ရန်ကုန် ဈေးကွက်သို့ မြစ်ဝကျွန်းပေါ်မှ ဆန်အဝင် နည်းနေပြီး ယခင်က တစ်ရက်လျှင် ဆန်အိတ်ရေ ၅၀၀၀၀ ကျော် ဝင်ရောက်ရာမှ ယခုအခါ အိတ်ရေ ၄၀၀၀ ဝန်းကျင်သာ ဝင်ရောက်

ရန်ကုန် ဈေးကွက်သို့ မြစ်ဝကျွန်းပေါ်မှ ဆန်အဝင် နည်းနေပြီး ယခင်က တစ်ရက်လျှင် ဆန်အိတ်ရေ ၅၀၀၀၀ ကျော် ဝင်ရောက်ရာမှ ယခုအခါ အိတ်ရေ ၄၀၀၀ ဝန်းကျင်သာ ဝင်ရောက်
Published 29 September 2015
သင်းဖြိုး

ရန်ကုန် ဈေးကွက်သို့ မြစ်ဝကျွန်းပေါ် ဒေသများမှ ဆန် ဝင်ရောက်မှု နည်းနေပြီး ယခင်က တစ်ရက်လျှင် ဆန်အိတ်ရေ ၅၀၀၀၀ ကျော် ဝင်ရောက်ရာမှ ယခုအခါ အိတ်ရေ ၄၀၀၀ ဝန်းကျင်သာ ဝင်ရောက်မှု ရှိကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်းဦးက ဆိုသည်။
ယခုအခါ ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်မှ ထွက်ရှိသည့် ဆန်များကို မန္တလေး ဘက်သို့သာ အများဆုံး တင်ပို့နေသည့်အပြင် ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့မှလည်း နယ်ဘက် ဒေသရှိ ဆန်စက် ပိုင်ရှင်များထံတွင်သာ တိုက်ရိုက် ဝယ်ယူနေသောကြောင့် ဘုရင့်နောင် ကုန်စည်ဒိုင် အတွင်း ဆန်အဟောင်း ဝင်ရောက်မှု လျော့နည်း နေခြင်းဖြစ်ကြောင်း သိရသည်။
“အခု ဘုရင့်နောင် ကုန်စည်ဒိုင်ကို ဆန် အဟောင်း ဝင်ရောက်မှုက နည်းသွားပါပြီ။ အသစ်ကလည်း အခုမှစပြီး ဝင်စပဲ ရှိသေးတယ်။ ဆန်အဟောင်းက ၁၀၈ ပေါင် ဆန့်တဲ့ ဆန်တစ်အိတ်ကို ၂၈၀၀၀ ကနေ ၃၀၀၀၀ အထိ ပေါက်ဈေးရှိတယ်။ ပြီးရင် ဆန် အဟောင်းက လက်လီပဲ ဝယ်ယူမှုရှိတယ်။ဈေးကွက် အနေအထား အေးနေပါတယ်။ အရင်က ဘုရင့်နောင် ကုန်စည်ဒိုင်ကို တစ်နေ့ ဆန်အိတ် ငါးသောင်းကနေ ခြောက်သောင်းအထိ ဝင်ပေမယ့် အခုကတော့ ဆန်အိတ် ၃၀၀၀၊ ၄၀၀၀ ပဲဝင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ရန်ကုန်သို့ ဧရာဝတီ တိုင်းဒေသကြီး မြစ်ဝကျွန်းပေါ် ဒေသမှ ဆန်များ အများဆုံး ဝင်ရောက်နေပြီး ကုန်းလမ်း ပို့ဆောင်မှုအပြင် ပြည်တွင်းရေကြောင်း ပို့ဆောင်မှုတွင်ပါ ရန်ကုန်သို့ ဆန်ဝင်ရောက်မှု လျော့နည်းနေခြင်း ဖြစ်ကြောင်း သိရသည်။       
“ရန်ကုန်ကနေ အခုလက်ရှိမှာ မြစ်ဝကျွန်းပေါ် ဒေသတွေကို ကုန်ခြောက်မျိုးစုံ သွားနေပါတယ်။ အဲဒီဒေသတွေကနေ ဆန်ကို အများဆုံး ပြန်သယ်လာပါတယ်။ သင်္ဘော အစီးရေ ၂၀နဲ့ ပြေးဆွဲ ပေးနေပါတယ်။ အခုကတော့ ဆန် အဟောင်းတွေလည်း ကုန်တော့မှာဆိုတော့ ဝင်ရောက်မှုက ထက်ဝက်လောက် လျော့သွားပါပြီ။ မြစ်၀ ကျွန်းပေါ်ဒေသဘက်က ဆန်သို လှောင်ထားတဲ့ ဆန်စက် ပိုင်ရှင်တွေ အများစုကပဲ ရန်ကုန်ကို ဆန် တင်သွင်းနေကြတာပါ” ဟု ပြည်တွင်း ရေကြောင်း ပို့ ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဒေသ အပိုင်၊ ရေယာဉ်အုပ်(၂)၊ ဦးမြင့်ဆွေက ဆိုသည်။
ယင်းအပြင် နယ်ဘက်ဒေသမှ ဆန်စက် ပိုင်ရှင်များ အနေဖြင့်လည်း ဆန်တစ်အိတ်လျှင် ကျပ် ၂၁၀၀၀ မှ ၂၂၀၀၀ အထိ ရောင်းချနေပြီး  ယခုအခါ ဆန်အသစ်များ ရန်ကုန်သို့ စတင် ဝင်ရောက် နေကြောင်း သိရသည်။

Most Read

Most Recent