ဆပ်ပြာပူဖောင်းတွေ

ဆပ်ပြာပူဖောင်းတွေ
Published 30 April 2015
မောင်စံပေါ

(၁)
ငယ်ငယ်တုန်းကပေါ့။ ဆပ်ပြာရည် ဖျော်တယ်။ သင်္ဘောရိုး ဖြတ်တယ်။ သင်္ဘောရိုး ထိပ်ဝတစ်ဖက်ကို ဆပ်ပြာရည်မှာ နှစ်တယ်။ တခြားဘက်ကနေ ဖြည်းဖြည်းလေး မှုတ်တယ်။ ဆပ်ပြာပူဖောင်းရတယ်။ ကျေနပ်လောက်တဲ့ အရွယ်ရတော့ လွှတ်ချလိုက်တယ်။ လေထဲမှာ ဆပ်ပြာပူဖောင်း လွင့်လွင့် လွင့်လွင့်နဲ့။ နောက်တော့လည်း ပေါက်သွားတာပါပဲ။ ဝယ်တာမဟုတ်၊ ကိုယ်တိုင်လုပ်တာ ပျော်ပါဘိခြင်း ပျော်ဘိခြင်း။ဆပ်ပြာပူဖောင်းတွေ။ 
(၂)
ပလတ်စတစ်ပိုက် သေးသေးလေးတွေကိုဖြတ်ပြီး လက်ကောက်သီတယ်။ ဆပ်ပြာရည်မှာ နှစ်တယ်။ ဆွဲယူဝှေ့ယမ်းတော့ ဆပ်ပြာပူဖောင်းတွေ အများကြီးရတယ်။ လေထဲမှာ လိမ့်လိမ့်နဲ့။ နေရောင်အောက်မှာ ရောင်စုံတောက်ပလို့။ လှလိုက်တာကွယ်။ ကစားချင်တော့ ဝယ်ရတာပေါ့လေ။ဆပ်ပြာပူဖောင်းတွေ။ 
(၃)
ပူဖောင်းတွေကြားမှာ ပြေးလွှားရင်း ပန်းရောင်းတယ်။ စံပယ်တွေ အရွယ်မပြောင်းပေမယ့် စံပယ်ပန်းတွေ ရောင်းနေတဲ့ ကလေးမလေးကတော့ သေးရာက ကြီးလာတယ်။ အရပ်နိမ့်ရာက အရပ်မြင့်လာတယ်။ အရွယ်မပြောင်းတဲ့ စံပယ်ပန်းတွေလိုပဲ မပြောင်းလဲသေးတာက သူတို့လေးတွေရဲ့ ဓနအင်အား။ စကားလုံးတွေများ ကြီးသွားမလား။ ထားလိုက်ပါ။ တိုင်းတာရ ခက်တယ်ထင်ရင် မြင်သလိုသာ အဆင်ပြေသလို မှတ်ထားလေ။ သူလည်း ပဲရစ်ဟီလတန်လို ဟိုတယ်တစ်လုံးတော့ ပိုင်နိုင်ပါသေးတယ်။ဆပ်ပြာပူဖောင်းတွေ။ 
(၄)
နေကလည်း ပူလိုက်တာ။ ဘာလို့များ ဂေါက်သီးလာရိုက်နေကြတာလဲ။ အိမ်မှာဘဲ အဲယားကွန်းလေးဖွင့်ပြီး သီချင်းညည်းချင်ညည်း၊ အခွေကြည့်ချင် ကြည့်ကြပါလား။ မီးမလာလည်း မီးစက်ဖွင့်ရတာပဲလေ။ တွေတွေဝေေ၀နဲ့ ဂေါက်လှည်းဆွဲရင်း တွေးမိတယ်။ ထီးမိုးပေးနေတဲ့ သူငယ်ချင်း ကယ်ဒီမလေးလည်း အတူတူပဲ ရှိမှာ။ ပါးက သနပ်ခါးကွက်တွေတောင်မှ ချွေးစွက်လို့ ပျက်တချို့ ထင်တချို့။ ညကကြည့်ခဲ့တဲ့ ဗီဒီယိုထဲက မင်းသမီးလေးကို သတိရမိတယ်။ ကျွန်မပါးထက် သနပ်ခါးကွက် ဘယ်သူဖျက်သလဲတဲ့။ အမှတ်တမဲ့နဲ့ ဂေါက်လှည်းကို ဆောင့်ဆွဲလိုက်တယ်။ ပြီးမှ သတိရတယ်။ သွားပြီ။ ဒေါသကုမ္မာရသူဌေးကြီး ရိုက်ဖို့ပြင်နေတာ လှည်းသံကြားလို့ ရပ်ပြီး ဘုကြည့်ကြည့်တယ်။ရိုက်ချက်ကောင်းပါစေ ဘုရား။ မပျက်ပါစေနဲ့ ဘုရား။ ပွဲအပြီးမှာရမယ့် ဆင်ကလေးတွေ၊ ခြင်္သေ့ကလေးတွေ ထွက်မပြေးပါစေနဲ့။ မောင်လေးကျူရှင်ခက မနက်ဖြန်ဆို ပေးရတော့မှာ။ နေပူပူ မြက်စိမ်းစိမ်းမှာ ကြည့်ရင်းနဲ့ ရောင်စုံတွေ ချာချာလည်လာတယ်။ဆပ်ပြာပူဖောင်းတွေ။ 
(၅)
“လွယ်တော့ ဝယ်သောက်ဖြစ်၊ ဝယ်စားဖြစ်နေတာကွ။ အလိပ်ပြေရောင်းတဲ့ စီးကရက်တွေရော၊ ပလတ်စတစ်အိတ်နဲ့ ကွမ်းယာတွေရော အကုန်ပိတ်ပစ်ရမှာကွ။”ဘတ်စကားစောင့်နေတဲ့ ရုပ်သန့်သန့် လူငယ်နှစ်ယောက်က သူ့ကိုကြည့်ရင်း စကားဆိုတယ်။ အလိုဗျာ ကျွန်တော်တို့ ထမင်းအိုးလေး ကွဲရတော့မှာလား။ ဈေးသည်ကောင်လေးစိတ်ထဲက တွေးမိတယ်။ ကလေးတွေ နုတ်ဘုတ်ကွန်ပျူတာကိုင်တာ မြင်ချင်တယ်ဆိုတော့ ဝယ်များပေးတော့မှာလား စိတ်ကူးယဉ်ခဲ့တာပေါ့ဗျာ။ ပြောတဲ့သူကလည်း ဧရာမ အကြီးစားကြီးကိုး။ဖြစ်နိုင်ရင် ကျွန်တော်လည်း အဲဒီအစ်ကိုလေးတွေလို ဘိုလိုတော့၊ ကွန်ပျူတာနှိပ်တာမျိုး လုပ်ချင်တာ။ ဆေးလိပ်နဲ့ကွမ်းယာ မကောင်းတာတော့ သိပါတယ်။ ကွမ်းစားလွန်းတဲ့အဖေ ကင်ဆာဖြစ်ပြီး သေခဲ့တာလေ။ ကုစရာငွေက မရှိ။ ပါးစောင်အပေါက်ကြီးက မြင်မကောင်း ရှုမကောင်းနဲ့။ ဝေဒနာ တော်တော်ခံပြီးမှ အဖေဆုံးခဲ့ရတာ။ လူရည်ချွန်ဆေးခန်းလို ကုသိုလ်ဖြစ်ဆေးခန်းတွေနဲ့ အသက်ကို တည်းခဲ့ရတာ။ ဆရာဝန်တွေက ဂရုစိုက်ကြရှာပါတယ်။ တော်ပါတယ်။ ဆင်းရဲတဲ့ ရောဂါကိုတော့ သူတို့ လက်လျှော့ခဲ့ရတယ်။ဆေးလိပ်ကြိုက်တဲ့ အမေက ညညဆို ချောင်းတခွမ်းခွမ်းနဲ့။ နင့်အဖေနောက်လိုက်ချင်ပြီ ပြောလားပြောရဲ့။ဆပ်ပြာပူဖောင်းတွေ။ 
(၆)
“သားရယ်၊ နင့်အဖေ သင်္ဘောလိုက်တယ်ဆိုတာ ပင်လယ်ရေတွေက ငွေဖြစ်လာတာ မဟုတ်ဘူး။ အသက်ဘေးက နီးနီးလေးရယ်။ ခုနေက ပင်လယ်ဓားပြနဲ့ ဘာနဲ့။ လိမ်လိမ်မာမာနဲ့ ကြိုးစားစမ်းပါကွယ်”ဉာဏ်ကလေးက ကောင်းပါလျက်ကယ်နဲ့၊ ကျောင်းမတက် စာမကျက်ဘဲ ဂိမ်းစွဲနေတဲ့ သားကို အမေက ငိုလုလုလေသံနဲ့ ချော့မော့ပြောတယ်။ အတန်းပညာ မတတ်လည်း သူဌေးကြီး ဖြစ်နိုင်တာပါပဲတဲ့၊ ဂိမ်းပါရဂူသားက စောဒကတက်တယ်။“ဟဲ့ နင်ပြောသလို သူဌေးဖြစ်ရင်တော့ ကောင်းတာပေါ့။ သူဌေးမဖြစ်ခင် ခွေးဖြစ်မှာမြင်လို့ ပြောနေတာ”ဒေါသထွက်လာတဲ့ အမေက အော်တယ်။ဆပ်ပြာပူဖောင်းတွေ။ 
(၇)
“နိုင်ချင်ရင် ပိုင်အောင်လုပ်ရတယ် အာစရိရဲ့။ ပိုင်ဖို့ဆိုတာ ခိုင်ဖို့ အဓိကဗျ။”သွက်သွက်လက်လက် ချက်ချက်ချာချာနဲ့ လူလတ်ပိုင်းအရွယ် တစ်ယောက်က နောဧက နောတောင်မှ ကျေပါစမေးရမယ့် သူဌေးကြီးကို အခြေခံသင်္ချာ တွက်ပြတယ်။ တစ်ဝက်ဟာ ၅၀ ရာခိုင်နှုန်းတဲ့ ရှင်းပြတယ်။ အိမ်ခြေ၊ လူဦးရေ ပြောနေတာတွေက ချက်ကျလက်ကျနဲ့။ တယ်တော်တဲ့ ငါပါလား၊ ဒီတစ်ခါလည်း လူရွေးတာ မှန်သွားပြီ။ စဉ်းစားရင်း သူဌေးကြီးက ပြန်ပြောတယ်။“ခိုင်အောင် ပိုင်အောင်သာ လုပ်ကွာ။ ငါက နိုင်ချင်တာပဲ သိတယ်။ မင်းလိုတာပြော ဒါပဲ”နှစ်ယောက်စလုံးက စိတ်ကူးဖဲရိုက်ပြီး ဂျိုကာနှစ်ကောင်နဲ့ ဒေါင်းနေကြတယ်။ အဝတ်အစားသစ်တွေနဲ့ စုလစ်မွမ်းချွန် အဆောက်အအုံကြီးထဲမှာ ခံ့ညားစွာ လျှောက်နေမှာတွေးရင်း သူဋ္ဌေးကြီး ပြုံးလိုက်တယ်။ဆပ်ပြာပူဖောင်းတွေ။ 
(၈)
နေကလည်း ပူလိုက်တာ။ ပွေ့ထားတဲ့ သတင်းစာနဲ့ ဂျာနယ်တွေတောင် ချွေးစိုကုန်ပြီ။ ပူလွန်းတော့ ကားတွေက အဲယားကွန်းဖွင့် မောင်းရုံတင် မကဘူး၊ တော်တော်တန်တန်နဲ့ ကားမှန် မချချင်ကြတော့ဘူး။ မှန်ချပြီး သတင်းစာဝယ်ချိန်၊ ဂျာနယ်ဝယ်ချိန်တွေမှာ ဝင်လာမယ့် အပူငွေ့တွေ အေးသွားဖို့ အချိန်ယူရတာ ကြာသတဲ့။ ရောင်းမကောင်းတာနဲ့၊ ခြေညောင်းပြီး ပူလွန်းတာနဲ့ မီးပွိုင့်နားက သစ်ရိပ်အောက် ခဏဝင်ထိုင်လိုက်တယ်။ အရင်ရောက်နှင့်နေတဲ့ ပန်းသည်ကောင်မလေးက နှုတ်ဆက်တယ်။“လာလေကိုကြီး။ နေပူအားကြီးတယ်။ နားဦး။ ညီမကို ဂျာနယ်တစ်စောင်လောက် ပေးဖတ်နော်”ပြောပြောဆိုဆိုနဲ့ ဂျာနယ်နှစ်စောင် ကောက်ယူသွားတယ်။ ဒီကောင်မလေးက စာသိပ်ဖတ်တယ်။ တစ်ခါတစ်ခါကျရင် သူပြောတာတွေ နားလည်အောင် မနည်းစဉ်းစားရတယ်။“ကဲ ဈေးဆက်ရောင်းလိုက်ဦးမယ် ကိုကြီးရေ။ မောင်လေးက ကျောင်းဖွင့်ရင် ကိုးတန်း။ သူ့ကျောင်းစရိတ်နဲ့ ကျူရှင်ဖိုး ရှာရစုရဦးမယ်”“ဝေလည်းမွှေး ကြွေလည်းမွှေးတဲ့ ပိတောက်တွေလန်းလည်းမွှေး နွမ်းလည်းမွှေးတဲ့ ပိတောက်တွေတစ်နှစ်တစ်ခါ သစ္စာရှိရှိနဲ့ သင်္ကြန်ကြိုတဲ့ ပိတောက်တွေဒီနှစ်မှာ သစ္စာဖောက် သင်္ကြန်ပြီးမှရောက်လာတဲ့ ပိတောက်တွေ”ဆပ်ပြာပူဖောင်းတွေ။ 
(၉)
သူဌေးက အလုပ်ချိန်မှာ ဂိမ်းဆော့တာ၊ ဖေ့စ်ဘွတ်တ်သုံးတာ လုံးဝမကြိုက်ဘူး။ ကိုယ်တိုင်တောင်မှ အားရင် ညီမလေး ဘာတွေလုပ်နေသလဲဆိုပြီး ကိုးတန်းကျောင်းသူ ညီမကို လှမ်းပြီးစစ်ဆေးရ၊ ထောက်လှမ်းရသေးတာကလား။ ဖုန်းထုတ်ပြီး ပွတ်လိုက်တယ်။ အင်တာနက်ချိတ်တယ်။ ဖေ့စ်ဘွတ်ထဲ ဝင်တယ်။ ကြည့်စမ်း ဒီကောင်မလေး ဖေ့စ်ဘွတ်ပေါ်မှာပါလား။ စာမကျက်ဘဲနဲ့ ဘာတွေလုပ်နေတာလဲ။စဉ်းစားရင်းနဲ့ မောလာတယ်။ အစ်ကိုကတော့ နွားလိုရုန်းလို့။ ကိုးတန်းကျောင်းသူပေမယ့် အထင်မသေးနဲ့၊ သူက ဟိုဟာဒီဟာ အဝှာဆိုတာတွေ နားထဲမှာ ကြားယောင်လာတယ်။ မဖြစ်သေးပါဘူး။ ဒီကောင်မလေး ရေလိုက်လွဲပြီး ခွေးဖြစ်ရင်ပြဿနာ။ မနေနိုင်တဲ့အဆုံး ဖုန်းလှမ်းဆက်လိုက်တယ်။“စာကျက်နေတာပါ ကိုကိုရ။ ဖေ့စ်ဘွတ်က မေ့ပြီး မပိတ်မိတာ”ညီမဖြစ်သူ မညာတတ်တာကို ကိုယ်အသိဆုံးဆိုတော့ စိတ်နည်းနည်းအေးသွားတယ်။“ခွေးမလေး။ ဒီတစ်ခါ ဖုန်းဘီလ်ကုန်ရင် ငွေဖြည့်ကဒ်ဝယ်မပေးဘူး။ ကြားလား”ဆပ်ပြာပူဖောင်းတွေ။ 
(၁၀)
မီးပွိုင့်မှာ မီးနီကပ်မိသွားတယ်။ စောင့်ပေဦးတော့။ အလကားနေရင်း မျက်စိလျှောက်ကစားတယ်။ ပန်းသည်၊ ဆေးလိပ်သည်၊ ကွမ်းယာသည်။ တောင်းနေတဲ့သူ၊ မောင်းနေတဲ့သူ၊ လမ်းလျှောက်နေတဲ့သူ၊ လမ်းပျောက်နေတဲ့သူ။ အူတူတူ အတွေးတစ်စက ဝင်လာတယ်။ငါဟာ ပန်းသည်၊ ငါဟာ ဆေးလိပ်သည်၊ ငါဟာ ကွမ်းယာသည်၊ ငါဟာ…….သည်။ငါဟာ တောင်းနေတဲ့သူ၊ ငါဟာ မောင်းနေတဲ့သူ၊ ငါဟာ လမ်းလျှောက်နေတဲ့သူ၊ ငါဟာ လမ်းပျောက်နေတဲ့သူ။ဆပ်ပြာပူဖောင်းတွေ။ 
(၁၁)
မီးပွိုင့်ကလည်း ကြာလိုက်တာ။ တစ်နေ့တစ်နေ့ ကားပေါ်မှာ အချိန်ကုန်နေရတာ မကယ်နိုင်ကြတော့ဘူးလား။စိတ်တိုတယ်။ စိတ်ရှုတ်တယ်။ စိတ်ညစ်တယ်။ စိတ်လေတယ်။ စိတ်နောက်တယ်။ ကြာရင် စိတ်ဖောက်ပြီး အကုန်လျှောက်တိုက်ပစ်လိုက်မယ်နော်။ရုတ်တရက် ကားနားကို လူတစ်ယောက် ရောက်လာတယ်။ သူလက်အမြှောက်မှာ သေနတ်တစ်လက်ကို ကားမှန်ပြူတင်းဝမှာ မြင်လိုက်တယ်။ သူခလုတ်ကို ဆွဲညှစ်လိုက်တယ်။ သေနတ်ပြောင်းဝကနေ ဆပ်ပြာပူဖောင်းတွေ အများကြီး ထွက်လာတယ်။ သင်္ဘောရိုးက ထွက်တာထက် အများကြီး များတယ်။ ပလတ်စတစ်ပိုက် လက်ကောက်က ထွက်တာထက်လည်း အများကြီး များတာပါပဲ။ဆပ်ပြာပူဖောင်းတွေ။ ဆပ်ပြာပူဖောင်းတွေ။ ဆပ်ပြာပူဖောင်းတွေ။   ။

Most Read

Most Recent