ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးမှု အလောသုံးဆယ် လုပ်သင့် မလုပ်သင့် KNU ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်မေးမြန်းခဲ့ဟု ဦးဝင်းထိန် ပြောကြား

ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးမှု အလောသုံးဆယ် လုပ်သင့် မလုပ်သင့် KNU ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်မေးမြန်းခဲ့ဟု ဦးဝင်းထိန် ပြောကြား
Published 25 August 2015
အောင်ဇော်ထွန်း

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမှု အလောသုံးဆယ် လုပ်သင့် မလုပ်သင့်နှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်နှင့် သြဂုတ် ၂၂ရက်က ရန်ကုန်မြို့၌ တွေ့ဆုံစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့သည်ဟု  NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
 
ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်ခဲ့သည့် အဆိုပါ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးဝင်းထိန်လည်း ပါဝင်ခဲ့ပြီး KNU မှ ဗိုလ်မှူးကြီး စောတူးတူးလေးနှင့်အတူ ဦးဟန်ညောင်ဝေတို့ ပါဝင်ခဲ့ကြောင်းသိရပြီး တွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးရေးကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း၊ အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ဆောင်ရွက်ရမည့် နိုင်ငံရေးမူဘောင်နှင့် ပတ်သက်၍လည်း အကြမ်းဖျင်းဆွေးနွေးခဲ့ကြောင်း  ဦးဝင်းထိန်က ရှင်းပြသည်။ 
 
ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဦးဝင်းထိန်က “ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးပြောတာကတော့ ဥပဒေကြောင်းအရ ပြောတာတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပုဂ္ဂိုလ်တွေဟာ မတရားအသင်း ကြေညာခံရတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်လား။ မတရားအသင်း ကြေညာခံထားရတဲ့ အဖွဲ့တွေက သူတွေဆိုတော့ အခုလို တရားဝင်ဆွေးနွေးတာတောင်မှ အစိုးရက ဆွေးနွေးတာက ဆွေးနွေးတာပဲ။ တကယ်တမ်း ဥပဒေကြောင်းအရ ရှင်းလင်းမှုရှိလား ဘာလား အဲဒါမျိုးတွေကအစ ဥပဒေကြောင်းအရ မေးခွန်းထုတ်စရာတွေ အများကြီးရှိတယ်ဆိုတာကို အဲဒါမျိုးတွေ ထောက်ပြတာပေါ့” ဟု ပြောကြားသည်။
 
“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ အပစ်အခတ်ရပ်စဲရင်တော့ ကြိုက်တယ်လို့ သူကပြောပါတယ်။ လွတ်လပ်ရေး မရခင်ကတည်းကဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေက ချုပ်ငြိမ်းမယ့် သဏ္ဌာန်ပေါ်တဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရင်တော့ ကြိုက်တယ်။ 
ဒါပေမဲ့ တကယ်တမ်း အဖြေမှန်က နိုင်ငံရေးဆွေးနွေးပွဲကသာ အဖြေမှန်။ အဲဒါက အဝေးကြီးသွားရဦးမယ်ဆိုတာကို အားလုံးသဘောပေါက်ကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်  ဒီလက်မှတ်ထိုးတဲ့ကိစ္စက အလောသုံးဆယ် လုပ်သင့်သလား မလုပ်သင့်သလား။ 
အလောသုံးဆယ်လုပ်တာ ဘာအကြောင်းတွေရှိလဲ နောက်မှာ။ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ ကတော့ တကယ်တမ်း အပစ်အခတ်ရပ်စဲရေးကို ကြိုက်တယ်။ အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်ထိုးမယ်ဆိုရင် အဓိပ္ပာယ်ရှိရမယ်။ အားလုံးက လိုက်နာကျင့်သုံးမှု ရှိရမယ်။ ဒီသဘောကို ပြောပါတယ်။ ဒါပေမဲ့ ခက်တာက လက်မှတ်ထိုးတဲ့သူက ထိုးတယ်။ မထိုးတဲ့သူက မထိုးဘူး။ အဲဒါမျိုးတွေဆိုတော့ ကျွန်တော်တို့ နိုင်ငံရေးအဖွဲ့အစည်းအနေနဲ့က ခက်တာပေါ့” ဟု ပြောကြားသည်။
 
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကဏ္ဍသာမက နိုင်ငံရေးပါတီများ၏ ကဏ္ဍသည်လည်း များစွာအရေးကြီးကြောင်း နှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 
 
ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ကိုယ်စားလှယ်တို့၏ တွေ့ဆုံမှုနှင့်ပတ်သက်ပြီး  KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက “ NLD ကလည်း နောင်လာမယ့် ရွေးကောက်ပွဲမှာ သူက တစ်စုံတစ်ခု ဖြစ်လာမယ့်အပေါ် အခုကတည်းက ကြိုပြီးတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကိစ္စ၊ မူဘောင်ကိစ္စတွေကို သဘောထားအမြင်တွေ ဆွေးနွေးတာပေါ့” ဟု သြဂုတ် ၂၃ ရက်က ပြောကြားထားသည်။
 
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပါက ပြည်တွင်း အသိသက်သေများအဖြစ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၁၀ ဦး ပါဝင်လက်မှတ်ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဆိုပြုချက်ကို နှစ်ဖက်သဘောတူညီထားကြောင်း သြဂုတ် ၆ ရက်နှင့် ၇ ရက်က ရန်ကုန်မြို့၌ ပြု လုပ်ခဲ့သည့်  ကိုးကြိမ်မြောက် NCA မူချော ပြုစုရေး အစည်းအဝေးဆုံးဖြတ်ချက်များနှင့် မှတ်တမ်းများအရ သိရသည်။