အမေဆိုသည်မှာ

အမေဆိုသည်မှာ
Published 1 May 2015
ညီအောင်ညီ

“ကလေးတိုင်းမှာ အမေရှိတယ်” တဲ့။ အဲ ဒီစာဆိုအမိန့်ကို ကျွန်တော်တို့ နားရည်ဝခဲ့ကြပါတယ်။ ဟုတ်တာပေါ့။ ကျွန်တော်တို့အားလုံးမှာ အမေဆိုတာ ရှိနေကြတာပဲ။ သက်ရှိလောကမှာ အမေဆိုတဲ့ အနန္တရဂုဏ်အင်ကျေးဇူးရှင်နဲ့ ဘယ်သူကင်းခဲ့ကြလို့လဲ။ နေရာတွေခြားမယ်၊ ဒေသတွေ ကွဲမယ်၊ ဘာသာ အယူအဆတွေ ခြားနားမယ်။ အမေ့ဂုဏ်ရည်၊ မိခင်ဂုဏ်ရည်တွေကတော့ အားလုံးသော သားသမီးတွေအတွက် အနှိုင်းမဲ့တွေပါပဲ။
 
ကျွန်တော်တို့ ယောက်ျားသားတွေအားလုံး ဆန်အိတ်နှစ်အိတ်ဆင့်ပြီး ထမ်းနိုင်တယ်။ ဘိလပ်မြေနှစ်အိတ် ဒါမှမဟုတ် နှစ်အိတ်မက ဆင့်ပြီး ထမ်းနိုင်တယ်။ “ကိုယ်ဝန်ဆိုတဲ့” အလေးအပင်ကို ထမ်းမလားဆိုတော့ ကျွန်တော်အပါအဝင် ယောက်ျားလေးတော်တော်များများက စိတ်နဲ့တောင် မထမ်းဖူးခဲ့ကြပါဘူး။ လက်တွေ့ဆိုရင်တော့ အဝေးတကာ အဝေးဆုံးပါပဲ။
 
ကလေးတွေများစွာ၊ သားသမီးတွေမျာစွာမွေးထားတဲ့ မိခင်တစ်ဦးကို အပျက်သဘော ဟာသသဘောနဲ့  နောက်ပြောင်တတ်ကြပေမယ့် တကယ်တမ်း သေသေချာချာ ပြန်စဉ်းစားကြည့်ရင် သားဖြစ်ဖြစ်သမီးဖြစ်ဖြစ် တစ်ယောက်မွေးခဲ့တယ်ဆိုရင် အမေဆိုတဲ့ မိခင်ဟာ သူ့ဘဝမှာ သူ့သားသမီးကို တစ်ခါ အသက်ပေးခဲ့ရတာပါ။ နှစ်ယောက်မွေးရင် နှစ်ခါအသက်ပေးခဲ့ရတာပါ။ များရင်များသလောက် အမေဆိုတဲ့ မိခင်တစ်ဦးဟာ သူ့သားသမီးတွေအတွက် အကြိမ်ကြိမ် အသက်ပေးခဲ့ရတယ်ဆိုတာ ကျွန်တော်တို့ မမေ့သင့်ပါဘူး။
 
သားသမီးများစွာမွေးနိုင်ခဲ့တဲ့ မိခင်တစ်ဦးကို အသက်အကြိမ်ကြိမ်ပေး၍ မွေးနိုင်ခဲ့သူအဖြစ်  ကျွန်တော်တို့ လေးစားဂရုပြုကြရမှာပါ။ အမေဆိုတဲ့ မိခင်က သားသမီးတွေအတွက် အကြိမ်ကြိမ် အသက်ပေးခဲ့ပေမယ့် သားသမီးဆိုတဲ့ ကျွန်တော်တို့က အမေ့အတွက် အသက်ဘယ်နှခါပေးခဲ့ဖူးလဲဆိုတဲ့အထိ တွေးနိုင်ခဲ့ရင် အမေ ဘယ်လောက်အတိုင်းအတာအထိ ဝေဒနာကိုခံစားပြီး သည်းညည်းခံမှုများစွာနဲ့ သားသမီးတစ်ယောက် မွေးထုတ်ခဲ့ရပါလားဆိုတဲ့အထိ စဉ်းစားနိုင်ခဲ့ရင် အမေတစ်ယောက်ရဲ့မေတ္တာတရား နက်ရှိုင်းမှုကို သိသာထင်ရှားစွာ မြင်တွေ့ကြမှာပါ။
 
ယောက်ျားတစ်ယောက်ရဲ့ဘဝမှာ သီးခြားဒုက္ခဆိုတာ မရှိပေမယ့် မိန်းမတစ်ယောက် ရဲ့ဘဝမှာတော့ သီးခြားဒုက္ခဆိုတာ ရှိနေခဲ့တယ်။ အဲဒီ သီးခြားဒုက္ခတွေဆိုတာလည်း အမှန်တရားတွေပါပဲ။ သံယုတ္တနိကာယ်၊ ဘာဝေဏိကသုတ်မှာ အမျိုးသမီးများသာ သီးခြားခံစားရတဲ့ ဒုက္ခငါးမျိုးရှိတယ်လို့ ဗုဒ္ဓက ဟောတော်မူထားခဲ့ပါတယ်။ ကျွန်တော့်အမြင်အရ မိခင်တစ်ယောက်ရဲ့ဒုက္ခနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကို စာနာတတ်၊ တန်ဖိုးထားတတ်၊ ကျေးဇူးသိတတ်ဖို့ ဗုဒ္ဓမြတ်စွာက ဟောထားတယ်လို့ မြင်မိပါတယ်။
 
အဲဒီ သီးခြားဒုက္ခငါးမျိုးကို ပညာရှင်တွေ က ကဗျာလေးစပ်လို့ ယောကျ်ားသားတွေ သားသမီးတွေကို သတိပြုမိစေခဲ့ပါတယ်။ “လင့်အိမ်လိုက်ရ၊ တစ်လတစ်ခါ၊ ဓမ္မတာသွန်၊ ကိုယ်ဝန်သားဖွား၊ ကျွေးယောကျ်ား၊ သီးခြား ငါးဒုက္ခ”  ဆိုပြီး ပညာရှင်တွေက စပ်ဆိုထားခဲ့ကြပါတယ်။ (၁) လင်၏ နောက်သို့လိုက်ပါရခြင်း (၂) တစ်လတစ်ခါ ဥတုပန်းပွင့်ရခြင်း (၃) ကိုယ်ဝန်ဆောင်ရခြင်း (၄) သားဖွားရခြင်း  (၅) လင်ကို ပြုစုလုပ်ကျွေးရခြင်းဆိုပြီး အမျိုးသမီးတွေသီးခြားခံစားရတဲ့ ဒုက္ခတွေကို ဖတ်ရှုခဲ့ရပါတယ်။
 
အိမ်ထောင်မပြုတဲ့ အမျိုးသမီးတွေအတွက်တော့ တချို့သော သီးခြားဒုက္ခတွေက လွတ်ကင်းနိုင်ပေမယ့် မိခင်ဘဝကို ခံယူထားတဲ့ အမျိုးသမီးတွေအတွက်တော့ ဒုက္ခတွေက ဝိုင်းဝိုင်းလည်နေခဲ့တာပါ။ ကိုယ်ဝန်ဆောင်ရတဲ့ဒုက္ခ၊ သားဖွားရတဲ့ဒုက္ခတွေကတော့ မဟာဒုက္ခတွေလို့ ပြောရမှာပါ။ မိခင်တစ်ယောက်ရဲ့ဒုက္ခကို အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုသိနိုင်တာပါ။ အမျိုးသမီးတွေ မွေးဖွားခါနီး ဘေးကနေအားပေး နှစ်သိမ့်ကြတဲ့ အမေ၊ အဘွား၊ အဒေါ်တွေ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းက “မညည်းနဲ့ သမီးရေ အမေတို့တုန်းကလည်း ဒီလိုပဲ” ဆိုတဲ့ စကားလေးပါ။  အမျိုးသမီးတွေက မိခင်တစ်ယောက်ရဲ့ ဒုက္ခကို ကိုယ်ဝန်ဆောင်ချိန်နဲ့ သားဖွားချိန်မှာ ပိုသိနိုင်ကြမယ်လို့ ထင်မိပါတယ်။
 
မိခင်တွေဟာ သားသမီးတွေကို ကိုယ်ဝန်စရပြီဆိုကတည်းက မွေးပြီးကြီးပြင်းတဲ့အထိ အစစအရာရာ ဂရုစိုက်ခဲ့ရ၊ အသက်ပေးပြီး မွေးခဲ့ရ၊ သွားသတိ၊ စားသတိ၊ ထိုင်သတိ အပြည့်နာကျင်မှုကို သည်းခံမှုအပြည့်နဲ့ သွေးကနေ နို့ရည်အဖြူဖြစ်တဲ့အထိ မိခင်မေတ္တာကို အဆုံးအစွန်ထိ ပြသနိုင်ခဲ့တယ်ဆိုတာ တွေးကြည့်မိလေ ပိုပြီး သိသာထင်ရှားလေပါပဲ။
 
ကျွန်တော်တို့နေထိုင်ရာ သက်ရှိလောကကြီးထဲမှာ အမေနဲ့ကင်းတဲ့လူ့အဖွဲ့အစည်း အမေနဲ့ကင်းတဲ့ သတ္တဝါအဖွဲ့အစည်းဆိုတာ ရှိမယ်မထင်ပါဘူး။ “အမေသေက အစားမရ” ဟုလည်း ဆိုကြပါတယ်။ အမေဆိုတာ ဘာသာစကားတွေရဲ့ ပေါက်ဖွားရာလို့လည်း ဆိုကြပါတယ်။ အနန္တောအနန္တငါးပါးထဲမှာလည်း “မာတာပိတုဂုဏော အနန္တော” ဆိုပြီး “မာတာ” ဆိုတဲ့ နာမ်ပုဒ်ကို ရှေ့ဆုံးမှာ ထားထားပါတယ်။ ဘာကြောင့်လဲဆိုရင် အမေဆိုတာ အားလုံးထက်သာ၍ မြတ်တယ်။ အားလုံးထက် ပိုမြတ်တယ်။ အားလုံးထက်သာ၍ ပို၍ ပူဇော်အပ်တဲ့ ဂုဏ်ကျေးဇူးတွေကြောင့် အမေဆိုတဲ့ မာတာနာမ်ပုဒ်ကို ရှေ့ဆုံးမှာထားတာပါလို့ ပညာရှင်တို့ ဆိုခဲ့ကြပါတယ်။ ဒါကြောင့် “မာတာပိတု” ပဲရှိတယ် “ပိတုမာတာ” ဆိုတာ မရှိခဲ့ဘူးလို့ ဖွင့်ဆိုခဲ့ကြပါတယ်။
 
မိခင်တွေနဲ့ပတ်သက်တဲ့ မေတ္တာကြီးမားပုံကို ဖော်ကျူးထားတဲ့ ဇာတ်ဝတ္ထုတွေ၊ နိပါတ်တော်တွေ၊ ဘုရားဟောတွေ၊ ကျမ်းဂန်တွေမှာ အများကြီးပါပဲ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း မိခင်မေတ္တာနဲ့ပတ်သက်တဲ့ သာဓက ဖြစ်ရပ်တွေ၊ စာပေတွေ၊ ပုံပြင်တွေ အများကြီး အများကြီးပါပဲ။ အမေပဲဖြစ်ဖြစ်၊ အမိုးပဲဖြစ်ဖြစ်၊ မာမီပဲဖြစ်ဖြစ်၊ မားမားပဲဖြစ်ဖြစ်၊ အိုမားပဲဖြစ်ဖြစ် အားလုံးဟာ အမေချင်းတူတူပါပဲ။ မိခင်တစ်ယောက်ရဲ့ ခံစားရတဲ့ဒုက္ခ၊ အသက်ပေးရတဲ့အဖြစ် ဝေဒနာကို ကြိတ်မှိတ်သည်းခံရတဲ့အဖြစ် သနစ်တွေကတော့ အတူတူပါပဲ။ 
 
ရှင်သီဝလိမထေရ်ကို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တော်တော်များများက သိကြပါတယ်။ လာဘ်လာဘရွှင်အောင် ရှင်သီဝလိရဲ့ဂုဏ်ရည်တွေကို ညွှန်းဆိုထားတဲ့ ဂါထာတွေကို ရွတ်ဆိုပူဇော်ကြတာတွေလည်း ရှိပါတယ်။ တကယ်တော့ ရှင်သီဝလိကို သူ၏ မိခင် သုပ္ပဝါသာဟာ ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက် ဒုက္ခတွေခံစားရပြီးမှ မွေးဖွားခဲ့တာပါ။ မြတ်ဗုဒ္ဓက သနားငဲ့ညှာစိတ်နဲ့ ချစ်သမီး “သုပ္ပဝါသာ”  အခုလို ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက်လုံးလုံး အာဝေဏိကဒုက္ခကို ခံစားခဲ့ရတော့ ဒီလိုသားမျိုးရသေးရင် မွေးချင်ပါသေးလား လို့  မေးတော်မူခဲ့ပါတယ်။ သုပ္ပဝါသာအမျိုးသမီးကလည်း ဒီလိုသားမျိုးကို မွေးရတယ်ဆိုရင် အယောက်တစ်ရာမျှ မွေးချင်ပါသေးတယ်လို့ ဖြေကြားခဲ့တာပါ။ သုပ္ပဝါသာအမျိုးသမီးရဲ့မိခင်စိတ်ဟာ နှိုင်းမရအောင် ကြီးမားခဲ့ပါတယ်။ ရင်နှင့်လွယ်ပြီးမွေးခဲ့ အသက်ပေးပြီး မွေးခဲ့ရတဲ့အတွက်ကြောင့် အခြားသူတွေထက် အမေဟာ သူ့သားသမီးတွေကို ပိုချစ်တာအမှန်ပါပဲ။
 
အမေဆိုတာ တစ်ခါတုန်းက သမီးဖြစ်ခဲ့ဖူးပါတယ်။ သမီးဆိုတာကလည်း တစ်ချိန်မှာ အမေဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးလေး ရေးလိုက်ရုံနဲ့ မိခင်တစ်ယောက်ရဲ့ဂုဏ်ကျေးဇူးတွေ ပြည့်စုံပြီလို့ ကျွန်တော်မခံယူထားပါဘူး။ 
ကျွန်တော်တို့ မသိနိုင်တဲ့ဂုဏ်ကျေးဇူးတွေ၊ ပြောလို့မကုန်၊ ရေးလို့မကုန်တဲ့ မိခင်တစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးတွေ များစွာရှိနေပါသေးတယ်။ မိခင်တစ်ယောက်ရဲ့ဂုဏ်ကျေးဇူးကို ကျွန်တော်တို့ အလေးဂရုပြုကြရမှာပါ။ တန်ဖိုးထားဂါရဝထားရမှာပါ။ ကျေးဇူးသိ ကျေးဇူးဆပ်ကြရမှာပါ။ အမေဆိုတာ အမေပါပဲ။ အမေ့ဂုဏ်ကျေးဇူးတွေက အနှိုင်းမဲ့တွေဖြစ်နေလို့ပါပဲ။

Most Read

Most Recent