အယ်လ်နီညိုရာသီဥတု ရောက်လာတော့မှာလား

အယ်လ်နီညိုရာသီဥတု ရောက်လာတော့မှာလား
Published 18 May 2015
မင်းချစ်နိုင်

မြန်မာပြည်မှာ အခုရက်ပိုင်းအတွင်း အမြင့်ဆုံးအပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်လာတဲ့အတွက် အယ်လ်နီညိုရာသီဥတု ဖြစ်ပွားဖို့ ရာခိုင်နှုန်း ၇၀ ကျော်ရှိတယ်လို့ မိုး/ဇလ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးပြောတာကို သတင်းတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ဒါပေမဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးကတော့ တရားဝင်ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ မိုးလေဝသပညာရှင်တွေက အယ်လ်နီညိုဖြစ်တော့မယ်၊ ဖြစ်နေပြီလို့ ပြောနေကြပါပြီ။ အယ်လ်နီညိုရာသီဥတု ဖြစ်၊ မဖြစ် ကျွန်တော်တို့ အခြေခံလူတန်းစားတွေ မသိသလို အယ်လ်နီညိုဆိုတာ ဘယ်လိုဟာကြီးမှန်းလည်း မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အရမ်းပူနေတယ်။ နေပူဒဏ်က အရေပြားတွေ ပေါက်ပြဲမတတ် ပြင်းထန်လွန်းနေတယ်။ အဲဒီလောက်ပြင်းထန်လွန်းတဲ့ အပူဒဏ်ကိုဖြစ်ပေါ်စေတဲ့ အယ်လ်နီညိုအကြောင်းကို လူတိုင်းသိထားသင့်တယ်ထင်လို့ ကျွန်တော် ဖတ်မှတ်လေ့လာခဲ့ရသလောက် ပြောပြချင်ပါတယ်။အယ်လ်နီညိုဆိုတာ ကမ္ဘာ့တောင်ဘက်ခြမ်း ပင်လယ်သမုဒ္ဒရာထဲက လူတွေကို ဒုက္ခပေးနိုင်တဲ့ ပူနေတဲ့ရစီးကြောင်းကြီးဖြစ်ပြီး လူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ နေထိုင်ရာပတ်ဝန်းကျင်ကို အဆိုးအကောင်း ဖန်တီးပေးနိုင်ပါတယ်။ အယ်လ်နီညိုဟာ ပစိဖိတ်သမုဒ္ဒရာရေပြင်ကို အချိန်ပိုင်းအလိုက် နွေးထွေးစေပြီး တစ်ဖက်စွန်းရောက် မိုးလေဝသဖြစ်စဉ်တွေကို ဖြစ်ပေါ်စေပါတယ်။သာမန် ပထဝီသဘောအရဆိုရင် ပစိဖိတ်သမုဒ္ဒရာမှာ အရှေ့တောင် ရာသီလေတွေက အနောက်ဘက်ကို တိုက်ခတ်ရင်း နွေးတဲ့ပင်လယ်ရေတွေကို ပင်လယ်ပြင်ကျယ်ဘက်သို့ တိုက်ခတ်ပေးပါတယ်။ ဒါပေမဲ့ အယ်လ်နီညို ရေစီးကြောင်းစီးတဲ့အခါ ရာသီလေတွေရဲ့ တိုက်ခတ်မှုဟာ ထိရောက်မှုမရှိတော့တဲ့အတွက် ပစိဖိတ်သမုဒ္ဒရာကနေ ပူနွေးတဲ့ရေစီးကြောင်းတွေဟာ အရှေ့ဘက်ကို စီးဆင်းတော့တယ်။ ပူနွေးတဲ့ ရေစီးကြောင်းကြောင့် အေးမြတဲ့ရေပြင်မှာနေတဲ့ ငါးတွေ သေကျေပျက်စီးကြရပါတယ်။ အဲဒီရေစီးကြောင်းကြောင့် ရေမျက်နှာပြင်ပူနွေးလာတဲ့အတွက် လေဖိအားလျော့ကျသွားပြီး မိုးရွာသွန်းမှုတွေကို ဖြစ်ပေါ်စေတဲ့အပြင် ကမ္ဘာအရပ်ရပ်မှာ မိုးခေါင်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ အဲဒါ အယ်လ်နီညိုပါပဲဗျာ။၁၉၈၂ ခုနှစ် တောင်အမေရိကတိုက် ချီလီနိုင်ငံမှာ အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်တုန်းက တံငါလုပ်ငန်းတွေ ထိခိုက်ပျက်စီးခဲ့တယ်။ ကမ္ဘာ့မြောက်ခြမ်းမှာလည်း ရာသီဥတု သိသိသာသာ ပြောင်းလဲခဲ့တယ်။ သြစတြေးလျနိုင်ငံမှာ သဲမုန်တိုင်းတွေ ဖြစ်ပေါ်ခဲ့တယ်။ တီဟီကျွန်းမှာ ဆိုင်ကလုန်းမုန်တိုင်းတွေ ဖြစ်ပေါ်ခဲ့တယ်။ အာဖရိကတိုက်မှာ မိုးခေါင်ရေရှားပြီး အငတ်ဘေးဆိုက်ရောက်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် ကမ်းခြေတစ်ကြောမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ တောင်အမေရိကတိုက် ပစိဖိတ်သမုဒ္ဒရာဘက် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် မုန်တိုင်းတွေ တိုက်ခတ်ခဲ့တယ်။ ပီရူးနိုင်ငံ အချို့ဒေသတွေမှာ ပုံမှန်ထက်အဆ ၆၀၀ ပိုပြီး မိုးရွာသွန်းခဲ့တယ်။ ၁၉၈၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရေပူစီးကြောင်း(သို့) အယ်လ်နီညိုရာသီဥတုကြောင့် ဒေါ်လာကုဋေရာချီပြီး ပျက်စီးခဲ့တယ်။ကမ္ဘာ့နိုင်ငံကြီးတွေမှာတော့ အယ်လ်နီညိုရာသီဥတုကို လေ့လာစောင့်ကြည့်ပြီး တွေ့ရှိရတဲ့အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးခဲ့သလို တစ်လနှစ်ကြိမ်သတင်းလွှာတွေလည်း ထုတ်ဝေခဲ့ပါတယ်။ အဲဒီအချိန်မှာ သောက်သုံးရေ စုဆောင်းခြင်း၊ ကျန်းမာရေးအတွက် ဆေးဝါးတွေ စုဆောင်းခြင်း၊ ငါးဖမ်းလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခြင်းတွေကို အစိုးရအဖွဲ့ဦးဆောင်မှုနဲ့ လုပ်ကိုင်ကြပါတယ်။ အီကွေဒေါနိုင်ငံ အစိုးရဟာ ၁၉၉၁ ခုနှစ်က အယ်လ်နီညိုရေစီးကြောင်းဆိုင်ရာ သတင်းလွှာရဲ့ နှိုးဆော်သတိပေးချက်တစ်ခုကြောင့် ဆန်၊ ဂျုံနဲ့ ပြောင်းတို့ကို နိုင်ငံခြားမတင်ပို့ဘဲ နိုင်ငံတွင်း ရိက္ခာဖူလုံဖို့ စုဆောင်းထားခဲ့တယ်။ အဲဒီလို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်အောင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာနေဖို့ လိုပါတယ်။လက်ရှိ ကျွန်တော်တို့ မြန်မာပြည်ရဲ့အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနေတဲ့အတွက် အယ်လ်နီညိုဖြစ်ပွားနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ မိုး/ဇလ အထက်မြန်မာပြည်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး ပြောပြချက်အရ မြန်မာပြည်မှာ အယ်လ်နီညို ဖြစ်နိုင်တဲ့အခြေအနေတွေ တော်တော်ပြည့်စုံနေပါပြီတဲ့။ ပြီးခဲ့တဲ့ရက်ပိုင်းက ချောက်မြို့မှာ အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်ထိ ရောက်ခဲ့ပြီး လေပြင်းတိုက်ခတ်မှု၊ မိုးထစ်ချုန်းရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ အပူချိန်တွေလည်း နေ့စဉ် မြင့်တက်နေတယ်။ ဒါဟာ အယ်လ်နီညိုရာသီဥတုဖြစ်ပွားနိုင်တဲ့ လက္ခဏာတွေပါပဲ။မြန်မာပြည်မှာ အယ်လ်နီညို ရာသီဥတုဟာ နှစ်နှစ်ခြား၊ သုံးနှစ်ခြား တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိပြီး ၁၉၈၀ ပြည့်နှစ်နှင့် ၁၉၉၀ ပြည့်နှစ်အကြားမှာ ဖြစ်ပွားခဲ့တယ်လို့ မှတ်သားရပါတယ်။ မြန်မာပြည်ဟာ အယ်လ်နီညိုရာသီဥတုကို ၁၉၉၈ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ်တွေမှာ သိသိသာသာ ခံစားခဲ့ရပါတယ်။ အပူချိန်မှတ်တမ်းတွေအရ ၁၈၈၀ ပြည့်နှစ်နောက်ပိုင်း မှာ ၂၀၀၅ ခုနှစ်ဟာ အပူချိန်အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာလည်း အပူချိန်ဟာ ၂၀၀၅ ခုနှစ်ရဲ့ အပူချိန်ထက် ၀ ဒသမ ၀၇ ဒီဂရီ ဖာရင်ဟိုက်မြင့်မားခဲ့ပြီး အပူဆုံးနှစ်အဖြစ် စံချိန်ထပ်တင်ခဲ့တယ်လို့ သိရပါတယ်။အခု ၂၀၁၅ ခုနှစ်မှာလည်း အပူချိန်ဟာ လျော့ကျသွားခြင်းမရှိဘဲ မနှစ်ကထက်ကို ပိုပူတယ်လို့တောင် ခံစားနေရပါတယ်။ မိုးလေဝသပညာရှင်တွေ သတိပေးပြောကြားချက်တွေအရ အခုနှစ် အယ်လ်နီညိုရာသီဥတု ဖြစ်ပွားဖို့ တာစူနေတယ်တဲ့။ မနှစ်ကဆိုရင် အယ်လ်နီညိုရာသီဥတု ဖြစ်ပွားခဲ့ခြင်း မရှိခဲ့တာတောင် အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တာဆိုတော့ အခုနှစ်မှာ အယ်လ်နီညို ရာသီဥတုဖြစ်ပွားဖို့ တာစူနေတဲ့အတွက် ဒီနှစ်ဟာ မနှစ်ကထက် ပိုပူနိုင်တဲ့ အနေအထားဖြစ်နေပါတယ်။ နောက်ပြီး ခရမ်းလွန်ရောင်ခြည်ကျ ရောက်မှုဟာလည်း လွန်ကဲအဆင့်ထက် ကျော်လွန်နေတယ်လို့ သိရပါတယ်။ ဒီလိုအချိန်မှာ အသွားအလာ အနေအထိုင် အထူးဂရုပြုဖို့ လိုအပ်လှပါတယ်။လက်ရှိမှာ အယ်လ်နီညိုရာသီဥတု မဖြစ်သေးပေမယ့် ပြင်းထန်တဲ့ အပူချိန်ကြောင့် အပူလျှပ်ဖျားနာခြင်း၊ မေ့လဲခြင်း၊ ခြေလက်ရောင်ရမ်းခြင်း၊ ကြွက်တက်ခြင်း၊ အားအင်ကုန်ခန်း ချည့်နဲ့ခြင်း၊ ချွေးမထွက်ဘဲ သတိလစ်မေ့မြောခြင်းတွေ ဖြစ်ပေါ်တတ်ပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေဆို အသက်ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အနေအထိုင် အသွားအလာ အစားအသောက်မဆင်ခြင်လို့ ဦးနှောက် သွေးကြောပြတ်ပြီး အသက်ဆုံးရှုံးရတာတွေ၊ လေဖြတ်ပြီး အောက်တစ်ပိုင်းသေသွားရတာတွေ၊ အရက်သေ စာသောက်စား ကားမောင်းလို့  ဦးနှောက်သွေးကြောပြတ်သေရတာတွေ၊ အပူထဲ ကားမောင်းပြီး နားတဲ့အခါ မှာ ရေခဲရေနဲ့ မျက်နှာသစ်၊ ကုပ်ပေါ်ကို ရေလောင်းချလို့ ဦးနှောက်သွေးကြောပြတ် သေဆုံးရတာတွေ၊ အဝတ်ရေစို ခင်းအိပ်လို့၊ လေပန်ကာကို တစ်ညလုံးဖွင့်အိပ်လို့ လေဖြတ်သွားတာတွေ၊ နေပူထဲက ပြန်လာပြီး ရေခဲရေကို အငမ်းမရသောက်လို့ ရုတ်တရက်သေဆုံးရတာတွေ၊ ပြင်းလွန်းတဲ့ အပူထဲကနေ အေးလွန်းတဲ့ အအေးထဲကို အပြောင်းမှာ ရုတ်တရက် သေဆုံးရတာတွေဖြစ်ပေါ်တတ်တဲ့အတွက် အထူးသတိထားရပါမယ်။လက်ရှိအခြေအနေမှာ အယ်လ်နီညိုရာသီဥတုနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကို မိုးလေဝသဌာနက မပြတ်စောင့်ကြည့်ပြီး လိုအပ်သလို ထုတ်ပြန်ပေးဖို့လိုသလို ပြည်သူတွေကလည်း မိုးလေဝသထုတ်ပြန်ချက်တွေကို ဂရုပြုနားထောင်ပြီး ပညာရှင်တွေရဲ့ ဆောင်ရန်၊ ရှောင်ရန် သတိပေးချက်တွေကို လိုက်နာဆောင်ရွက်ရပါမယ်။ အယ်လ်နီညိုရာသီဥတုရဲ့ ဖြစ်စဉ်ဟာ စိုက်ပျိုးရေးလုပ်ငန်းတွေအပေါ် အထူးသက်ရောက် ထိခိုက်နိုင်တဲ့အတွက် နိုင်ငံတော်ရဲ့ ဦးဆောင်မှု၊ ပညာရှင်တွေရဲ့ အကြံပေးမှုတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားသင့်ပါတယ်။ သဘာဝဘေးဆိုတာ ဖြစ်လာတော့မယ်ဆိုရင် မဖြစ်အောင် တားဆီးလို့မရပေမယ့် ဖြစ်လာခဲ့ရင် ထိခိုက်ပျက်စီး ဆုံးရှုံးမှုနည်းပါးအောင် ကြိုတင်ပြင်ဆင်ကာကွယ်လို့ ရပါတယ်။ ဒါကြောင့် အယ်လ်နီညိုရာသီဥတုကိုလည်း ကြိုတင်ကာကွယ်မှုနဲ့ အနိုင်ယူနိုင်အောင် ကြိုးစားကြပါလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုက်တွန်းရေးသားလိုက်ရပါတယ်။