မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းတွင် အလှပြင်၊ အနှိပ်၊ လက်မှုပညာရပ်များအပြင် အသက်မွေးဝမ်းကျောင်းပညာများ တိုးချဲ့သင်ကြားမည်

မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းတွင် အလှပြင်၊ အနှိပ်၊ လက်မှုပညာရပ်များအပြင် အသက်မွေးဝမ်းကျောင်းပညာများ တိုးချဲ့သင်ကြားမည်
Published 27 September 2015

မေရီချက် (ပ်) မင်း နားမကြားသော ကလေးများကျောင်းတွင် နားမကြား ကလေးငယ်များအား အလှပြင်၊ အနှိပ်၊ လက်မှုပညာရပ်များအပြင် အသက်မွေးဝမ်းကျောင်း ပညာရပ်များ တိုးချဲ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
 
မေရီချက် (ပ်) မင်း နားမကြားသော ကလေးများကျောင်းတွင် အလှပြင်ပညာရပ် စိတ်ဝင်စားသည့် နားမကြားသောသူများအတွက် အလှပြင်ပညာရပ်ကို အခမဲ့သင်ကြားပေးကာ မုဒိတာအမည်ရှိ Beauty Saloon ကို ဖွင့်လှစ်ပေးထားကြောင်း မေရီချက် (ပ်) မင်း နားမကြားသော ကလေးများကျောင်း၏ ကျောင်းအုပ်ကြီးထံမှ သိရသည်။
 
အဆိုပါ Beauty Saloon ကို ၂၀၁၅ စက်တင်ဘာလအတွင်း ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကာ အရွယ်ရောက်ပြီး နားမကြားသော ကလေးများ၏ ဘဝရှေ့ရေး ခိုင်မာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
 
“ ဒီအလှပြင်ဆိုင် Beauty Saloon ကို ဖွင့်ချင်တာကြာပါပြီ။ အန်တီတို့ကျောင်းရဲ့နားမကြားတဲ့အရွယ်ရောက်ပြီး ကလေးတွေက အလှပြင်ပညာရပ်ကို စိတ်ဝင်စားတယ်။ ဒါပေမဲ့ အရင်က အလှူရှင်မရှိတော့ မဖွင့်နိုင်ခဲ့ဘူး။ အခုက အလှူရှင်ကလည်းပေါ်လာပြီ။ အလှပြင်ပညာရပ်ဆိုင်ရာတွေကို အခမဲ့ လာရောက်သင်ကြားပေးတဲ့ ဆရာတွေလည်းရှိတော့ သူတို့လေးတွေလည်း အဆင်ပြေတာပေါ့။ ဘယ်လိုပဲ မသန်စွမ်းဖြစ်ပေမယ့် ကိုယ်တိုင်ဝင်ငွေရှာနိုင်တာပေ့ါ” ဟု မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်း ကျောင်းအုပ်ကြီး ဒေါ်ညွန့်ညွန့်သိန်းက ပြောကြားသည်။
 
အဆိုပါ အလှပြင်ဆိုင်တွင် ဆံပင်ညှပ်၊ ခေါင်းလျှော်၊ ဆံပင်ကောက်၊ ဆံပင်ဖြောင့်၊ ဆံပင်ပေါင်းခြင်း၊ ဆေးဆိုးခြင်း၊ ခြေသည်း၊ လက်သည်းသန့်ရှင်းခြင်း၊ အလှပြင်ခြင်း၊ မျက်နှာပေါင်းတင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
 
ယင်းအလှပြင်ဆိုင် Beauty Saloon ကို အမှတ် (၂) သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်ရှိ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းဝင်းအတွင်းသာ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent