတယ်။ အုပ်ချုပ်ရေးမှူးက အရက်သောက်ထားတယ်လို့ ထင်တယ်။ ကျွန်တော့်ကို စာရေးတွေက ဆေးရုံကိုပို့တယ်။ ရဲကဆိုရင် ဒုတပ်ကြပ်တစ်ဦးပါတယ်။ တုတ်ဒဏ်ရာကြောင့် နဖူးမှာ ငါးလက်မကျယ်၊ နှစ်လက်မ နက်တဲ့ အက်ကွဲဒဏ်ရာတစ်ချက်၊ ခေါင်းနောက်ဘက်မှာ သုံးလက်မရှည်တဲ့ အက်ကွဲဒဏ်ရာနှစ်ခု ရတယ်။ ဘယ်ဘက်နားက စိတ်သွားတယ်။ ဖြစ်စဉ်ကိုတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးပြီးပါပြီ။ ပြည်ထဲရေးကို တင်ပြထားတယ်လို့ သိရပါတယ်။ ကျွန်တော်ကတော့ ခေါင်းမူးနေသေးတယ်။ ဒါကြောင့် စစ်တွေဆေးရုံကို လာကုတာပါ။ လက်အောက်ငယ်သားကို အခုလို ကိုယ်ထိလက်ရောက်ကျူးလွန်တာကို တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။
အရိုက်ခံရသည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူမြင့်မှာ တောင်ကြီးမှ အမ်းမြို့နယ်သို့ ပြောင်းရွှေ့ကာ တာဝန်ထမ်းဆောင်သည်မှာ နှစ်လခန့်သာ ရှိသေးကြောင်းလည်း သိရသည်။
ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူမြင့်၏ မိခင်ဖြစ်သူက “ဒီကနေ့ ခေါင်းမူးတယ်။ ကိုယ်လည်း နေမကောင်းလို့ ဒီကနေ့ အမ်းမြို့နယ်ဆေးရုံကနေ စစ်တွေဆေးရုံကို ရောက်နေပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၇ ရက်က အမ်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ပုဒ်မကတော့ ၃၂၅၊ ၃၂၃ လို့ သိရတယ်။ ကျွန်မတို့ကို လူကြီးတွေကတော့ အမှုမဖွင့်စေချင်ဘူး။ အခု ခုံရုံးဖွဲ့စုံစမ်းစစ်ဆေးပြီး ဝန်ကြီးဌာနကို တင်ပြထားတယ်လို့ သိရတယ်။ ဝန်ကြီးဌာနရဲ့ အဆုံးအဖြတ်အပေါ်မူတည်ပြီး တရားဥပဒေကြောင်းအရပဲ ရင်ဆိုင်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးအား မြို့နယ်အုပ်ချုပ်ရေးမှူးက တုတ်ဖြင့် ရိုက်နှက်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးပြီး ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်းသိရ















