ဦးကျိုးမှာလား၊ စံချိန်ချိုးမှာလား

ဦးကျိုးမှာလား၊ စံချိန်ချိုးမှာလား
Published 21 June 2015
သဲသီရိကျော်

‘တချို့တွေက အခက်အခဲကို အကြောင်းပြုပြီး ဦးကျိုးတယ်။ တချို့တွေက စံချိန်ချိုးတယ်’ 
(ဝီလျံအာသာဝဒ်)
 
ကျွန်မတို့ရဲ့ နေ့စဉ်ဖြတ်သန်းမှု ဘဝထဲမှာ ‘အခက်အခဲ’ ဆိုတဲ့ စကားလုံးကို လူသားတိုင်းဆီကနေ မကြာခဏဆိုသလို ကြားနေရတဲ့ စကားလုံးတစ်လုံးအဖြစ် ပါဝင်နေတာ သတိထားမိပါတယ်။ မတူညီတဲ့ လူသားတစ်ဦးချင်းစီမှာ မတူညီတဲ့ အခက်အခဲကိုယ်စီ ရှိကြသလို တူညီတဲ့ အခက်အခဲတွေလည်း ရှိနေနိုင်တာပါပဲ။ ဒီကနေ့ခေတ်လို စားဝတ်နေရေးအတွက် လူအများစု ခက်ခက်ခဲခဲ ရုန်းကန်ရှာဖွေနေရချိန်မှာ ‘အခက်အခဲ’ ဆိုတဲ့ စကားလုံးက အထူးတလည် အဓိပ္ပာယ်ဖွင့်ဆို ရှင်းပြနေရလောက်အောင် မထူးဆန်းတော့ဘူး ထင်ပါတယ်။
 
ဒါပေမဲ့ လူတစ်ယောက်ချင်းစီရဲ့ ခံယူချက် စိတ်ဓာတ်တွေ၊ အသိဉာဏ်တွေပေါ် မူတည်ပြီး အဲ့ဒီကြုံလာတဲ့ အခက်အခဲတစ်ခုကို ဘယ်လိုစဉ်းစားတွေးခေါ် ရင်ဆိုင်ဖြေရှင်းသွားလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ တွေ့ကြုံလာတဲ့ အဖြစ်အပျက်ချင်း တူညီနေရင်တောင်၊ အခက်အခဲချင်း၊ အခြေအနေချင်း တူညီနေရင်တောင် မတူညီတဲ့ လူတစ်ဦးချင်းရဲ့ ဖြေရှင်းသွားတဲ့ ပုံစံ၊ ရင်ဆိုင်ဖြတ်သန်းသွားတဲ့ ပုံစံ၊ အဲ့ဒီ အခက်အခဲပေါ် ဘယ်လိုသဘောထားလည်းဆိုတဲ့ ပုံစံတွေကပဲ လူတစ်ယောက်ရဲ့ အရည်အချင်းကို ဆုံးဖြတ်သွားတာပါ။ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ ဆရာတစ်ယောက် ပြောဖူးတဲ့ စကားတစ်ခွန်းကို သတိရမိပါရဲ့။ ‘အခက်အခဲဆိုတာ ကြောက်ရွံ့ထိတ်လန့်နေစရာကိစ္စတစ်ခု မဟုတ်ပါဘူး။ အခက်အခဲဆိုတာ ကိုယ့်ရဲ့စိတ်ဓာတ် ဘယ်လောက်ထိ ကြံ့ကြံ့ခံနိုင်သလဲ ဆိုတာကို စမ်းသပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူတစ်ယောက် ဖြစ်သလဲဆိုတာကို သိရှိနားလည်နိုင်စေအောင် လုပ်ဆောင်ပေးတဲ့ အရာတစ်ခုပါပဲ’ လို့ ပြောပြခဲ့ဖူးပါတယ်။
 
တကယ်လည်း အဲ့ဒီလိုပဲ မဟုတ်လား။ ကျွန်မတို့တွေအတွက် နေ့စဉ်လုပ်ငန်းခွင်ထဲမှာ၊ မိသားစုကိစ္စတွေ၊ လူမှုရေးကိစ္စတွေ၊ ပညာရေးကိစ္စတွေကနေ နောက်ဆုံးနိုင်ငံ့အရေး ကိစ္စတွေထိအောင် အခက်အခဲ ဆိုတာကို နေရာတိုင်းမှာ တွေ့ကြုံရင်ဆိုင်နေကြရတာပဲ မဟုတ်လား။ ကျွန်မတို့ ကျောင်းသူကျောင်းသား အရွယ်မှာ စာမေးပွဲက ကျွန်မတို့အတွက် အခက်အခဲတစ်ခု အနေနဲ့ မြင်ကောင်းမြင်ခဲ့မယ်။ တကယ်တော့ စာတကယ်ကြိုးစားပြီး တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ခဲ့တဲ့ ကျောင်းသားတစ်ယောက်အတွက် ဆိုရင်တော့ စာမေးပွဲက သူ့အတွက် အခက်အခဲတစ်ခု ဆိုတာထက် သူ့ရဲ့ ကြိုးစားအားထုတ်မှု အရည်အချင်းကို ထုတ်ဖော်ပြသခွင့်ရမယ့် အခွင့်အရေးတစ်ခုလို့ ခံယူကောင်း ခံယူနေပါလိမ့်မယ်။ တစ်နေ့တစ်နေ့ လုပ်စရာအလုပ်တွေ အများကြီးကြားမှာ အချိန်မီပြီးစီးအောင် မလုပ်နိုင်တာက ကျွန်မတို့အတွက် အခက်အခဲတစ်ခု ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲပြီး အလုပ်တွေကို အချိန်နဲ့ တစ်ပြေးညီ ပြီးစီးအောင် လုပ်ဆောင်နေတဲ့ သူတစ်ယောက်အတွက်တော့ ဒါက အခက်အခဲတစ်ခု မဟုတ်တော့ပြန်ဘူး။ ဒီတော့ အခက်အခဲဆိုတာက ကျွန်မတို့တစ်ဦးချင်းစီရဲ့ သတ်မှတ်ချက်ကြောင့် ဖြစ်လာရတာမျိုးလည်း ဖြစ်တယ်။ သာမန်နေ့စဉ် ဘဝထဲမှာ တချို့သော သာမန်အသေးအဖွဲ ကိစ္စလေးတွေက ကျွန်မတို့အတွက် ကြုံတွေ့ရစဉ် အချိန်တခဏမှာ ကြီးမားတဲ့ အခက်အခဲကြီးတစ်ခုလို စိုးရိမ်ပူပန် အဖြေရှာရခက်နေပေမယ့် သေချာပြန်စဉ်းစားကြည့်မယ် ဆိုရင်လည်း သိပ်ကိုရိုးရှင်းတဲ့ အဖြေတွေကို တွေ့ရမယ့် ကိစ္စတစ်ခု ဖြစ်နေပြန်လေရဲ့။ လူလူချင်း ပေါင်းသင်းဆက်ဆံရေးကြားက အခက်အခဲ၊ လုပ်ငန်းခွင် အခက်အခဲ၊ ငွေကြေး အခက်အခဲ၊ စားဝတ်နေရေး အခက်အခဲတွေကစလို့ အခက်အခဲပေါင်းများစွာကို ကျွန်မတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြ၊ ရင်ဆိုင်ကြုံတွေ့နေရ၊ ရင်ဆိုင်ကြုံတွေ့ကြရဦးမှာပဲ ဖြစ်ပါတယ်။
 
ကျွန်မတို့ အသိမိတ်ဆွေ ဦးလေးကြီးတစ်ယောက် ရှိပါတယ်။ သူက အရင်တုန်းက လုပ်ငန်းခွင်မှာ အောင်မြင်ပြီး လူအများက ချီးကျူးလေးစားအားကျခဲ့ရတဲ့ လူတစ်ယောက်ပါ။ ငွေကြေးဥစ္စာ အသင့်အတင့်နဲ့ သူတို့ရဲ့ မိသားစုဘဝလေးကလည်း ပျော်ရွှင်စရာ ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ရဲ့အလုပ်က ဝင်ငွေကောင်းတဲ့ အခါကျတော့ အပေါင်းအသင်းတွေနဲ့ သွားသွားလာလာ သောက်သောက်စားစားနဲ့ ဖြစ်လာတယ်။ အလုပ်မှာ စိတ်ဝင်စားမှုတွေ လျော့ကျပြီး ငွေအသုံးအဖြုန်းတွေ များလာခဲ့တယ်။သူ့လုပ်ငန်းတွေကလည်း အခြေအနေ အမျိုးမျိုးကြောင့် ကျဆင်းနေတဲ့အချိန်မှာ လောင်းကစားအလုပ်တွေကိုလည်း လုပ်မိပြီး နောက်ပိုင်း သူ့မိသားစုမှာ ငွေကြေးအဆင်မပြေမှုတွေ ဖြစ်လာခဲ့တယ်။ အကြွေးတွေ ပတ်ချာလည်ဝိုင်းပြီး အလုပ်ကလည်း အဆင် မပြေတဲ့အခါ သူက သူ့ဘဝသူ စိတ်ပျက်ပြီး နေ့နေ့ညည အရက်တွေသောက်ပြီး လေနေခဲ့တယ်။ သူ့မှာ အခက်အခဲတွေ အများကြီးရှိတယ်လို့ ပြောတယ်။ သူကြုံတွေ့နေရတဲ့ အခက်အခဲတွေက အရမ်းဆိုးရွားလွန်းတယ်။ သူဘာလုပ်ရမှန်း မသိတော့ဘူးဆိုတဲ့ စကားမျိုး သူ့ဆီက အမြဲကြားရတယ်။ အများသူငါတွေ ဖျောင်းဖျပြောဆို အကြံပေးစကားတွေ ရှိပေမယ့် သူက သူ့အခက်အခဲတွေရဲ့ ထွက်ပေါက်ကို အရက်တွေ နေ့နေ့ညညသောက်ပြီးပဲ ဖြေရှင်းနေခဲ့တယ်။ အဲ့ဒါရဲ့ အကျိုးဆက်ကတော့ သူတို့မိသားစုရဲ့ စားဝတ်နေရေးက ပိုခက်ခဲလာခဲ့ပြီး၊ မိသားစုဝင်တွေကြားမှာ အဆင်မပြေမှုတွေ၊ ဒေါသသံတွေနဲ့ ဆူပူသံတွေကိုပဲ နေ့တိုင်းကြားနေခဲ့ရတော့တာပါပဲ။
 
လူတိုင်းရဲ့ ဘဝမှာ လောကဓံရဲ့ ပြောင်းလဲမှုကြောင့် ဘဝအနိမ့်အမြင့် အတက်အကျ အချိန်ကာလတွေကို ရင်ဆိုင်ရတဲ့ အချိန်တွေ ရှိတယ်။ တစ်ခါတစ်ရံတော့ အဲ့ဒီလူကိုယ်တိုင်က မဆင်မခြင်လုပ်မှုကြောင့်၊ မတော်တဆ လွဲမှားမှုတွေကြောင့် ပြောင်းလဲသွားရတဲ့ ဘဝအခြေအနေတွေလည်း ရှိကောင်းရှိမယ်။ အဲ့ဒါတွေကနေမှတစ်ဆင့် ဘဝရဲ့ အဆင်မပြေမှုတွေ၊ အခက်အခဲတွေ ဖြစ်လာတယ်။ အဲ့ဒီလို အခက်အခဲ ကြီးကြီးမားမားနဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ လူအများစုက ဘယ်လိုရင်ဆိုင် ဖြတ်သန်းမလဲ ဆိုတာထက် ဘယ်လိုကျော်လွှား မေ့ဖျောက်နိုင်မလဲ ဆိုတာကို အရင်ဆုံး စဉ်းစားကြတယ်။ ပြီးတော့ အဲ့ဒီအခက်အခဲတွေကိုပဲ တစ်ချိန်လုံးစဉ်းစားပြီး ကိုယ့်စိတ်ကိုယ် ပူလောင်စေကြတယ်။ အဲ့ဒါအပေါ်မှာပဲ ခံစားပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တယ်။ နောက်ဆုံး ငါဘယ်လိုမှ မဖြေရှင်းနိုင်တော့ဘူးဆိုတဲ့ အတွေးတွေနဲ့ အခက်အခဲကို ဖြေရှင်းရမယ့် နည်းလမ်းအစား ခဏတာ စိတ်သက်သာ မေ့ဖျောက်နိုင်ဖို့ မှားယွင်းတဲ့ ထွက်ပေါက်မျိုးတွေနဲ့ စိတ်ထွက်ပေါက်ရှာတတ်ကြတယ်။ ဒီလိုလူတွေက အခက်အခဲကို အ ကြောင်းပြုပြီး ဦးကျိုးသွားတဲ့သူတွေ ဖြစ်တယ်။
 
တကယ်တော့ အခက်အခဲဆိုတာ ကြောက်စရာတစ်ခု မဟုတ်သလို၊ ရင်မဆိုင်ဘဲ ထွက်ပြေးတိမ်းရှောင်လိုက်ရုံနဲ့ အရာအားလုံး ငြိမ်းအေးသွားမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။ အသိဉာဏ်နဲ့ယှဉ်ပြီး ရင်ဆိုင်ဖြေရှင်းသွားရမယ့် ကိစ္စတစ်ခု။ အဲ့ဒီ ကြုံတွေ့လာရတဲ့ အ ခက်အခဲကနေ အတွေ့အကြုံနဲ့ ခွန်အားကိုယူပြီး ကျွန်မတို့တွေရဲ့ စိတ်ဓာတ်ကို ဒီထက်ပိုခိုင်မာအောင် ဒီထက်ပိုရင့်ကျက်တည်ငြိမ်အောင် လုပ်ဆောင်ကြရမှာပါ။ အဲ့ဒီလို ကြံ့ခိုင် ခိုင်မာတဲ့ စိတ်ဓာတ်တွေ၊ သတ္တိရှိရှိ ရင်ဆိုင်ရဲတဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့ အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေကြမှသာ အဲ့ဒီကနေမှတဆင့် အောင်မြင်တဲ့ဘဝတစ်ခုကို ပြန်လည်တည်ဆောက်နိုင်ပြီး အခက်အခဲတွေထဲကနေ စံချိန်ချိုးနိုင်တဲ့ လူတစ်ယောက် ဖြစ်မှာပါ။
 
အခက်အခဲဆိုတာ လူတိုင်းမှာ ကိုယ်စီရှိကြတာပါပဲ။ လောကမှာ လွယ်ကူတဲ့အရာတိုင်းထက် ခက်ခဲတဲ့အရာတွေက များစွာ ပိုတန်ဖိုးရှိတာကို အားလုံးသိပြီး ဖြစ်မှာပါ။ အဲ့ဒီ အခက်အခဲတွေကနေပဲ ဘဝရဲ့ အဖိုးထိုက်တန်တဲ့ အောင်မြင်မှုကြီးတွေကို သယ်ဆောင်လာနိုင်တာ ဖြစ်တယ်ဆိုတာကိုတော့ ကျွန်မတို့ မမေ့သင့်ပါဘူး။ ဒီတော့ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို အကြောင်းပြုပြီး ကျွန်မတို့တွေ ဦးကျိုးမှာလား၊ စံချိန်ချိုးမှာလား ဆိုတာတော့ ကျွန်မတို့ တစ်ဦးချင်းစီပေါ်မှာပဲ မူတည်ပါတယ်။