ခါဝ်ဆမ်ရိုင်ယော့ အမျိုးသားဥယျာဉ်သို့...

ခါဝ်ဆမ်ရိုင်ယော့ အမျိုးသားဥယျာဉ်သို့...
Published 23 June 2015
ဘိတ်သား

အရှေ့ဘက်ပင်လယ်ရဲ့ မနက်နေထွက်ချိန်က မြင်ကွင်းဆန်းတစ်ခုနှယ် ဖြစ်နေတယ်။ 
 
နေ့စဉ်မိုးသောက် အနောက်ဘက်ပင်လယ် (အက်ဒမန်ပင်လယ်) အတွင်းသို့ နေလုံးငုပ်လျှိုးသွားသည့် မြင်ကွင်းကို မြင်တွေ့နေခဲ့ရတဲ့ ကမ်းရိုးတန်းသား တစ်ယောက်အဖို့ အရှေ့ဘက်ပင်လယ်မှ နေထွက်လာတဲ့ မြင်ကွင်းက လှပတဲ့ မြင်ကွင်းဆန်းတစ်ခုလို ဖြစ်နေတယ်။ ထိုင်းနိုင်ငံမြေပုံရဲ့ အကျဉ်းဆုံးသော အပိုင်းဖြစ်တဲ့ ကမ်းခြေတစ်ခုကို မေးတင်ထားတဲ့ ကမ်းနားလမ်းအတိုင်း မြောက်ဘက်ကို ကားလေးက ဖြတ်သန်းပြီး မောင်းနှင်နေတယ်။ မျူရန်ပရာကျွတ် (Muang  Prachuap) ကမ်းခြေတစ်လျှောက် အမှိုက်ဟူ၍ တစ်စက်မျှမရှိ။ နေထွက်ချိန်တွင် ပုံမှန်ဝင်နေကျ ကင်းမွန်မီးထွန်းလှေကလေးများမှာ ကမ်းခြေတစ်လျှောက် အစီအရီ ရပ်နားထားတာ တွေ့ရတယ်။ ကမ်းခြေမှာ ကမ္ဘာလှည့် ခရီးသွားတစ်ယောက် အလွန်တွေ့ရခက်ခဲမည့် ပလတ်စတစ်အိတ်များ လိုက်ရှာနေတာ တွေ့ရတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လုပ်အားပေးနေတဲ့ အဆိုပါ ကမ္ဘာလှည့်ခရီးသွားမှာ မြိတ်မြို့ရှိ ကမ်းနားလမ်းအား မြင်တွေ့သွားပါက တုံးခနဲ နေရာတွင် လဲသေသွားနိုင်တယ်။ ထိုင်းနိုင်ငံရှိ လမ်းများတွင် ခွေးလေခွေးလွင့်များ၊ အမှိုက်များ တစ်စက်မျှမရှိ ခရီးသွားဧည့်သည်များကို လာချင်စဖွယ်ဖြစ်အောင် အထူးဂရုစိုက်သလို သန့်ရှင်းမှုကိုလည်း အတော်အလေးထားတာ တွေ့ရတယ်။ မိမိဒေသတွင် ရှိရင်းစွဲ နေရာလေးတွေကို မပျက်မစီး၊ မထိမခိုက်စေဘဲ ခရီးသွားများကို ဆွဲဆောင်နိုင်အောင် ပြုလုပ်တတ်တယ်။
 
“ငါတို့ရဲ့ ပင်လယ်ထဲမှာ ငါးမန်းတစ်ကောင်ရှိရင် ဒေါ်လာတွေအများကြီး ရှာလို့ရတယ်။ အဲဒီ ငါးမန်းရှိကြောင်း ခရီးသွားတွေကို ပြောပြမယ်။ ပင်လယ်ထဲကို လိုက်ပြမယ်။ ကျွန်းတွေပေါ်ကို ခဏသွားမယ်။ ဈေးရောင်းမယ်၊ ပို့ဆောင်ခတွေရမယ်၊ ဝင်ကြေးတွေရမယ်” လို့ ကျွန်တော့်ကို ထိုင်းတစ်ယောက်က ပြောတယ်။ 
 
“ကျွန်တော်တို့ဆီမှာ ငါးမန်းတွေ၊ လင်းပိုင်တွေ၊ လှပတဲ့ ကျောက်ဆောင်တွေ၊ ကျွန်းတွေ၊ ရေသယံဇာတတွေ၊ ဆလုံတိုင်းရင်းသားတွေရဲ့ လူနေမှုတွေ ရှိပေမယ့် ဘာမှမလုပ်ကြဘူး။ ဒီအတိုင်းပဲ လူတွေရဲ့ ဖျက်ဆီးတာတွေ၊ ထုတ်လုပ်သုံးစွဲတာတွေကို ကြည့်နေကြတယ်” လို့ ထိုင်းနိုင်ငံကိုရောက်နေတဲ့ မြန်မာတစ်ဦးက ပြောပြပါတယ်။
 
 
 
 
ထိုင်းနိုင်ငံတစ်ဝန်း သဘာဝပတ်ဝန်းကျင်ကို အထူးထိန်းသိမ်းနေသလို ခရီးသွားလုပ်ငန်းကို အကြီးအကျယ်မြှင့်တင် လုပ်ကိုင်နေတာ တွေ့ရတယ်။ ပရာကျွတ်ခီရီခံခရိုင် တစ်ခုအတွင်းမှာကို ခရီးသွား တစ်ယောက်အဖို့ နှံ့နှံ့စပ်စပ်သွားရင် တစ်လလောက် သွားလာလို့မကုန်နိုင်အောင် ဆွဲဆောင်ထားတာ တွေ့ရတယ်။ ထိုင်းတစ်နိုင်ငံလုံးမှာဆိုရင် ခရီးသွားတစ်ယောက်အဖို့ နှစ်နဲ့ချီပြီး သွားရနိုင်တယ်။ ထိုင်းနိုင်ငံမှာ ခရိုင်ပေါင်း ၇၇ ခုရှိပြီး ဘန်ကောက်ခရိုင်မှာ မြို့နယ် ၂၀ ကျော်၊ ရနှောင်းခရိုင်မှာ လေးမြို့နယ်၊ ချုံဖွန်မှာ ခုနစ်မြို့နယ်၊ ပရာကျွတ်မှာ ရှစ်မြို့နယ် စသဖြင့် အသီးသီးရှိတယ်လို့ ကျွန်တော်နဲ့အတူလိုက်လာတဲ့ ကိုရှမ်းက ရှင်းပြတယ်။
 
“ကျွန်တော်တို့ အခုသွားနေတာက ပရာကျွတ်ခရိုင်ထဲမှာရှိတဲ့ ခါဝ်ဆမ်ရိုင်ယော့ အမျိုးသားဥယျာဉ်ကို ဖြစ်ပါတယ်။ အဲဒီမှာ လေ့လာမယ်ဆိုရင် တစ်ရက်လုံး ကြာနိုင်ပါတယ်။ တောင်ပေါ်တက်တာ၊ လှေစီးတာ၊ ဂူတွေထဲသွားတာတွေ ပါတယ်” လို့ ထိုင်းလူမျိုးတစ်ဦးဖြစ်တဲ့ ကိုရှမ်းက အသံဝဲ၀ဲနဲ့ ရှင်းပြတယ်။
 
ကျွန်တော်တို့ မြန်မာအသံနှင့်ဆိုရင် ခေါင်စမ်လရော့လို့ အသံထွက်တဲ့ (Khao Sam Roi Yot National Park) ကိုရောက်တော့ ဝင်ကြေး ဘတ် ၄၀၀ ပေးရပါတယ်။ ထိုင်းနိုင်ငံသားတွေကတော့ ဘတ် ၅၀ လောက်ပဲ ပေးရတယ်လို့ သိရတယ်။ အဲဒီကနေ ကားလမ်းအတိုင်းသွားရပြီး (Viewpoint, Nature Tail) တို့ကို သွားရောက်နိုင်တယ်။ အမျိုးသားဥယျာဉ်ထဲမှာ တောတောင်တွေပါဝင်တဲ့အပြင် ကမ်းခြေတွေ ပါဝင်ပါတယ်၊ မြန်မာနိုင်ငံက လန်ပိကျွန်းသာ ဒီမှာရှိရင် ဘယ်လောက်အထိ ဝင်ငွေရှာပစ်လိုက်လေမလဲလို့ တွေးမိပါတယ်။ ကမ်းခြေတစ်ခုကနေ နောက်ကမ်းခြေတစ်ခုကို သွားလာဖို့ လှေကလေးတွေ စီစဉ်ပေးထားပါတယ်။ လူတစ်ဦးကို ဘတ် ၄၀ ပေးရပြီး အသွားအပြန် ကြိုပို့ပေးပြီး ဒေသခံတွေကို အလုပ်ပေးထားတယ်လို့ သိရတယ်။ အမျိုးသားဥယျာဉ်ထဲမှာ လည်ပတ်စရာနေရာ ကိုးခုရှိပြီး Laem Sala Beach , Phraya Nakhon Cave, Khao Daeng Viewpoint, Khao Dang Cannal Boat Trip, Sam Phraya Beach, Kaeo Cave, Sai Cave, Nature Tail, Thung San Roi Yot တို့ဖြစ်တယ်၊ ကမ်းခြေများ၊ ဂူများ၊ ဒီရေတောလျှောက်လမ်း၊ ချောင်းအတွင်း လှေစီးခြင်းနှင့် ရှုခင်းအလှကြည့်ခြင်းများ ပါဝင်တယ်၊ ကမ်းခြေတစ်ခုကနေ လှေစီးရင်း တောင်ပေါ်ကိုလှမ်းကြည့်တော့ ကမ္ဘာလှည့်ခရီးသွားများ တောင်ပေါ်လမ်းအတိုင်း ခြေလျင်လျှောက်နေတာ တွေ့ရတယ်။ တောင်က ကမ်းခြေအနားမှာရှိပြီး တောင်ပေါ်မှာ လူသွားလမ်းလေးနှင့် လှေခါးလက်ကိုင်လေးများ ပြုလုပ်ပေးထားတာ တွေ့ရတယ်။ ဒါကို တောတွင်းလျှောက်လမ်းတစ်ခုလို သဘောထားပြီး စီစဉ်ပေးထားတယ် ကမ်းခြေကနေ Phraya Nakhon Cave ကို သွားရတယ်။ အဲဒီဂူကိုရောက်ဖို့ တောင်ပေါ်အထိ ပေ ၁၄၀၀ ကျော် တက်ရတယ်။ တောင်ပေါ်ကနေ ဂူထဲကို ပြန်ဆင်းရတယ်။ ဂူထဲမှာတော့ ထိုင်းဘုရင်မင်းဆက်၏ ငါးဆက်မြောက်ဘုရင် လာရောက်တရားထိုင်ခဲ့ဖူးတယ်လို့ သိရပြီး ကုန်းခပ်မူမူလေးပေါ်တွင် ယာယီစံနန်းလေးတစ်ခု တည်ဆောက်ထားတာ တွေ့ရတယ်။ လက်ရှိ ပရာကျွတ်ခီရီခံခရိုင်ရဲ့ ရုံးတံဆိပ်တုံးမှာ တွေ့ရတဲ့ပုံစံက ဒီဂူထဲက ဘုရင်ထိုင်ခဲ့တဲ့ နေရာလို့ သိရတယ်။ လက်ရှိထိုင်းဘုရင်လည်း လာရောက်ခဲ့တယ်လို့ သိရပြီး ထိုင်းနိုင်ငံသား အများအပြားနှင့် ကမ္ဘာလှည့်ခရီးသွားတွေအတွက် လည်ပတ်စရာ နေရာတစ်ခုအဖြစ် ထင်ရှားနေတာ တွေ့ရတယ်။ အဲဒီအမျိုးသားဥယျာဉ် အနီးတစ်ဝိုက်မှာ တံငါရွာကလေးရှိပြီး ကဏန်းမွေးမြူခြင်း လုပ်ငန်းကို လုပ်ကိုင်ကြပြီး ရွာကလေးတည်ရှိသည့် ချောင်းရေမှာ သန့်ရှင်းမှုအပြည့် ရှိနေတာ တွေ့ရတယ်။ မည်သည့်အမှိုက်သရိုက်ကိုမျှ ချောင်းထဲသို့ မပစ်ချဘဲ အမှိုက်ပုံများ၊ အမှိုက်စွန့်ပစ်စနစ်များ သေချာစွာ စီစဉ်ထားတယ်လို့ သိရတယ်။ ကျွန်တော်တို့ မြိတ်မြို့ရှိ ဘုရားကိုင်ချောင်းမှာ မြို့လယ်ကောင်တွင် ဖြတ်သန်းစီးဆင်းနေသော်လည်း တစ်မြို့လုံးနီးပါးမျှ အမှိုက်များ လာရောက်ပစ်နေသောကြောင့် တိမ်ကောမတတ်ဖြစ်နေတာ ဝမ်းနည်းစွာ တွေ့ရတယ်။ ဘုရားကိုင်ချောင်းကို ခရီးသွားလုပ်ငန်း လုပ်လို့ရသည်ကို မတွေးကြလေရော့သလား။ တောင်ပေါ်မှာ ပြန်ဆင်းလာသော ခရီးသွားဧည့်သည်များမှာ မောပန်းပြီး ကမ်းခြေရှိ စားသောက်ဆိုင်များသို့ ဝင်ရောက်စားသောက်ကြတယ်။ လာရောက်ကြိုဆိုမည့်လှေများတွင် စကားပြောစက်ကလေးများ တပ်ဆင်ထားပြီး လိုအပ်သည့်အချိန်တွင် ခေါ်ယူနိုင်ရန် စီစဉ်ပေးထားတာ တွေ့ရတယ်၊ အဆိုပါ အမျိုးသားဥယျာဉ်တွင် တောင်တစ်လုံး၊ ကမ်းခြေနှစ်ခု၊ ဂူသုံးဂူသာရှိပြီး ခရီးသွားများကို တစ်နေကုန်လည်ပတ်စရာအဖြစ် ရှိနေရန် ဖန်တီးထားတာ တွေ့ရတယ်။
 

အမျိုးသားဥယျာဉ်အတွင်းမှ ကမ်းခြေမြင်ကွင်းတစ်နေရာ
 
ပရာကျွတ်ခရိုင်တွင်း လည်ပတ်စရာနေရာ အလွန်ပင်များပြားပြီး ပရာကျွတ်ခရိုင်တွင် ဟွာဟင် (ထိုင်းဘုရင်၏ နွေရာသီစံနန်းရှိရာမြို့)၊ ဘန်စပါ၊ ဘန်စပါနွိုက်၊ ကွီဘူရီ၊ မျူရမ်ပရာကျွတ်၊ ပရမ်ဘူရီ၊ ဆမ်လိုင်ယော့၊ ထပ်စကဲမြို့များ ပါဝင်ပြီး မြို့ရှစ်မြို့နယ်စလုံးတွင် လည်ပတ်စရာနေရာ အများအပြား ဖန်တီးထားကြောင်း သိရတယ်။ ထိုင်းနိုင်ငံ၏ နာမည်ကြီး ဘုန်းတော်ကြီးများရဲ့ ရုပ်တုများကို တည်ထားကိုးကွယ်ပြီး အဆိုပါနေရာများကိုလည်း ခရီးသွားနေရာအဖြစ် ဖန်တီးထားတာ တွေ့ရတယ်။ ရေမြေတောတောင် သဘာဝအလှတရားများစွာ ပေါများတဲ့ မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ခရီးသွားလုပ်ငန်းမျိုး ဖန်တီးနိုင်ပါက ထိုင်းနိုင်ငံထက် အများကြီးသာသွားနိုင်ပါတယ်။ မြိတ်ကျွန်းစုက လက်ရှိထိုင်းနိုင်ငံသားများနှင့် ကမ္ဘာလှည့်ခရီးသွားများအတွက် ထိပ်တန်းစိတ်ဝင်စားရာ နေရာတစ်ခု ဖြစ်လာနေပါပြီ။ ကျွန်တော်တို့ဆီမှာ သူတို့လို ခရီးသွားများအတွက် လည်ပတ်စရာ ဖန်တီးနိုင်မှု၊ အစိုးရရဲ့ ထောက်ပံ့ကူညီပေးမှုတွေ လိုအပ်နေပါတယ်။ ထိုင်းနိုင်ငံမှာ လုပ်ငန်းရှင်တစ်ဦးအတွက် အစိုးရက များစွာအကူအညီပေးတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာတော့ လုပ်ငန်းရှင်တစ်ဦးဟာ တရားဝင်အတိုင်း လုပ်ခွင့်ရဖို့ များစွာကြိုးပမ်းရသလို ဟန့်တားပိတ်ပင်မှုများစွာ ကြုံရပါတယ်။ အားပေးထောက်ကူမှု လုံးဝမရှိသလောက် အနေအထား ဖြစ်နေပါတယ်။ ခရိုနီများအတွက် လုပ်ကိုင်ရတာ လွယ်ကူပေမယ့် သာမန်လုပ်ငန်းရှင်၊ လူငယ်များအတွက် အခွင့်အလမ်းတွေက ပိတ်နေတာ တွေ့ရတယ်။ ထိုင်းနိုင်ငံ၊ အမျိုးသားဥယျာဉ်က အပြန်မှာတော့ အတုယူစရာတွေ အများကြီး ရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာဖို့ဆိုရင်..ဖန်တီးနိုင်မှု၊ အစိုးရရဲ့ အားပေးကူညီမှု၊
အစိုးရ ဟန့်တားပိတ်ပင်မှုများ ဖယ်ရှားပေးဖို့ လိုပြီဖြစ်ကြောင်း . . .။