ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်နေရာကို သမ္မတ ဦးသိန်းစိန်အတွက် ချန်လှပ်ပေးထားပြီး ပြိုင်မပြိုင်မှာ ၎င်း၏ ဆန္ဒသာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ပြောကြား

ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်နေရာကို သမ္မတ ဦးသိန်းစိန်အတွက် ချန်လှပ်ပေးထားပြီး ပြိုင်မပြိုင်မှာ ၎င်း၏ ဆန္ဒသာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ပြောကြား
Published 29 July 2015
ငြိမ်းကို၊ ဆန်းထူးအောင်

ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်နေရာကို ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာ လျာထားခြင်း မရှိဘဲ သမ္မတ ဦးသိန်းစိန်အတွက် ချန်လှပ်ပေးထားပြီး ပြိုင် မပြိုင်မှာ ၎င်း၏ ဆန္ဒသာဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုတာ ဝန်ပေးအပ်ပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောကြားသည်။“သမ္မတကြီးရဲ့ မူလမဲဆန္ဒနယ်မြေ ဇမ္ဗူ သီရိမြို့နယ် နေရာကို အခုချိန်အထိ ကျွန်တော်တို့က honour လုပ်တဲ့ အနေနဲ့ ဘယ်သူမှ လျာထားခြင်း မရှိသေးပါဘူး။ သမ္မတကြီး ဆုံးဖြတ်ဖို့ပဲ လိုပါတယ်” ဟု ဦးမောင်မောင်သိမ်းက ပြောကြားသည်။ထို့ပြင် ယခုလက်ရှိ အချိန်တွင် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ပါတီအောင်နိုင်ရေးကိုသာ အဓိကထား လုပ်ဆောင်နေပြီး သမ္မတလောင်းအား ရွေးချယ်ထားခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။“ကျွန်တော်တို့ ပါတီသာ ဦးဆောင်ခွင့်ရရင် ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ပြီး သွားမှာပါ။ သမ္မတကြီးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှ မသိရသေးပါဘူး။ သမ္မတလောင်း ရွေးချယ်မှုနဲ့ ပတ်သက်လို့ ဒီချိန်မှာ ဘာမှ မရွေးသေးပါဘူး။ ပါတီအောင်နိုင်ရေးကို အရင်ဆုံးသွားပါမယ်။ ပါတီအောင်နိုင်ပြီးမှ ဆုံးဖြတ်ပါမယ်။ ဒါကို ပါတီကပဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ တချို့လည်း သဘောထားတူတယ် မတူဘူးဆိုတာ ဒီမိုကရေစီနည်းလမ်းအရ ရှိနေမှာပဲ။ ဒါပေမဲ့ ဒီမိုကရေစီ နည်းလမ်းအရ ဆုံးဖြတ်တဲ့ အခါတော့ လိုက်နာရမှာ ဖြစ်တယ်” ဟု ဦးမောင်မောင်သိမ်းက ရှင်းပြသည်။ဆက်လက်၍ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် သမ္မတရုံးဝန်ကြီး လေးဦးမှာ ၂၀၁၀ တွင် ယှဉ်ပြိုင်ခဲ့သည့် ၎င်းတို့ မဲဆန္ဒနယ်မှသာ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဦးစိုးသိန်းနှင့် ဦးအောင်မင်းသည် ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုလာသဖြင့် ပြည်ခိုင်ဖြိုးပါတီမှ မူလနယ်မြေများတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် အကြံပြုစာ ပေးပို့ထားကြောင်း ၎င်းက ပြောကြားသည်။“သမ္မတရုံးဝန်ကြီး ဦးလှထွန်း သူ့ရဲ့ မူလမဲဆန္ဒနယ်ဖြစ်တဲ့ ကျောက်ပန်းတောင်းကနေ ပြန်အရွေးခံပါ့မယ်။ ပြီးတော့ ဦးတင်နိုင်သိန်းကလည်း အရင်မဲဆန္ဒနယ် ကလောကနေ ရွေးပါမယ်။ သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်ကလည်း မူလမဲဆန္ဒနယ်ဖြစ်တဲ့ မအူပင်ကနေ ပြန်ရွေးပါ့မယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်ကလည်း အရင် မဲဆန္ဒနယ်မြေဖြစ်တဲ့ ရေစကြိုကနေ ပြန်ရွေးပါ့မယ်။ ပြီးတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ကတော့ ကယားပြည်နယ်ကနေ ပြီးတော့မှ အမျိုးသားလွှတ်တော်ကနေ သွားပြီး အရွေးခံမယ်လို့ သူတို့ဘက်က ပါတီကို အဆိုပြုတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မသင့်တော်ပါဘူးလို့ မူလ မဲဆန္ဒနယ်မြေဖြစ်တဲ့ ဦးအောင်မင်းဆိုရင် တောင်ငူ၊ ဦးစိုးသိန်းဆိုရင် ကျွန်းစု၊ ကျွန်းစုမြို့နယ်မှာ ဆိုရင် ဦးစိုးသိန်းက ပြိုင်ဘက်မရှိ အရွေးချယ် ခံခဲ့ရတယ်။ အဲဒီတော့ မူလမဲဆန္ဒနယ်မြေမှာ သူတို့ကို ရွေးချယ်ပြီး ထောက်ခံမဲပေးခဲ့တဲ့ ပြည်သူလူထုကလည်း မျှော်လင့်နေပါတယ်။ အဲဒီကိုပဲ ပြန်ပြီးတော့ အဆိုပြုသင့်ပါတယ်လို့ ပါတီက အကြောင်းပြန်ခဲ့ပါတယ်။ တစ်သီးပုဂ္ဂလ အနေနဲ့ ပြိုင်တာ မပြိုင်တာကတော့ သူတို့သဘောပါပဲ” ဟု ဦးမောင်မောင်သိမ်းက ပြောကြားသည်။