အခြေခံမဲဆန္ဒရှင်စာရင်းများနှင့် ကိုယ်စီရွေးချယ်ခွင့်

အခြေခံမဲဆန္ဒရှင်စာရင်းများနှင့် ကိုယ်စီရွေးချယ်ခွင့်
Published 25 April 2015
သစ်ထွဋ်

အထွေထွေရွေးကောက်ပွဲများ ကျင်းပဖို့ လပိုင်းသာလိုတော့တဲ့အချိန်မှာ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ မဲပေးခွင့်ရှိသူ နိုင်ငံသားများအနေနဲ့  မဲစာရင်းများကို သွားရောက်ကြည့်ရှုမှုများ ပြုလုပ်ဖို့ လိုအပ်လာပါတယ်။
 
 
နိုင်ငံရေးသမားများနဲ့ နိုင်ငံရေးလေ့လာသူများက မြန်မာနိုင်ငံနဲ့ နိုင်ငံသားများရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတယ်လို့  ဝိဂြိုဟ်ပြုထားတဲ့ အထွေထွေရွေးကောက်ပွဲများကို လာမယ့် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းပိုင်းမှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ဖို့ ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းများ လိုအပ်ကြောင်းကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားသလို မဲစာရင်းများ တိကျမှန်ကန်ရေးအတွက် ရွေးကောက်ပွဲပညာပေး လှုံ့ဆော်မှုများ ပြု လုပ်နေတဲ့ နိုင်ငံရေးပါတီများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ မီဒီယာများကလည်း မဲစာရင်းများ သွားရောက်ကြည့်ရှုကြဖို့ နှိုးဆော်တိုက်တွန်းမှုတွေ ရှိနေပါတယ်။ လက်ရှိမှာ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုထုတ်ပြန်ခြင်းကို မြို့နယ်အချို့မှာ ဆောင်ရွက်လျက်ရှိသလို တစ်နိုင်ငံလုံးအဆင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။ 
သတင်းဖော်ပြချက်တွေအရ တစ်နိုင်ငံလုံးအဆင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်း ပထမအဆင့်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာမှ၂၀၁၅ ခုနှစ် ဇန်နဝါရီအထိ ပြုလုပ်ဖို့၊ ဒုတိယအဆင့်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၅ ခုနှစ် မတ်လအထိ ပြုလုပ်ဖို့နဲ့ တတိယအဆင့်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ မှ မေလအထိ ဆောင်ရွက်ဖို့ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ အခုလို အရေးကြီးတဲ့ အထွေထွေရွေးကောက်ပွဲများ ကျင်းပရာမှာ အဓိကကျတဲ့ မဲဆန္ဒရှင်စာရင်းများ ပြုစုထုတ်ပြန်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေချိန်မှာတော့ မဲစာရင်းပြုစုဆောင်ရွက်ခြင်းများနဲ့ ပတ်သက်ပြီး မီဒီယာမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ဖတ်လိုက်ရပါတယ်။
 
နောက်ကျမယ့်စာရင်း
 
ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကတော့ ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံမဲဆန္ဒရှင်စာရင်းပြုစုရာတွင် စတင်ပြုစုတဲ့အချိန် နောက်ကျခဲ့တဲ့အပြင် စာရင်းသွင်းရာမှာ အသုံးပြုရတဲ့ လက်ပ်တော့ကွန်ပျူတာ ခွဲတမ်းရရှိမှု နည်းပါးခဲ့ပြီး စာရင်းပြုစုပြီးစီးချိန် နောက်ကျနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ အဲဒီသတင်းမှာတော့ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမောင်ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြထားပြီး တိုင်းဒေသကြီးအတွင်း အခြေခံမဲ ဆန္ဒရှင်စာရင်းပြုစုခြင်းကို၂၀၁၅ ဇန်နဝါရီလကတည်းက စတင်ရန် စီစဉ်ခဲ့သော်လည်း နှစ်လနောက်ကျကာ မတ်လမှသာ စတင်နိုင်ခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။ စာရင်းပြုစုရာမှာ အသုံးပြုရတဲ့ လက်ပ်တော့ကွန်ပျူတာ ၆၅ လုံးသာ ရရှိခဲ့ပြီး တိုင်းဒေသကြီးတစ်ခုလုံးအနေနဲ့ ၂၄ ရာခိုင်နှုန်းသာ ပြီးစီးခဲ့သေးကြောင်း ဧပြီ ၁၀ ရက်က ဦးဝင်းမောင်ပြောကြားခဲ့တယ်လို့သတင်းက ဆိုပါတယ်။ ဒီအတွက် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဟာ လာမယ့် ဇွန်လလောက်မှသာ ပြီးစီးနိုင်မယ်လို့ ခန့်မှန်းထားကြောင်း ဦးဝင်းမောင်ဆိုကြောင်း ဖတ်လိုက်ရပါတယ်။ 
အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းနဲ့ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ နောက်သတင်းတစ်ပုဒ်မှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင် မတ်  ၃၀ ရက်မှ ဧပြီ ၁၂ ရက်အထိ ကြေညာထားခဲ့တဲ့ အခြေခံမဲဆန္ဒရှင်စာရင်းများကို လာရောက်ကြည့်ရှုမှုနှုန်းများ မြို့နယ်တစ်ခုနှင့် တစ်ခု မတူကြဘဲ ဖော်ပြထားရာတွင် အချက်အလက်များ မှားယွင်းမှုများကို ပြင်ဆင်ပေးဖို့ တောင်းဆိုမှုများရှိခဲ့တယ်လို့ ဖတ်လိုက်ရပါတယ်။ရွေးကောက်ပွဲ အသိပညာပေးရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းများမှ ပြောကြားချက်များကို ကိုးကားဖော်ပြထားရာတွင် ပြင်ဆင်ဖြည့်စွက်ဖို့ တောင်းဆိုမှုများတွင် အမည်စာရင်းမပါဝင်ခြင်း၊ အချက်အလက် မှားယွင်းမှုများကိုသာ ပြင်ဆင်ပေးဖို့ တောင်းဆိုကြပြီး မပါဝင်သင့်သူများ ပါဝင်နေခြင်းကို ပယ်ဖျက်ပေးဖို့  တောင်းဆိုမှု အနည်းငယ်သာရှိခဲ့တယ်လို့ အဲဒီသတင်းမှာ ပါရှိပါတယ်။ မဲစာရင်း လာရောက်ကြည့်ရှုမှုမှာလည်း တချို့မြို့နယ်များတွင် နည်းပါးခဲ့ပြီး အချို့မှာတော့ လာရောက်ကြည့်ရှုသူများခဲ့တယ်လို့ သတင်းမှာ ဆိုထားပါတယ်။
 
ကော်မရှင်အဖွဲ့ခွဲတစ်ခုတည်းက တာဝန်မယူနိုင်
 
နောက်သတင်းတစ်ပုဒ်ကတော့ မြို့နယ် ၁၀ မြို့နယ်မှာ မဲစာရင်းကြေညာထားခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုက တိုင်းဒေသကြီးအတွင်း မဲစာရင်းများ မှန်ကန်မှုအပေါ် ကော်မရှင်အဖွဲ့ခွဲတစ်ခုတည်းက တာဝန်မယူနိုင်ဘူးလို့ ပြောကြားကြောင်း ဖတ်လိုက်ရပါတယ်။ ဧပြီ ၉ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း မေးမြန်းခဲ့တဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းများအတွက် အားကိုးအားထားပြုနိုင်တဲ့ မဲစာရင်းများ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ယူပါသလား၊ တာဝန်ခံပါက မည်သည့်အတွက်ကြောင့်ဆိုတဲ့ မေးခွန်းအပေါ်မှာ ဦးကိုကိုက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဦးကိုကိုက မဲဆန္ဒရှင်များ၊ ပါတီများ၊ ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများက အားလုံးပါဝင်ဆောင်ရွက်မှသာ မှန်ကန်တဲ့မဲစာရင်း ပြုစုနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ထုတ်ပြန်ထားတဲ့ မဲစာရင်းများကို မဲဆန္ဒရှင်များက သွားရောက်ကြည့်ရှုပြင်ဆင်ဖို့ တာဝန်ရှိကြောင်း ပြောဆိုတယ်လို့ သတင်းမှာပါရှိခဲ့ပါတယ်။ ဒါ့အပြင် မဲစာရင်းများ ပြည့်စုံမှန်ကန်မှု မရှိပါက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ပြည်သူလူထုမှ တရားစွဲခွင့် ရှိ မရှိ မေးခွန်း အပေါ်မှာလည်း ဦးကိုကိုက ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေအချို့ကို ကိုးကားပြီး တရားစွဲဆိုခွင့်မရှိကြောင်း ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။
 
၂၀၁၀ တုန်းကလို အဖြစ်မျိုး
 
ဒီသတင်းဖော်ပြချက်တွေကို လေ့လာကြည့်မယ်ဆိုရင် ပဲခူးတိုင်းဒေသကြီးလို အကြောင်းကြောင်းကြောင့် မဲစာရင်းပြုစုဖို့ အခက်အခဲတွေ့နေရတဲ့ အခြားဒေသတွေ ရှိနေသေးသလားဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်နေသလို လက်ရှိထုတ်ပြန်ခဲ့ပြီးတဲ့ အခြေခံမဲဆန္ဒရှင်စာရင်းအချို့မှာလည်း အချက်အလက် လွဲမှားဖော်ပြခြင်း၊ အမည်စာရင်း မပါဝင်လို့ တောင်းဆိုခြင်းအချို့လည်း ရှိနေတာကို တွေ့နိုင်ပါတယ်။ ဒီလိုအခက်အခဲ ရှိနေတာကြောင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ပြုစုပြီးကြေညာတဲ့ မဲစာရင်းတွေကို မဲပေးပိုင်ခွင့်ရှိသူတိုင်း သွားရောက်ကြည့်ရှုပြီး ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်ကို မဆုံးရှုံးအောင် လုပ်ဆောင်သင့်ပါတယ်။ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်ဆိုတာက မဲပေးပိုင်ခွင့်ကို ဆိုလိုတာဖြစ်ပါတယ်။ တကယ်တမ်း မဲပေးပိုင်ခွင့်ရှိနေပါလျက် မဲပေးပိုင်ခွင့် အခွင့်အရေးကို လက်မလွတ်သင့်ပါဘူး။ ကိုယ့်မှာ ရပိုင်ခွင့်ရှိရက်နဲ့ သွားပြီးမယူရင် ကိုယ့်ရဲ့အားနည်းချက်ဖြစ်သွားပါလိမ့်မယ်။ ကိုယ်တိုင်သွားကြည့်မှ ကိုယ်တိုင်မဲစာရင်းမှာ ပါရဲ့လား၊ စာရင်းတွေမှာ ဘယ်လိုလိုအပ်ချက်တွေ ရှိနေသလဲ၊ အချက်အလက်တွေ မှားယွင်းမှုတွေ ရှိနေသလားဆိုတာတွေကို သိခွင့်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေ တချို့တုန်းကလို မဲစာရင်းအငြင်းပွားမှုတွေကို ရှောင်ရှားနိုင်ဖို့ဆိုရင် အထူးသဖြင့်၂၀၁၀ တုန်းကလို အဖြစ်မျိုးတွေ ဆက်မကြုံကြဖို့ မဲပေးခွင့်အတွက် အရေးပါတဲ့ မဲဆန္ဒရှင်စာရင်းကို မဲပေးခွင့်ရှိသူတိုင်း ကြိုတင်သွားရောက် ကြည့်သင့်ပါတယ်။ မဲပေးရတဲ့နေ့ရောက်မှ မဲပေးရမယ့် စာရင်းမပါတော့မှ မဲစာရင်း ဘာလို့ ကြိုမကြည့်ထားသလဲဆိုတာ စကားနဲ့ပြန်မေးခွန်းထုတ်တာ မခံရဖို့ မဲပေးခွင့်ရှိသူတိုင်း မဲစာရင်းကြိုကြည့်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လပိုင်းက ကျင်းပသွားတဲ့ ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲမှာတောင် မဲစာရင်းများနဲ့ပတ်သက်ပြီး အငြင်းပွားမှုအချို့ ရှိခဲ့တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲတွေမှာ မဲစာရင်းအငြင်းပွားမှုတွေ မဖြစ်ပေါ်အောင် ရွေးကောက်ပွဲဆိုင်ရာ အသိအမြင်တွေကို အများပြည်သူတွေက လေ့လာသိရှိထားကြဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲစာရင်းမှာပါပြီးခဲ့လို့ ဒီတစ်ခေါက် သွားကြည့်စရာမလိုဘူးလို့ မထင်ပါနဲ့။ ၂၀၁၀ မဲစာရင်းမှာ ပါခဲ့ပေမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမဲစာရင်းမှာ မပါခဲ့လို့ မဲမပေးခဲ့ရတဲ့အဖြစ်ကို ကိုယ်တိုင်ကြုံခဲ့ဖူးပါတယ်။ ဒါကြောင့် ထွက်လာမယ့်မဲစာရင်းကို မဖြစ်မနေ သွားကြည့်ဖို့ လိုအပ်ပါတယ်။
 
ဒီလို အများလေ့လာနိုင်ဖို့အတွက် မဲဆန္ဒရှင်စာရင်းအချို့ ကြေညာခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာလိုပဲ  အခြေခံဆန္ဒမဲစာရင်း ပြုစုပြီးတဲ့ မြို့နယ်တိုင်းမှာ အခြေခံမဲစာရင်းကို ၁၄ ရက်တိတိ ကြေညာပေးထားမှာ ဖြစ်ပါ တယ်။ အဲဒီမဲစာရင်းကို လာရောက်ကြည့်ရှုကြတဲ့ မဲဆန္ဒရှင်များရဲ့ ပြင်ဆင်ဖို့ တောင်းဆိုမှုနဲ့ အခြားပြင်ဆင်ဖြည့်စွက်ချက်များကို ဖြည့်စွက်မှုများ ပြုလုပ်ပြီးမှ ရွေးကောက်ပွဲကျင်းပရက်မတိုင်မီ မဲစာရင်းအမှန်များကို ထပ်မံကြေညာပေးမှာ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲအသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းများကလည်း မဲစာရင်းများ သွားရောက်ကြည့်ရှုကြဖို့ အသိပညာပေးနှိုးဆော်မှုတွေ လက်ရှိမှာ ပြုလုပ်လျက်ရှိပါတယ်။ မဲစာရင်းသွားကြည့်ရာတွင် မိမိနာမည် မပါ ပါက ပုံစံ (၃) ဖြင့် လျှောက်ထားရမှာဖြစ်ပြီး အချက်အလက်မှားနေပါက ပုံစံ (၄၀) (ဂ) ဖြင့် လျှောက်ထားရမှာဖြစ်ပြီး ကွယ်လွန်ပြီးသူများကဲ့သို့ မဲစာရင်းတွင် မပါသင့်သူများ ပါဝင်နေတာ တွေ့ရှိပါက ပုံစံ (၄) နဲ့ ကန့်ကွက်နိုင်ဖို့ အခွင့်ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆန္ဒရှင်စာရင်းပြုစုပြီးရင်လည်း အဲဒီစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ လွှင့်တင်ထားမှာဖြစ်လို့ အများပြည်သူတွေ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံနဲ့ နိုင်ငံသားများအတွက် အရေးကြီးတဲ့အနာဂတ်ကို ဖော်ဆောင်ပေးနိုင်တဲ့  လာမယ့်အထွေထွေရွေးကောက်ပွဲတွေမှာ  မိမိနှစ်သက်တဲ့ ကိုယ်စားလှယ်ကို ကိုယ်တိုင်မဲပေးခွင့်ရရှိဖို့ မဲဆန္ဒရှင်စာရင်းကို မဖြစ်မနေ သွားရောက်ကြည့်ရှုထားကြဖို့ တိုက်တွန်းလိုပါတယ်။ တိုင်းပြည်ရဲ့အရွေ့ကို ကိုယ်တိုင်ပါဝင် တွန်းရွေ့နိုင်ဖို့ မဲပေးခွင့်ရှိသူတိုင်းမှာ အခွင့်အရေးကိုယ်စီ ရှိနေပါတယ်။ နိုင်ငံသားတစ်ဦးချင်းစီက ရွေးချယ်လိုက်တဲ့ မဲတစ်ပြားစီကနေ အနာဂတ်နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ အခင်းအကျင်းတွေ အတူတည်ဆောက်နိုင်ဖို့ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့်ရရှိရေး မဲစာရင်းများ သွားရောက်ကြည့်ရှုကြဖို့ နှိုးဆော်တိုက်တွန်း ရေးသားတင်ပြလိုက်ရပါတယ်။

Most Read

Most Recent