ဆီးဂိမ်းဖိုင်နယ်အပြီးမှာ ကျွန်တော်ငိုခဲ့ပါတယ်.

ဆီးဂိမ်းဖိုင်နယ်အပြီးမှာ ကျွန်တော်ငိုခဲ့ပါတယ်.
Published 30 June 2015
မောင်စံပေါ

(၁)
 
ဒီစာကိုရေးဖို့ ကျွန်တော် တော်တော်ကြီးကို အားမွေးခဲ့ရတာပါ။ အခုရော အားရှိလို့၊ အားပြည့်လို့ ရေးတာလားမေးရင် ကလေးတွေလိုပဲ ဖြေချင်ပါတယ်။ နိုး (No) ပါ။ ဆောရီးပါ။
 
ဟုတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေလို ပြောရမလား။ ဗိုက်ကနာလှပြီ။ ရေမြွှာက ပေါက်ခဲ့ပြီ။ အချိန်တန်ပြီဆိုတော့ ဆွဲထားလို့မှ မရတာ။ အောင့်ထားလို့မှ မရတာလေ။ ဒီတော့ မွေးရုံပေါ့။ နာတယ်ဆိုတာလည်း အတိုင်းအတာတစ်ခုသာ၊ ကာလတာတစ်ခုသာ မဟုတ်လား။
 
(၂)
 
ဘာကောင်မှ မဟုတ်တဲ့ ကျွန်တော့် အaကြာင်းကို ကျွန်တော် အရင်ပြောပါမယ်။ အညာမှာမွေးတယ်။ အဖေက သာမန်ဝန်ထမ်းငယ်တစ်ယောက်။ ပါလီမန် ဒီမိုကရေစီဆိုတာ အကြားနဲ့ပဲမှတ်သားခဲ့ဖူးတာပါ။ တော်လှန်ရေးကောင်စီခေတ်မှာ မွေးတယ်။ ၁၉၇၃ ဒီဇင်ဘာ ၁၅၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရောက်တော့ ကောင်းကောင်းလူမှန်းသိတတ်နေပြီ။ အဲဒီနေ့မတိုင်ခင်ကတည်းက “ကမ္ဘာဤမြေ မြန်မာတည်နေ”စတဲ့ နိုင်ငံတော်သီချင်းအလောင်းအလျာတွေကို လော်စပီကာကြီးကနေ ဖွင့်တာတွေ နားလျှံအောင် ကြားခဲ့ဖူးတယ်။ 
ဘာကြောင့်မှန်းတော့မသိ၊ နိုင်ငံတော်အလံ အသစ်ပြောင်းခဲ့ပေမယ့် နိုင်ငံတော်သီချင်းက ကျောင်းစနေကတည်းက သီချင်းပဲဆက်ပြီး တည်ရှိနေခဲ့တယ်။
 
(၃)
 
ထားပါတော့ဗျာ။ ကိုယ့်အကြောင်းကိုယ် ဆက်ပါရစေ။ ဘာမှ အထွေအထူးပြောစရာမရှိပါဘူး။ ကျောင်းတက်တယ်။ ဆယ်တန်းအောင်တယ်။ ဝန်ကြီးတစ်ပါးပြောင်းရင် ဆေးတစ်မျိုးဖော်တဲ့ ပုံသေနည်းအောက်မှာ လူလားမြောက်ခဲ့ကြသူတွေပီပီ တက္ကသိုလ်ကို တိုက်ရိုက်ဝင်ခွင့်မရခဲ့ဘူး။ ဒေသကောလိပ်ဆိုတာကြီးက ပဲလှော်ကြားဆားညပ်ခဲ့တယ်။ အဲဒီမှာတင် ဒေသကောလိပ်ဆိုတဲ့ ကြားလူဖျက်လို့ ပျက်ခဲ့ရတဲ့ဘဝတွေ အများကြီးရှိခဲ့တယ်။ စနစ်အပြောင်းမှာ ကောင်းစားသွားသူတွေ ရှိပေမယ့် ဘဝပျက်ခဲ့ကြတာတွေက ပိုများတယ်။ 
 
(၄)
 
ဘဝကို ပုံမှန်ဖြတ်သန်းခဲ့ပြီး ထိပ်တန်းမှာလည်း ဘယ်တုန်းကမှ မနေခဲ့တဲ့ ကျွန်တော် ဘာမှအော်မြည်ငိုကြွေးစရာ မကြုံခဲ့ပါဘူး။ မန္တလေးတက္ကသိုလ်မှာ ပုံမှန်တက်ပြီး ဘွဲ့တစ်ခုရခဲ့တယ်။ အဖေက အစိုးရအမှုထမ်းလုပ်ခဲ့တာကို မြင်သားကျပြီး ယဉ်ပါးခဲ့တဲ့ဘဝမှာ သားပါ အစိုးရဝန်ထမ်း လုပ်ခဲ့တယ်။ အစိုးရဆိုတာ ပြည်သူ့ဝန်ထမ်းအကြီးစား၊ ကျွန်တော်တို့က ပြည်သူ့ဝန်ထမ်း အငယ်စားဆိုတာမျိုး စဉ်းတောင်မစားခဲ့ဖူးပါဘူး။ ဟိုကောင် ကျောင်းနေဖက်သူငယ်ချင်း ပေတလူပြောမှ ကြားဖူးတာ။
 
(၅)
 
ဝန်ထမ်းလုပ်ရင်း လစာထဲက တစ်ဝက်ကို အမေ့အပ်ပြီး ကျန်တာသုံးရင်း ပျော်ပျော်ကြီးလူပျိုလုပ်လာတာ တိုတိုပြောကြပါစို့ရဲ့၊ မိန်းမရပါရော။ ပါးစပ်ပေါက်က တိုး၊ ကုန်ဈေးနှုန်းကတက်နဲ့ အသက်ထွက်လုလုမှာ ဘိုးဘိုးအောင်နဲ့ တွေ့ခဲ့တယ်။ တခြားသူ ဟုတ်ပါရိုးလား။ 
ဆရာကြီးဦးမောင်ကိုရဲ့သား ကိုမြင့်ဦးပေါ့။ သူ့ရဲ့စောင့်ရှောက်မှုနဲ့ စင်ကာပူရောက်ခဲ့တယ်။ ကုန်သေတ္တာကားမောင်းတဲ့အလုပ် ရခဲ့တယ်။ ဆရာကြီးဦးမောင်ကိုရဲ့သားကလည်း ဆရာကြီးပါပဲ။ စင်ကာပူမှာ ကိုယ်သိချင်တာ သူ့ကိုမေးရတာ။ သူကလည်း ညီတစ်ယောက်လို စောင့်ရှောက်ပါတယ်။ ရတဲ့လခလေး ခြိုးခြံသုံး၊ ပိုတာအိမ်ပြန်ပို့နဲ့ သံသရာလည်ခဲ့တယ်။ 
 
(၆)
 
 လည်တဲ့သံသရာကသာ လည်တာ၊ မလည်တဲ့ ပြက္ခဒိန်တွေက နောက်ကြောင်းမပြန်ကြတော့ သားအကြီးက တဖြည်းဖြည်း ကြီးလာတယ်။ သူ့နောက်ကို အငယ်တွေက လိုက်လာတယ်။ အိမ်ပြန်ချင်ပေမယ့် လေယာဉ်ခကိုတွက်ရင် သားသမီးတွေ ကျူရှင်ခ တစ်လစာရသဟ ဆိုပြီး အိမ်လွမ်းစိတ်ကို ချုပ်တည်းခဲ့ရတယ်။ လက်ကိုင်ဖုန်းတွေ ပေါလာတဲ့ ကျေးဇူးနဲ့၊ အင်တာနက်တန်ခိုးတော်နဲ့ သားသမီးတွေကို ရုပ်မြင်သံကြား စကားပြောခွင့်ရခဲ့တယ်။ ဒီလိုနဲ့ ဒီနှစ်သားကြီး ဆယ်တန်းအောင်ခဲ့တယ်။ ကြွားရဦးမယ် ဂုဏ်ထူးငါးခုပါတယ်။ 
 
(၇)
 
ကျွန်တော့်ရဲ့အိပ်မက်၊ ကျွန်တော့်ရဲ့ မျှော်လင့်ချက် တချို့တစ်ဝက် အကောင်အထည်ပေါ်စပြုပြီပေါ့။ မိတ်ဆွေအစ်ကိုကြီး ဦးအောင်ကျော်ရဲ့ သမီးလေး ဆယ်တန်းကို ငါးဘာသာဂုဏ်ထူးနဲ့အောင်၊ အင်ဂျင်နီယာဖြစ်၊ သြစတြေးလျမှာ လစာကောင်းကောင်းနဲ့ အလုပ်လုပ်နေတာ သိခဲ့စဉ်က ငါ့သားကြီးအလှည့်ရောက်ရင်လည်း ဒီလိုတော့ အနည်းဆုံးဖြစ်ရမယ်လို့ အောက်မေ့ခဲ့တယ်။ 
 
စင်ကာပူမှာ မြန်မာအင်ဂျင်နီယာတွေ နေရာကောင်းကောင်းတွေမှာ လစာကောင်းကောင်းနဲ့ အလုပ်လုပ်နေကြတာတွေ့တော့ ဂုဏ်ယူခဲ့တယ်။ ကားမောင်းပြီး ဝမ်းကျောင်းနေရတဲ့ ကိုယ့်ဘဝကို သိမ်ငယ်စိတ်မဝင်ခဲ့ဘူး။ ငါ့သားကြီးက ငါ့ထက်သာမှာ၊ ဒီလို အင်ဂျင်နီယာကြီးတွေဖြစ်မှာလို့ ယုံကြည်ခဲ့တယ်။
 
နောင်တော်ကြီးတစ်ယောက်ရဲ့ သမီးလေး ရန်ကုန်က အင်းစိန်ကြို့ကုန်းစက်မှုတက္ကသိုလ်မှာ တက်နေတာ၊ ထူးချွန်ကျောင်းသူ ကျောင်းသားတွေရွေးပြီး စင်ကာပူကို လေ့လာရေးခရီးလွှတ်တဲ့အထဲမှာပါ ကြောင်းကြားရတော့ သားကြီးကို အားကျအောင်ပြောပြခဲ့တယ်။
 
(၈)
 
တိုက်ဆိုင်လှစွာ သားကြီး ဆယ်တန်းအောင်တဲ့နှစ်မှာ ဆီးဂိမ်းက စင်ကာပူရောက်လာခဲ့တယ်။ ကိုယ့်မြေမှာ အိမ်ရှင်ဘဝက အခြေမလှခဲ့တဲ့ ဘောလုံးမှာ အားလုံးအံ့အားသင့်သွားအောင် နိုင်ပွဲတွေ ဆက်ခဲ့တယ်။ ပြင်းပြတဲ့ဆန္ဒ၊ ထက်သန်တဲ့ ဇွဲလုံ့လ၊ ခိုင်မာတဲ့ ယုံကြည်ချက်တွေနဲ့ မြန်မာဘောလုံးအသင်း ဖိုင်နယ်တက်ခဲ့တယ်။ မြန်မာတစ်ပြည်လုံး ပျော်နေကြတဲ့အချိန်မှာ ကိုယ်တိုင်ကိုယ်ကျ ရှေ့တန်းက အားပေးခဲ့ကြတဲ့ စင်ကာပူက မြန်မာတွေဆို ဘယ်ပြောကောင်းလိမ့်မလဲ။ ပျော်မှပျော်၊ မော်မှမော်ပေါ့ဗျာ။ 
 
(၉)
 
မြန်မာပွဲတွေမှာ ကွင်းထဲဆင်းအားပေး၊ တခြားနိုင်ငံတွေကျတော့ ရုပ်သံကကြည့်နဲ့ ဘောလုံးဝါသနာအိုး ကျွန်တော် ဆီးဂိမ်းရက်တွေကို ပျော်ပျော်ကြီး ကျော်ဖြတ်ခဲ့တယ်။ ဗီယက်နမ်ကိုနိုင်ပြီး မြန်မာဖိုင်နယ်တက်တော့ ပျော်လိုက်တာ။ ပျော်တယ်သာ ပြောတာ၊ ကိုယ်တိုင်လည်း ဘောလုံးကို စွဲစွဲမြဲမြဲကန်ခဲ့ပြီး နိုင်ငံခြားကလပ်အသင်း ဘောပွဲတွေအစ၊ ကမ္ဘာ့ဖလားအဆုံး အခွင့်အရေးရသမျှ တောက်လျှောက်ကြည့်လာသူဆိုတော့ ပူပန်စိတ်တွေ ရှိခဲ့တယ်။
 
(၁၀)
 
အဲဒီပူပန်စိတ်က ငါတို့မျှော်လင့်နေကြတာ ဖြစ်မှဖြစ်ပါ့မလားပေါ့။ နိုင်စေချင်တဲ့စိတ်က မိုးထက်မက မြင့်နေပေမယ့် အခြေအနေက ရှိသေးတယ်လေ။ ကွာဟချက်တွေကို လက်ခံရမှာပေါ့။ ငါတို့လည်း မညံ့လှပါဘူး အော်နေရင်း ဆင်းခဲ့တဲ့တွင်းကြီးက နက်လှပြီ။ 
 
အဲဒီပူပန်စိတ်ကို လောင်စာဆီလောင်း၊ မီးတို့၊ ယပ်ခတ်ခဲ့တာက အသေးစားမြန်မာ (Little Myanmar) လို့ စင်ကာပူမှာ လူသိများတဲ့ ပင်နီဆူလာပလာဇာ (Penisular Plaza) မှာပေါ့။ ရထားဘူတာ City Hall နဲ့ နီးပြီး သွားရေးလာရေးက လွယ်၊ မြန်မာစာနယ်ဇင်းအစ၊ မြန်မာအဝတ်အထည် မြန်မာအသုံးအဆောင် အလယ်၊ မြန်မာအစားအသောက်အဆုံး အားလုံးရနေတော့ စင်ကာပူရောက်မြန်မာတွေရဲ့ ဆုံရပ်ဖြစ်နေတာ မဆန်းလှပါဘူး။ လက်ဖက်ရည်၊ ဆေးပေါ့လိပ်၊ ကွမ်းယာကအစ ရတာကိုးဗျာ။
ဆီမီးဖိုင်နယ်နိုင်ပြီး ဖိုင်နယ်မတိုင်ခင်မှာ ပင်နီဆူလာကို ရောက်ပါတယ်။ မူလရည်ရွယ်ချက်ကတော့ အိမ်ကိုငွေလွှဲမလို့ပါ။ ငွေလွှဲနေကျ ဆိုင်ရှိရာအပေါ်ကိုအတက်မှာ စိတ်ကပြောင်းပြီး လေးလုံးထီ (4D) ဂဏန်း ၄၉ လုံး ထဲကနေ ကြိုက်ရာ ခြောက်လုံးရွေးထိုးရတဲ့ ခြောက်လုံးထီ () စတာတွေ ရောင်းတဲ့ ပထမထပ် ဘာတာ (Bata) ဖိနပ်ဆိုင်နား Singapore Pools အရောင်းဆိုင်ခွဲဘက်ကို ခြေဦးလှည့်ခဲ့မိပါတယ်။ 
 
(၁၁)
 
အတူပါလာတဲ့ သူငယ်ချင်းကလည်း လောင်းကစားဝါသနာအိုးဆိုတော့ နှစ်ခါ မခေါ်ရပါဘူး။ ဘောပွဲတွေအတွက် ဖွင့်ထားတဲ့ဈေးတွေ ကြည့်တယ်။ မြန်မာနဲ့ ထိုင်းဖိုင်နယ်မှာ မြန်မာနိုင်ရင် ခုနစ်ဆခွဲရမယ်တဲ့။ အဲဒါနဲ့ သူငယ်ချင်းကိုဈေးပြပြီး မေးဆတ်လိုက်တယ်။ 
ဘယ်လိုလဲပေါ့။
 
သူငယ်ချင်းက လက်ညှိုးထောင်ပြီး နှုတ်ခမ်းနားမှာတေ့ပြတယ်။ သူ့မျက်လုံးကစားရာကို ကြည့်လိုက်တော့ သားသားနားနား ဝတ်စားထားတဲ့ မြန်မာတစ်ယောက်။ ဘောပွဲလောင်းထားတဲ့ လက်မှတ်ကို လက်ကိုင်ဖုန်းနဲ့ ဓာတ်ပုံရိုက်တာတွေ့ရတယ်။ ချောင်းကြည့်လိုက်တော့ မြင်ရတာ မြန်မာဘက်က စင်ကာပူ ဒေါ်လာနှစ်သောင်းလောင်းထားတာ။ မြန်မာနိုင်ရင် တစ်သိန်းခွဲရမှာ။ ခဏအကြာမှာ သူ ဖုန်းဆက်နေတာ ကြားရတယ်။ 
 
“အေး ငါ နှစ်သောင်းလုပ်ထားတယ်။ နိုင်ရင် တစ်သိန်းခွဲရမှာ။ ခဏနေရင် လက်မှတ်ကို Facebook မှာ တင်လိုက်မယ်”
 
(၁၂)
 
နားထဲမှာ သစ္စာဖောက်၊ သစ္စာဖောက် ဆိုတဲ့ အသံတွေ ကြားယောင်လာတယ်။ လောင်းမလား၊ မလောင်းဘူးလား အတွေးတွေ လွန်ဆွဲနေတယ်။ 
 
(၁၃)
 
မျက်စိထဲမှာ စောစောကလူ မြန်မာဘက် က စင်ကာပူဒေါ်လာနှစ်သောင်း လောင်းထားတဲ့ လက်မှတ်ကို မြင်နေတယ်။ ထိုင်းဘက်က လောင်းမှာကို ဖျက်လိုက်လို့ မြန်မာဘက်က လောင်းပါလား၊ သူများတွေတောင် လောင်းထားတာ ကြည့်လေဆိုလည်း ဆောရီးပါပဲ။ သွေးမနည်းပေမယ့် အဲဒီလောက်တော့ မစွန့်စားရဲတာအမှန်။ 
 
(၁၄)
 
ဖိုင်နယ်မှာ ကျွန်တော်လား၊ ကွင်းထဲမှာပေါ့။ လောင်းမထားတော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်မြန်မာအသင်းကို ကိုယ်အားပေးတာပေါ့။ ပထမပိုင်းအပြီးအထိ တင်းခံနေခဲ့တဲ့ မျှော်လင့်ချက်တွေဟာ ဒုတိယပိုင်းမှာ ကြေမွပျောက်ကွယ်ခဲ့တယ်။ ပထမဂိုးပေးလိုက်ရချိန်မှာ မျက်ရည်ဝဲခဲ့တယ်။ ဒုတိယဂိုး ဝင်သွားချိန်မှာ မျက်ရည်စပြီး ကျခဲ့တယ်။ ကျန်သေးတဲ့အချိန်ဟာ ပြန်ချေပြီး အနိုင်ဂိုးသွင်းဖို့ လုံလောက်တယ်လို့ ဖြေတွေးတွေးပြီး ကိုယ့်ကိုယ်ကိုယ် အားပေးနေတုန်းမှာ တတိယဂိုး ရသွားပြန်ပါရော။ 
ပြီးပြီ၊ ဆေးမမီတော့ပါဘူး။ မျက်ရည်တာရိုးကျိုးခဲ့တယ်။ လူပုံအလယ်မှာ ယောကျ်ားရင့်မကြီးတစ်ယောက် ငိုတာ ဘာဖြစ်လဲ။ တွေးထင်ထားခဲ့ပေမယ့် တကယ်ကြုံလာချိန်မှာ မခံစားနိုင်တာအပြစ်လား၊ ပျော့ညံ့မှုလား။
 
(၁၅)
 
နောက်နေ့မှာသူငယ်ချင်းက ဖုန်းဆက်လာတယ်။
 
“ဟေ့ကောင် အလောင်းပိုက်ပြီး ဆွေးနေပြီမဟုတ်လား။ ဟိုလူကတော့ အများကြီးနိုင်သွားပြီ”
 
“ဘယ်လူလဲကွ”
 
“ဘယ်လူရှိရမလဲ။ နှစ်သောင်းလောင်းတဲ့လူပေါ့ကွာ။ သူက တိတ်တိတ်လေး ထိုင်းကနေ အများကြီးလောင်းထားတာ။ အဲဒီလက်မှတ်တွေကျတော့ Facebook မှာတင်တာ မဟုတ်ဘူးကွ။ လူတွေကတော့ သူ့ခမျာ ရှုံးသွားရှာပြီဆိုပြီး သနားနေမှာပေါ့။ အို ဘာပြန်ပြောရမှန်းမသိအောင် ကျွန်တော့်မှာ စကားလုံးတွေ ပျောက်ဆုံးခဲ့ပါတယ်။ 
 
(၁၆)
 
ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပြီးမှ ခံစားရမယ့် ကိုယ်ကျိုးစီးပွားကို မလိုချင်ပါဘူး။ ပြည်သူတွေရဲ့မျက်ရည်တွေနဲ့ လဲမှရမယ့် စည်းစိမ်ကိုလည်း မတပ်မက်ပါဘူး။ ပိုက်ဆံကိုလည်း ကူလီကူမာနဲ့ မရှာချင်ပါဘူး၊ မရှာတတ်ပါဘူး။ 
ယုံကြည်ချက်တွေအများကြီးနဲ့၊ အဓိပ္ပာယ်တွေအများကြီးနဲ့ ဂုဏ်ယူဝင့်ကြွားစွာ လက်မထောင်ပြီး ဆက်တိုက်အားပေးခဲ့ကြတဲ့ သူငယ်ချင်းတွေရဲ့ရှေ့မှာ ကိုယ့်အသင်းရှုံးလို့ရတဲ့ အနိုင်ငွေကို ဘယ်လိုသွားထုတ်ရမှာလဲ။ 
 
ဒါတွေကိုသိရင် သူသိပ်လိုချင်နေတဲ့ iPhone ဆုချတာ မခံရတဲ့အတွက် အဖေကိုတော့ သားကြီး စိတ်မကွက်လောက်ပါဘူး။ 
 
လောလောဆယ်မှာတော့ စင်ကာပူဆီးဂိမ်းရဲ့အမှတ်တရ ခြင်္သေ့ရုပ်ကလေးနဲ့ပဲ ကျေနပ်ဖို့ သားကြီးကိုပြောခဲ့ရတယ်။ အဖေ့ရဲ့ လက်ဆောင်ဟာ အဓိပ္ပာယ်အများကြီးရှိပါတယ် သားကြီးရယ်။ ကေသရာဇာခြင်္သေ့ဆိုတာ ဘယ်လောက် ငတ်ငတ် မြက်မစားဘူး။ ကိုယ့်ဂုဏ်သိက္ခာနဲ့ မညီတဲ့အလုပ်ကို မလုပ်ဘူး။ မလျော်မကန်တဲ့အမှုကို မပြုဘူး။