တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေလုပ်သားများကဲ့သို့ ရွှေ့ပြောင်းလုပ်သားများ မဲပေးခွင့်ရရန် ပုံစံ ၃ (က) ဖြင့် လျှောက်ထားရန် လိုအပ်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေလုပ်သားများကဲ့သို့ ရွှေ့ပြောင်းလုပ်သားများ မဲပေးခွင့်ရရန် ပုံစံ ၃ (က) ဖြင့် လျှောက်ထားရန် လိုအပ်
Published 27 September 2015
ဇော်မိုးဦး (မြိတ်)

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေလုပ်သားများကဲ့သို့ ရွှေ့ပြောင်းလုပ်သားများမှာ မဲပေးခွင့်ရရန် ပုံစံ ၃ (က) ဖြင့် လျှောက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
ရေလုပ်ငန်း အဓိကလုပ်ကိုင်လျက်ရှိသော တနင်္သာရီတိုင်းဒေသကြီးအတွင်း ရွှေ့ပြောင်းလုပ်သား အများအပြားရှိပြီး မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်ကာ ငါးဖမ်းလှေကြီးများတွင် လာရောက်လုပ်ကိုင်နေသူများလည်း ရှိကြောင်းသိရသည်။ အများအားဖြင့် မြိတ်မြို့တွင် ထားဝယ်၊ ဧရာဝတီ၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ရွှေ့ပြောင်းလုပ်သား အများစုရှိနေပြီး ရွေးကောက်ပွဲကျင်းပသည့်အချိန်မှာ ငါးဖမ်းရာသီဖြစ်သောကြောင့် ရေလုပ်သားများအနေဖြင့် နေရပ်ပြန် မဲပေးရန် ခက်ခဲမည်ဖြစ်ကြောင်း သိရသည်။
 
“ရွှေ့ပြောင်းလုပ်သားများအနေဖြင့် မဲပေးခွင့်ရဖို့ ရက်ပေါင်း ၃၀ ကြိုပြီး ဆောင်ရွက်ကြဖို့လိုပါမယ်။ ပုံစံ ၃ (က) နဲ့ လျှောက်ထားနိုင်ပါတယ်။ ဒီဘက်မှာက ရေလုပ်သားတွေ များပါတယ်။ မိမိရောက်ရှိနေတဲ့ နေရာမှာမဲပေးခွင့်ရဖို့ ပြောင်းလာတဲ့နေရာက မဲစာရင်းပါကြောင်း လိုပါတယ်။ မဲစာရင်းကသာ အတည်ဖြစ်ပါတယ်။  ဒါကြောင့် ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ရွေးကောက်ပွဲကျင်းပတဲ့ ရက်မတိုင်မီ ရက်ပေါင်း ၃၀ အတွင်း လျှောက်ထားကြဖို့ လိုပါတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင်က ပြောကြားသည်။
 
မြိတ်ခရိုင်အတွင်း ရေလုပ်ငန်း လုပ်ကိုင်နေသူအများစုမှာ မြန်မာလဆန်း လဆုတ်ရက်များကို တွက်ချက်ပြီး လုပ်ငန်းခွင်ဝင်ရသောကြောင့် ကြိုတင်မဲပေးပြီး ပင်လယ်ပြင်အတွင်း ထွက်ခွာကြလေ့ရှိကြောင်း သိရသည်။
 
“ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက တံငါသည်တွေရဲ့ ကြိုတင်မဲတွေကို အလွဲသုံးစား လုပ်ခံရတာရှိပါတယ်။ ပင်လယ်ပြင်ထဲမှာ တစ်ပတ် ၁၀ ရက် လုပ်ငန်းခွင်ဝင်ရတဲ့ ငါးဖမ်းလှေတွေရှိသလို တစ်လကျော်ကြာတဲ့ ငါးဖမ်းလှေတွေလည်း ရှိပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့ရက်မှာ ပင်လယ်ပြင်ထဲ ထွက်ရမယ်ဆိုရင် ကြိုတင်မဲပေးပြီး သွားမှရမယ်။ လှေအနည်းစုလောက်ပဲ ရွေးကောက်ပွဲရက်မှာ မဲပေးနိုင်လိမ့်မယ်”ဟု ရေလုပ်ငန်းရှင်တစ်ဦး က ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကမ်းနီး၊ ကမ်းဝေး လှေ ၁၀၀၀၀ ကျော်ရှိပြီး ရေလုပ်သား တစ်သိန်းကျော် လုပ်ကိုင်နေကာ ရေလုပ်သားများ၏ မိသားစုဝင်များလည်း သိန်းနှင့်ချီရှိနေကြောင်း သိရသည်။          

Most Read

Most Recent