အစားအသောက်၊ အလှကုန်၊ ဆေးဝါးများ စိစစ်စောင့်ကြပ်ခြင်းကို FDA အပြင် အကောက်ခွန်၊ ပြည်ထဲရေး၊ စည်ပင် စသည့်ဌာနများ အမျိုးသားအဆင့်ပူးပေါင်းစစ်ဆေးမှု အောက်တိုဘာတွင် စတင်မည်

အစားအသောက်၊ အလှကုန်၊ ဆေးဝါးများ စိစစ်စောင့်ကြပ်ခြင်းကို FDA အပြင် အကောက်ခွန်၊ ပြည်ထဲရေး၊ စည်ပင် စသည့်ဌာနများ အမျိုးသားအဆင့်ပူးပေါင်းစစ်ဆေးမှု အောက်တိုဘာတွင် စတင်မည်
Published 27 September 2015
အိသဉ္ဇာကျော်

အစားအသောက်၊ အလှကုန်၊ ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိစစ်စောင့်ကြပ်ခြင်းကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအပြင် အကောက်ခွန်၊ ပြည်ထဲရေး၊ စည်ပင် စသည့် ဌာနများ အမျိုးသားအဆင့် ပူးပေါင်းစစ်ဆေးမှု လာမည့် အောက်တိုဘာတွင် စတင်မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ သိရသည်။ 
 
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အပါအဝင် နှီးနွှယ်ဌာနများ ပူးပေါင်း၍ ယခု စက်တင်ဘာလအတွင်းက Networking Committee  စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းကော်မတီကို FDA အပါအဝင် အခြားနှီးနွှယ်ဌာနများဖြစ်သည့် အကောက်ခွန်၊ ပြည်ထဲရေး၊ စည်ပင်စသည့် ဌာနများအပြင်  မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံဆီနှင့် ဆီစက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်နှင့်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂ၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အစာအာဟာရဆိုင်ရာ သိပ္ပံနှင့်နည်းပညာအသင်း၊ စားသုံးသူ ကာကွယ်ရေးအသင်း စသည်တို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားကြောင်း၊ ကော်မတီ စတင်ဖွဲ့စည်းအကောင်အထည်ဖော်ရန် ညှိနှိုင်းသည့် အစည်းအဝေးကို စက်တင်ဘာ၂၅ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်ရုံး)တွင် ပြု လုပ်ခဲ့ကြောင်း သိရသည်။
 
ထို့ပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း ရောင်းချနေသည့် အစားအသောက်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယခုကျင့်သုံးနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိစစ်စစ်ဆေးခြင်းစနစ်အစား အန္တရာယ်အခြေပြု စိစစ်စစ်ဆေးခြင်းစနစ်ကို ပြောင်းလဲကျင့်သုံးမည့်အပြင် ဈေးကွက်ထောက်လှမ်းစောင့်ကြည့်ခြင်းကိုလည်း တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 
 
အစားအသောက်များနှင့် ပတ်သက်၍ ဈေးကွက်ထောက်လှမ်း စောင့်ကြည့်ခြင်းများ လုပ်ဆောင်ရာတွင် ဈေးကွက်အတွင်း ရောင်းချသည့်အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေးကို ဆောင်ရွက်လျက်ရှိကြောင်း နှင့် စားသုံးရန် မသင့်သော အစားအသောက်များ ဈေးကွက်အတွင်းတွေ့ရှိပါက အများပြည်သူသိရှိရန် ကြေညာပြီး နှီးနွှယ်ဌာနများ နှင့် ပေါင်းစပ်၍ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူခြင်း၊ ဖျက်ဆီးခြင်း စသည်တို့ ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
 
အစားအသောက်တင်သွင်း/တင်ပို့လို ပါက သွင်းကုန်/ပို့ကုန် လိုင်စင်လျှောက်ထားရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရယူရန် လိုအပ်ပြီး အစားအသောက်တင်ပို့/ တင်သွင်းလာပါက တင်ပို့/တင်သွင်းလာမည့် အစားအသောက်အတွက် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ကျန်းမာရေးထောက်ခံချက်ရယူရန်လည်း လိုအပ်ကြောင်း သိရသည်။ 
 
၂၀၁၅ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ သွင်းကုန်/ပို့ကုန်စာရင်းများအရ သွင်းကုန်ထောက်ခံချက်ပေါင်း ၄၀၉၅၊ တင်သွင်း ထောက်ခံချက် ၄၃၀၀၊ ပို့ကုန်ထောက်ခံချက် ၁၄၃ နှင့် တင်ပို့ထောက်ခံချက ်၁၇ ခုကို ထုတ်ပေးထားကြောင်း  သိရသည်။ 
 

Most Read

Most Recent