ထန်းလျက်ရနံ့တို့ သင်းပျံ့စေသူများ

ထန်းလျက်ရနံ့တို့ သင်းပျံ့စေသူများ
Published 14 June 2015
■ သက်ထိန်ဝင်း (ပခုက္ကူ )

မနေ့ကရွာထားသည့်မိုးကြောင့် မြင်ကွင်းတစ်ခုလုံးသည် စိမ်းမြလို့နေပါတယ်။ ကန်သင်းရိုးပေါင်ပေါ်ကနေ ကောင်းကင်ဆီကို ထိုးထွက်နေသည့် ထန်းပင်တို့၏ ထန်းရွက်တို့သည် ရွာသွန်းထားသည့်မိုးကြောင့် ဖုန်မှုန့်တို့ ကင်းစင်ကာ စိမ်းစိမ်းစိုစို ရှိနေတဲ့ မြင်ကွင်းဟာ ရှုမငြီးနိုင်တဲ့ ပန်းချီကားလိုပါပဲ။ တိုက်ခတ်လာသော လေထဲတွင် ထန်းချက်ဖိုဆီက လွင့်ပျံ့လာတဲ့ ထန်းလျက်ရနံ့နဲ့အတူ မိုးနံ့သည်လည်း လေထုထဲမှာ သင်းပျံ့လို့နေပါတယ်။ ထန်းသမားမယားက ထန်းလျက်ဖိုထဲမှာ ထန်းလျက်ကျိုနေသလို ထန်းတက်သမားကလည်း ခါးတွင် ထန်းလှီးဓားချိတ်ထားပြီး ရင်းထောင်ကိုကိုင်ကာ တစ်ပင်ပြီးတစ်ပင် မြူအိုးတွေကို တင်လို့ချလို့ နေပြန်ပါတယ်။ ခုလိုရာသီမျိုး အညာအရပ်က ထန်းတောတွေဆီ ထန်းလျက်တို့ လှိုင်လှိုင်ထွက်နေသေးတဲ့ ထန်းဖိုရာသီ ဖြစ်ပါတယ်။ ထန်းရည်အထွက် ကောင်းနေသေးတာမို့ ထန်းတက်သမားတွေလည်း တစ်ပင်ပြီးတစ်ပင် မနက်ညနေ အပြေးအလွှား တက်နေရပါတယ်။ ထန်းလျက်ကြိုတဲ့သူကလည်း မနက်တစ်ကြိမ် ညနေတစ်ကြိမ် ရသမျှ ထန်းရည်ကို ကျိုချက်ရပါတယ်။ နေ့ခင်းဘက် နားတယ်ဆိုတဲ့ အချိန်မှာလည်း သစ်ခေါက်လှီးတာ မြူအိုးမီးမြှိုက်တာတွေ လုပ်ရတော့ တစ်နေ့လုံးပါမှ ညဉ့်ဦးပိုင်းလောက်ပဲ ကောင်းမွန်စွာ နားရပါတော့တယ်။ 
 
စိမ်းမြနေတဲ့ ထန်းပင်တွေကြားထဲမှာ ထန်းတက်သမားက မနက်မလင်းခင်မှာဘဲ ထန်းလှီးဓား ခါးမှာချိတ်ပြီး ရင်းထောင်ကိုကိုင်ကာ ထန်းပင်တွေဆီ ထွက်လာပါတယ်။ ထန်းပင်ခြေရောက်တာနဲ့ ရင်းထောင်ကို ထန်းပင်မှာ ကြိုးနဲ့ချီပြီး အပင်အောက် အသင့်ရှိနေတဲ့ မြူအိုးတွေကိုယူကာ တက်သွားပါတယ်။ ရင်းထောင်အဆုံးနဲ့ ထန်းပင်ပေါ်က တွဲလောင်းချထားတဲ့ ရင်းဆွဲနဲ့က အချိတ်အဆက်အမိမို့ ထန်းပင်ထိပ်ဖျားထိအောင် ဆက်တက်သွားပါတယ်။ ထန်းပင်ပေါ်ရောက်တာနဲ့ ထန်းလက်တွေကြားက လိုင်ထိုးပြီး အရင်တစ်နေ့က ချိတ်ထားတဲ့ ထန်းရည်အိုးတွေကိုဖြုတ်ပြီး နောက်အိုးသစ် လဲတပ်ပါတယ်။ ကလိုင်ဆိုတာက ထန်းပင်ပေါ်ရောက်ရင် ထန်းသမားထိုင်ဖို့ လုပ်ထားတဲ့ သစ်သားပြားကို ဆိုလိုတာပါ။ အိုးသစ်လဲပြီးတာနဲ့ ထန်းနို့ချောင်းထိပ်တွေကို လှီးဖြတ်ပြီး မြူအိုးဆီ စိုက်ထားခဲ့ပါတယ်။  အပင်ပေါ်က ပြန်ဆင်းလာပြီးနောက် ပါလာတဲ့ ထန်းရည်အိုးကိုချကာ နောက်တစ်ပင် ဆက်တက်ပါတယ်။ ထန်းသမားချထားပေးခဲ့တဲ့ ထန်းရည်အိုးတွေကို နောက်ကနေ မိသားစုတွေက လိုက်သိမ်းပြီး ထန်းလျက်ဖိုဆီ ယူဆောင်သွားကြပါတယ်။ ထန်းတက်သူကတက် နောက်က ထန်းရည်အိုးလိုက်သိမ်းသူ သိမ်းဆိုတော့ ထန်းတက်ရတာ ပိုပြီး မြန်ဆန်ပါတယ်။ ထန်းချက်ဖိုကို ရောက်တဲ့အချိန် ထန်းလျက်ချက်သူကချက်၊ အိုးဆေးသူက ဆေးကြရပါတယ်။ ထန်းဖိုရာသီက ထန်းသမားအတွက် တစ်နှစ်စာ စားနိုင်လောက်အောင် ထန်းရည်ရတဲ့ရာသီမို့ နေ့ညအလုပ်လုပ်ရပြီး အပင်ပန်းဆုံးပါ။ ထန်းမရာသီရောက်ရင်တော့ ထန်းရည်လည်း အထွက်နည်းသွားတာမို့ တက်ရတဲ့ အပင်အရေအတွက်လည်း နည်းသွားပြီး ထန်းလျက်ကိုလည်း မနက်တစ်ကြိမ်လောက်ပဲ ကျိုတော့တာမို့လည်း လူလည်း အတော်အသင့် သက်သာပါတယ်။ 
 

 
ထန်းတက်သမားတွေ အနေနဲ့ ထန်းဖိုရာသီမှာ ထန်းလှိုင်လှိုင်ရအောင် ထန်းပြင်ခြင်းအလုပ်ကို ထန်းရည်မရမီ နှစ်လလောက် အလိုကတည်းက လုပ်ကြရပါတယ်။ ထန်းပြင်တယ်ဆိုတာက ထန်းနို့ချောင်းထွက်မယ့် နေရာမှာ ပိတ်ဆို့နေတဲ့ ထန်းလက်ကိုင်းတွေကို ခုတ်ရတယ်။ ရင်းဆွဲလို့ခေါ်တဲ့ ထန်းပင်ပေါ်က တွဲလောင်းချထားတဲ့ လှေကားတွေ ဆင်ရတဲ့အလုပ်ကို ထန်းပြင်တာလို့ ဆိုလိုတာပါ။ အများအားဖြင့် ပြာသိုလဆိုရင် ထန်းစပြင်ပါပြီ။ အဲဒီအချိန်မှာ ထန်းရည်မရသေးပါဘူး။ အဲဒီနောက် ဆောင်းကုန်စ တပို့တွဲလောက်မှ ထန်းရည်စရပါတယ်။ ထန်းနို့ချောင်းအထွက်စောရင် စောသလို ထန်းရာသီစတာလည်း စောပါတယ်။ ထန်းနို့ချောင်းတွေက ထန်းရည်ထွက်သေးသရွေ့ ထန်းဖိုရာသီ မကုန်သေးဘူးလို့ ဆိုနိုင်ပါသေးတယ်။ ထန်းမချိန်ဆိုတာက ထန်းသီးကနေ ထန်းရည်ခံတဲ့ ရာသီလို့ ပြောနိုင်ပါတယ်။ ထန်းသီးလုံးလေးတွေ စထွက်ကတည်းက အသီးမကြီးအောင် ထန်းသမားက တူလိုအရာမျိုးနဲ့ ထန်းသီးတွေကို ထုထားရပါတယ်။ ထန်းနို့ချောင်းတွေက ထန်းရည်မရတော့တဲ့ အချိန်မှာ အဲဒီထန်းသီးလုံးလေးတွေကနေ ထန်းရည်ခံယူရပါတယ်။ ထန်းဖိုရာသီရောက်ရင်တော့ ထန်းရည်အရနည်းတာကြောင့် ထန်းလျက်အထွက်နှုန်းလည်း နည်းသွားပါတယ်။ ထန်းသမား တက်လို့ရတဲ့ ထန်းရည်အိုးတွေကို ထန်းလျက်ဖိုမှာ စုပြီးတာနဲ့ ထန်းလျက်ကျိုသူလည်း မီးမွှေးပြီး ထန်းလျက်ဖိုပေါ် ဒယ်အိုးတွေတင်ကာ ထန်းစကျိုပါတော့တယ်။ ထန်းရည်တော်သင့်ရုံ စေးပျစ်တာနဲ့ ဒယ်အိုးကို မီးဖိုပေါ်ကချပြီး အပူမလျော့သေးခင် မညီမညာ အလုံးလေးတွေကို လုံးနေပါတယ်။ အေးသွားရင် ထန်းရည်က မာခဲသွားတာမို့ အပူမလျော့ခင် ထန်းလျက်လုံးရတာဖြစ်ပြီး လုပ်ကိုင်နေကျသူမို့သာ ထန်းလျက်အပူကို လက်နဲ့ကိုင်ပြီး လုံးနိုင်တာပါ။
 
ထန်းလျက်ကျိုရတာနဲ့ ပတ်သက်ပြီး “ထန်းလျက်ဖိုပေါ်မှာ ဒယ်အိုးလေးလုံးတင်ပြီး မီးနဲ့ဝေးတဲ့ အိုးကနေ မီးပြင်းတဲ့ အိုးဆီထိအောင် တစ်ဆင့်ပြီးတစ်ဆင့် လှယ်ရတယ်။ နောက်ဆုံးအိုးက ထန်းရည်ကို ညောင်စေးတန်းအောင် ကျိုပြီးတာနဲ့ အဲဒီဒယ်အိုးကို မီးဖိုပေါ်ကချရပြီး နောက်ဒယ်အိုးတွေကို လိုက်ရွှေ့ပြီး ကျိုရတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ်လုပ်ရတော့ ပင်ပန်းပေမယ့် ဒီနှစ် ထန်းလျက်ဈေးလေး မဆိုးတော့ လုပ်ပျော်တယ်လို့ ပြောရမှာပဲ” ဟု ထန်းလုပ်ငန်းလုပ်ကိုင်သူ မသန်းဆင့်က ပြောပြသည်။
 

 
အရင်နှစ်များ ထန်းဖိုချိန်မှာ ထန်းလျက်ဈေးက တစ်ပိဿာ ကျပ် ၄၀၀ ကနေ အလွန်ဆုံး ကျပ် ၆၀၀ ပါ။ ဒီနှစ် ထန်းလျက်ပေါက်ဈေးက ပေါ်စ တစ်ပိဿာ ကျပ် ၉၀၀ ကျော် လောက်ရှိပေမယ့် အခု မေလထဲမှာတော့ တစ်ပိဿာ ကျပ် ၈၀၀ နား ကပ်နေပါသေးတယ်။ လက်ရှိထန်းလျက်ဈေးနဲ့ ထန်းလျက်အထွက်နှုန်းက ထန်းသမားရင်းနှီးရတဲ့ ဝါးလုံးဖိုး၊ ထင်းဖိုး၊ ကြိုး၊ မြူအိုး၊ ထန်းလျက်ချက်တဲ့ ဒယ်အိုးဖိုး၊ သစ်ခေါင်နဲ့ ထင်းဖိုးတွေ ပေါင်းလိုက်ရင် စားဖြစ်သောက်ဖြစ်ပါ။ ပိုလျှံတယ်လို့ မရှိပေမယ့် အရင်ထက်တော့ ဝမ်းရေးပြေလည်လာတယ်လို့ ပြောနိုင်ပါတယ်။ ထန်းတက်သမားတိုင်းကို ထန်းတောပိုင်ရှင်လို့ သတ်မှတ်လို့ မရပါဘူး။ ထန်းတက်သူ အများစုက အငှားတက်သူ များပါတယ်။ ထန်းရာသီမှာ ထန်းတက်လုပ်ငန်း လုပ်ကိုင်ပြီး ထန်းရာသီပြီးချိန်မှာ ယာခင်းတွေဆီမှာ စာရင်းငှားဝင်လုပ်ရင်း အသက်မွေးကြရပါတယ်။ ထန်းပိုင်ရှင်ဆီကနေ ထန်းတက်ခွင့်ရဖို့ တစ်နှစ်ငွေဘယ်လောက်ဆိုပြီး ငှားတက်ကြတာ မဟုတ်ဘဲ ထန်းတက်ရက် ဘယ်နှရက်မှာ ထန်းတောပိုင်ရှင်အတွက် ဘယ်နှရက်ဆိုပြီး ပေးရပါတယ်။ ဟိုအရင်တော့ ထန်းသမား သုံးရက်ဆိုရင် ထန်းပိုင်ရှင်အတွက် တစ်ရက်တက်ပေးရပါတယ်။ နောက်ပိုင်း ထန်းလျက်ဈေးမကောင်းတာ ကုန်ကြမ်းပစ္စည်း ဈေးမြင့်တာ နိုင်ငံရပ်ခြား ထွက်ခွာသူတွေ များလာတာကြောင့် ထန်းတက်သူ နည်းသွားတဲ့အတွက် ထန်းတက်ခကို ငါးရက်တစ်ရက်ပဲ သတ်မှတ်ပါတော့တယ်။ 
 
ထန်းလုပ်ငန်း သိပ်မကောင်းပေမယ့် ထန်းပင်ကထွက်တဲ့ အရာမှန်သမျှ လွှင့်ပစ်လိုက်ရတယ်ဆိုတာ မရှိတော့ ထန်းလုပ်ငန်းက ဆက်ရှိနေဦးမှာပါ။ ထန်းပင်ဆိုတာ အညာမှာ ပဒေသာပင်ပါ။ ထန်းနို့ကထွက်တဲ့ ထန်းရည်ကိုကျိုပြီး ထန်းလျက်လုပ်တယ်။ ထန်းပြင်ရင်း ခုတ်ထွင်လိုက်တဲ့ ထန်းလက်ကိုင်းကို ကုလားထိုင်တို့ စားပွဲတို့ ထမ်းပိုးတို့ လုပ်တယ်။ ထန်းလျှော်ကို အိမ်ဆောက်တဲဆောက်တဲ့အခါ ကြိုးအနေနဲ့ သုံးတယ်။ ထန်းရွက်ကို အိမ်မိုးဖို့အတွက် သုံးတယ်။ ထန်းသီးဆန်နုသေးရင် တချို့မြို့တက်ရောင်းကြပါတယ်။ ရင့်သွားရင်တော့ နွားစာအဖြစ် ထန်းသီးဆန်ကို ပါးပါးလေးလှီးပြီး နွားကျွေးလို့ ရပါသေးတယ်။ ထန်းပင်တွေက လယ်ယာခင်းတွေကို သူ့အကွက် ကိုယ့်အကွက် နယ်နိမိတ်သတ်မှတ်ဖို့ အတွက်လည်း အသုံးဝင်ပါတယ်။ ယာခင်း အတော်များများရဲ့ တစ်ကွက်နဲ့တစ်ကွက် မြေနေရာအစပ်တွေမှာ ထန်းပင်တွေကိုစီပြီး စိုက်ထားရင်း နယ်နိမိတ်အတိုင်း သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့်လည်း အညာအရပ်က ယာခင်းတွေမှာ ထန်းပင်တွေဟာ အတန်းလိုက် အကွက်လိုက် ပေါ်နေတာပါ။ ထန်းပင်က ထန်းရည်အထွက်နည်းသွားလို့ပဲ ဖြစ်ဖြစ်ရင့်ခြောက်ပြီး သေသွားရင်ပဲဖြစ်ဖြစ် မိုးကုန်တဲ့အခါ ခုတ်လဲှပြီး အိမ်ဆောက်တဲ့အခါ ထုပ်တန်းအဖြစ် သုံးကြပါတယ်။ ထန်းသားက မိုးရေမထိရင် ဆယ်စုနှစ်ချီကို ခိုင်ခံ့တဲ့အသားမို့ သစ်ကြီးသစ်ကောင်းရှားသွားတဲ့ ခုခေတ်ကျေးလက်မှာ အိမ်ဆောက်ဖို့အတွက် ထန်းသားဟာ အရေးပါဆဲပါ။
 

 
ထန်းလုပ်ငန်း အတော်အသင့် ပြန်ကောင်းတာ နှစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ အကျိုးအမြတ်နည်းလို့ တက်သူမရှိသေးတာကြောင့် အရွက်ခြောက်တွေ အပြိုင်းပြိုင်း အရိုင်းရိုင်း ဖြစ်နေတဲ့ ထန်းပင်တောတွေလည်း အများအပြား ရှိနေသေးပါတယ်။ ထန်းတက်တဲ့အလုပ်ဟာ ထန်းသမားအဖို့ အသက်အန္တရာယ် နီးစပ်တဲ့အလုပ်ပါ။ ထန်းတက်ရင်းရင်း ဆွဲမခိုင်လို့ ပြုတ်ကျတာ။ အပင်ပေါ်ရောက်မှ အကြောင်းအမျိုးမျိုးကြောင့် လိမ့်ကျတာတွေ ကြုံရကြားရပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ထန်းသမားဟာ ခြေကျိုးလက်ကျိုးကနေ အသက်ဆုံးရှုံးသွားတဲ့ အထိပါ။ အညာအရပ်မှာတော့ ထန်းလျှောတယ်လို့ ခေါ်ပါတယ်။ ထန်းချက်သူကချက်၊ မြူအိုး မီးမြှိုက်သူက မြှိုက်နေတဲ့ ထန်းချက်ဖိုဆီကအပြန် ကျွန်တော့်အတွေးမှာ ထန်းပင်ပေါ်က ထန်းရည်ကို ကျိုချက်ပြီးရလာတဲ့ ထန်းလျက်က ချိုမြပေမယ့် ထန်းလျက်ခဲဖြစ်ဖို့ ထန်းသမားမိသားစု အားထုတ်ရတဲ့ဘဝဟာ ပင်ပန်းဆင်းရဲတာထက် အများကြီးပိုနေတယ်ဆိုတဲ့အကြောင်း သိလိုက်ရင်း ထန်းလျက်ဈေးကောင်းကာ ထန်းတောင်သူတို့ဘ၀ အဆင်ပြေပါစေလို့ ဆုတောင်းလိုက်မိပါတယ်။

Most Read

Most Recent