ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ခိုက်မှုများ ပြင်းထန်လာမှုအပေါ် များစွာစိုးရိမ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဇူလိုင် ၂၄ ရက် က ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် “တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုကြောင့် အကာအကွယ်မဲ့သော လူ့အဖွဲ့အစည်းများသည် မလိုလားအပ်ဘဲ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်အတွက် မရှိမဖြစ်သော ယုံကြည်မှုကို ပျက်ပြားစေပါသည်” ဟု ပါရှိခဲ့သည်။
ယင်းအပြင် နေရပ်စွန့်ခွာ ထွက်ပြေးရသူများ၏ လိုအပ်ချက်များကို ဦးစားပေးရန် နှင့်ထိခိုက်နစ်နာရသူများအားလုံးကို လူသားချင်း စာနာသော အကူအညီပေးရန် မိမိတို့က အာဏာပိုင်များအား တိုက်တွန်းကြောင်း အမေရိကန်သံရုံးက ဆိုသည်။
စစ်မှန်ပြီး တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရန် သက်ဆိုင်သူအားလုံးက သည်းခံခြင်းတရား ထားရှိရန်နှင့် ဆွေးနွေးညှိနှိုင်းကြရန် ကျွနု်ပ်တို့က မေတ္တာရပ်ခံအပ်ပါသည်ဟု ထုတ်ပြန်ခဲ့သည်။
ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်ဒေသတို့တွင် တိုက်ပွဲများဖြစ်ပွားနေမှုနှင့်အတူ တပ်မတော်၏ ထိုးစစ်ဆင်မှုများ၊ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသတွင်းရှိ စစ်ဘေးဒဏ်သင့်ပြည်သူများ၏ လတ်တလောအခြေအနေများနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် အထူးထိတ်လန့် စိုးရိမ်ပူပန်လျက်ရှိသည်ဟု အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၉၀ ကျော်ခန့်က ဇူလိုင် ၂၄ ရက်တွင် စုပေါင်းတောင်းဆိုမူတစ်ခု ပြုလုပ်ခဲ့သည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ တင်ပြတောင်းဆိုချက်များတွင် ၂၀၁၅ ခုနှစ်၊ ဇူလိုင်၂၂ ရက်တွင် ဆွမ်ပရာဘွမ်မြို့နယ်၊ဆွမ် ပီယမ်ကျေးရွာ (ပူတာအိုမြို့နယ်အနီး) ၌ အစိုးရတပ်မတော် နှင့် ကေအိုင်အေအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည် ဟုဖော်ပြခဲ့ကြသည်။ ဇူလိုင် ၂၀ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ၊ ကွတ်ခိုင်မြို့ နယ်၊ ဟူးဖြတ်မန်နောင်ကျေးရွာ၌ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများ ဖြစ်ပွားနေခြင်းအတွက် သောင်းဂဏန်းဝန်းကျင်ရှိ စစ်ဘေးဒဏ်သင့် ဒေသခံပြည်သူအများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်ရှောင်နေကြရကြောင်း အရပ်ဘက်အဖွဲ့အစည်း ၉၀ကျော်ခန့်က ထုတ်ပြန်မှု ပြုလုပ်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရပ်ဘက်အဖွဲ့အစည်းများ၏ စုပေါင်းတောင်းဆို ထုတ်ပြန်မှုများအရ လက်ရှိထိုးစစ်ဆင်မှုများနှင့် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ပေးရန်နှင့် အားလုံး ပါဝင်သော တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် ရေးထိုးရန်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ခိုက်မှုများ ပြင်းထန်လာမှုအပေါ် များစွာစိုးရိမ်မိကြောင်း အမေရိကန်သံရုံး ထုတ်ပြန်