ဧရာဝတီမြစ်ရေ ကျဆင်းသွားပြီးနောက် ပခုက္ကူမြို့နယ်အတွင်းမှ မြစ်ကမ်းနံဘေးကျေးရွာများတွင် ကမ်းပြိုမှုများ ပြန်လည်ဖြစ်ပေါ်ကာ စိုက်ပျိုးမြေများ ပြိုကျပျက်စီးနေ

ဧရာဝတီမြစ်ရေ ကျဆင်းသွားပြီးနောက် ပခုက္ကူမြို့နယ်အတွင်းမှ မြစ်ကမ်းနံဘေးကျေးရွာများတွင် ကမ်းပြိုမှုများ ပြန်လည်ဖြစ်ပေါ်ကာ စိုက်ပျိုးမြေများ ပြိုကျပျက်စီးနေ
Published 27 September 2015
သက်ထိန်ဝင်း (ပခုက္ကူ)

စက်တင်ဘာလလယ်မှ စ၍ ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားပြီးနောက် ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ကမ်းနံဘေး ကျေးရွာများတွင် ကမ်းပြိုမှုများ ပြန်လည်ဖြစ်ပေါ်နေပြီး စိုက်ပျိုးမြေများ ပြိုကျပျက်စီးမှုနှင့် ကြုံ တွေ့နေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ 
 
ပခုက္ကူမြို့နယ်အတွင်းမှ ဧရာဝတီမြစ်ကမ်းနံဘေး ကျေးရွာ ရှစ်ရွာခန့်မှာ ကမ်းပြိုမှုကြောင့် စိုက်ပျိုးမြေများ ဆုံးရှုံးနေရသည့်အတွက် လာမည့်မြစ်ရေနည်းကာလတွင် တာဝန်ရှိသူများအနေဖြင့် ကမ်းပြိုမှုဒဏ် သက်သာစေရန် ရေလွှဲရေကာတန်းများ လုပ်ဆောင်ပေးရန် ဒေသခံများက လိုလားနေကြောင်းလည်း သိရသည်။ 
 
ဧရာဝတီမြစ်ကမ်းပြိုမှုကြောင့် နေအိမ်များ ရွှေ့ပြောင်းရမည့် အခြေအနေနှင့် ကြုံနေရသည့် ကျတ်တန်းကုန်းကျေးရွာအနီးမှ မြစ်ကမ်းပါးမှာလည်း မြစ်ရေကျဆင်းသွားသည့်အတွက် ကမ်းပြိုမှု စတင်ဖြစ်ပေါ်ကာ ကမ်းပါးမှာလည်း ယခင်ထက် မတ်စောက်လာကြောင်း သိရသည်။ 
 
“ကမ်းပါးအောက် ရေရောက်ချိန်ကစပြီး ကမ်းပြိုတာပဲ။ မော်တော်တွေကလည်း ရွာဘေးကနေ ဖြတ်မောင်းသွားတော့ လှိုင်းတအားပုတ်ပြီး ကမ်းပါးက ပြိုနေတယ်။ ရေထပ်ကျသွားရင် ကမ်းပါးက ပိုမတ်စောက်ပြီး ရေက ပိုပြီး တိုက်စားဦးမှာပဲ။ ပြီးခဲ့တဲ့ ရေတက်ချိန်မှာ  ကမ်းပါးပြိုလို့ ပြောင်းသွားတဲ့ အိမ်တွေလည်း မဆောက်နိုင်သေးဘူး။ ကမ်းပြိုတာကို လာမယ့် ရေနည်းချိန်မှာ ကာကွယ်မှုတွေ မလုပ်ဘူးဆိုရင် တစ်ရွာလုံး ကမ်းပါးပြိုတဲ့ထဲ ပါသွားနိုင်တယ်” ဟု ကမ်းပြိုမှုနှင့် ကြုံတွေ့နေရသည့် ကျတ်တန်းကုန်းကျေးရွာမှ ကိုကျော်မင်းက ပြောကြားသည်။ 
 
ကျတ်တန်းကုန်းကျေးရွာ၏ မြစ်အောက်ပိုင်းရှိ တဲကုန်း ၊ ကျွန်းဦး နှင့် ကျွန်းညိုရွာများတွင်လည်း မြစ်ရေတိုက်စားမှုကြောင့် စိုက်ပျိုးမြေဧက ရာနှင့်ချီ ပြိုကျပျက်စီးနေပြီး ကျေးရွာ နှင့် ကမ်းပါးမှာ ယခင်ထက် ပိုမိုနီးကပ်လာကြောင်း သိရသည်။ 
 
ပခုက္ကူမြို့နယ်အတွင်း ကမ်းပြိုမှုနှင့် ကြုံ တွေ့နေရသည့် ကျေးရွာများအတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကျပ်သန်း ၂၄၀ ကျော် ကုန်ကျခဲ့သည့် ကမ်းပြိုမှုကာကွယ်ရေးမြစ်ကြောင်းပြောင်းလဲမှု လုပ်ငန်းများမှာလည်း ထိရောက်မှုနည်းပါးခဲ့ကြောင်း ဒေသခံများက ဝေဖန်ပြောကြားသည်။ 
 
ပခုက္ကူမြို့နယ်တွင်း အနောက်ဘက်ခြမ်း ကမ်းပြိုမှုကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းခဲ့ရသည့် ထောက်ရှာပင်ရွာအနီးတွင်လည်း ကမ်းပြိုမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး မြစ်ရေစီးကြောင်းမှာလည်း ကျေးရွာများဆီသို့ ဦးတည် စီးဆင်းနေသည့်အတွက် ရေလွှဲရေကာတန်းများ လုပ်ဆောင်ပေးရန် ဒေသခံများက လိုလားနေကြသည်။ 
 
“ရွာကပြောင်းထားပေမယ့် ရေစီးကြောင်းက ကျွန်တော်တို့ရွာအရှေ့ဘက်ကနေ စီးနေတော့ ကမ်းကပြိုနေတုန်းပဲ။ ဒီတိုင်း ရေဆက်စီးပြီး ကမ်းပြိုနေဦးမယ်ဆိုရင် လက်ရှိပြောင်းထားတဲ့ နေရာအထိ ကမ်းပါးကရောက်လာဦးမှာပဲ။ လာမယ့်ရေနည်းချိန်မှာ ရေလွှဲရေကာတန်းတွေ လုပ်ပေးစေချင်တယ်။ ဒီလိုမှ လုပ်မပေးလို့ ကမ်းပြိုတဲ့ဒဏ်ထပ်ခံရရင် ကျွန်တော်တို့မှာ ပြောင်းစရာမြေမကျန်တော့ဘူး” ဟု ထောက်ရှာပင်ကျေးရွာမှ ကိုအေးကိုက ပြောကြားသည်။ 
 
ထောက်ရှာပင်ကျေးရွာအနီး ကူကျွန်း၊ လက်ပံကျွန်း၊ သဖန်းပင်နှင့် နုန်းပို့ကုန်းကျေးရွာများ၌လည်း မြစ်ရေတိုက်စားမှုကြောင့် စိုက်ပျိုမြေများ ပြိုကျပျက်စီးနေပြီး လုပ်စားမြေဆုံးရှုံးမှုကြောင့် ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲနှင့် ကြုံတွေ့လာရသည်။
 
ဧရာဝတီတံတား (ပခုက္ကူ ) တည်ဆောက်ပြီးနောက်ပိုင်း ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ကမ်းနံဘေးကျေးရွာများမှာ မြစ်ရေတိုက်စားမှုဒဏ်ကို ပိုမိုခံစားခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် သိမ်ကုန်း၊ မရိုးကုန်းနှင့် မြင်းကျွန်းကျေးရွာများမှာ ရွာလုံးကျွတ်ရွှေ့ပြောင်းခဲ့ရသည်။ 
 

Most Read

Most Recent