အနည်းဆုံးအခကြေးငွေနှုန်းထားကို မေလကုန်တွင် အကြမ်းဖျင်းထုတ်ပြန်မည်ဟု အလုပ်သမားဒုဝန်ကြီးပြောကြား

အနည်းဆုံးအခကြေးငွေနှုန်းထားကို မေလကုန်တွင် အကြမ်းဖျင်းထုတ်ပြန်မည်ဟု အလုပ်သမားဒုဝန်ကြီးပြောကြား
Published 24 April 2015

အနည်းဆုံးအခကြေးငွေနှုန်းထားကို မေလကုန်ပိုင်းတွင် အကြမ်းဖျင်းထုတ်ပြန်မည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ကနောင်ခမ်းမ၌ ဧပြီ ၂၄ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်ရှင်၊ အလုပ်သမားတွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဧပြီ ၂၅ ရက်တွင် UMFCCI ၌ အလုပ်ရှင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ဧပြီ ၂၆ ရက်တွင်လည်း အလုပ်သမားများနှင့်တွေ့ဆုံကာ အနည်းဆုံးအခကြေးငွေနှုန်းထား သတ်မှတ်နိုင်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။"ဒီတွေ့ဆုံမှုနှစ်ခုရဲ့ရလဒ်အပေါ် အခြေခံမူတည်ပြီးတော့ ကျွန်မတို့ ရှေ့ဆက်လုပ်ငန်းလုပ်ရမယ့် အတိုင်းအတာတစ်ခုကို လုပ်မယ်ဆိုရင် ကျွန်မတို့အနေနဲ့ မေလထဲလောက်မှာတော့ အမျိုးသားအဆင့်ကိုပြန်လည်ဆွေးနွေးတာမျိုး၊ တွေ့ဆုံပြီးတော့ ဆွေးနွေးလို့ရလာတဲ့ရလဒ်ကို အခြေခံပြီးစဉ်းစားတာမျိုး၊ တိုင်းဒေသကြီးတွေကို ပြန်လည်ချပြတာမျိုး၊ ပြီးခဲ့ရင်တော့ မေလကုန်လောက်မှာတော့ အကြမ်းဖျင်းထွက်မယ်လို့ ယူဆပါတယ်" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းကဆိုသည်။ဆက်လက်၍ ၎င်းက "အဲဒီလိုထွက်ပြီးတဲ့အခါမှာ ရက်ပေါင်း ၆၀ အတွင်းမှာ ကျေနပ်မှု၊ မကျေနပ်မှု ပြန်လည်ပြီးတော့ တင်ပြလိုမှုများရှိခဲ့ရင် တင်ပြဖို့အတွက် ရက်ပေါင်း ၆၀ ပေးထားပါတယ်။ ဒါပြီးရင်တော့ အတည်ပြုကြေညာချက်လာပါမယ်" ဟုပြောကြားသည်။မြန်မာနိုင်ငံအတွင်း အလုပ်သမားပြဿနာများစွာ ဖြစ်ပွားလျက်ရှိနေသည်။"အခြေခံလစာတွေပေးတဲ့နေရာမှာ တွက်ချက်ပြီးပေးမယ်ဆိုရင်တော့ အလုပ်သမားတစ်ဦးရဲ့ ကာယဉာဏလုပ်အားခကို တစ်နာရီ၊ တစ်ရက်၊ တစ်လစာ၊ တစ်ပတ်စာဆိုတဲ့ အနည်းဆုံးမပေးမနေရဆိုတဲ့ပမာဏကို နိုင်ငံတော်ကနေ ဥပဒေနဲ့ပြဋ္ဌာန်းပြီးတော့ သတ်မှတ်မှာဖြစ်ပါတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက "ဒီနေရာမှာ ကျွန်မအဓိကပြောချင်တာတော့ အကျိုးအပြစ်တွေရှိတာကိုလည်း အသေးစိတ်ဆွေးနွေးပါမယ်။ လိုအပ်ချက်တွေကိုသိလိုတဲ့၊ တစ်ဖက်ကနေပြီးတော့ သက်ဆိုင်ရာဆွေးနွေးပွဲမှာ အလုပ်ရှင်၊ အလုပ်သမားတွေဖိတ်ကြားတဲ့နေရာမှာ အလုပ်ရှင်ကိုယ်တိုင် မပျက်မကွက်တက်ရောက်ဖို့လိုပါတယ်။ အလုပ်သမား၊ အလုပ်ရှင်ဘက်ကလည်း နှစ်ဦးနှစ်ဖက်ပြေလည်မယ့် နှုန်းထားရရှိဖို့ တာဝန်ရှိသူတွေရဲ့ရှေ့မှာ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေပါဝင်မယ်" ဟုဆိုသည်။အနည်းဆုံးအခကြေးငွေနှုန်းထား အမြန်ဆုံးသတ်မှတ်ပေးရန်အတွက် အလုပ်သမားများကလည်း လိုလားနေကြသည်။"အနည်းဆုံးအခကြေးငွေကို သတ်မှတ်ရတဲ့ရည်ရွယ်ချက်ကတော့ လက်ရှိရရှိနေတဲ့လုပ်ခထက် လျော့နည်းမှုမရှိတဲ့ အခကြေးငွေသတ်မှတ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ လုပ်ငန်းရှင်အနေနဲ့ လုပ်ငန်းခွင်အေးချမ်းသာယာရေးကို အထောက်အကူပြုနိုင်ရေးအတွက် အလုပ်ရှင်များက အလုပ်သမားများအား မမျှတသော သို့မဟုတ် အလွန်နည်းပါးသော လုပ်ခပေးခြင်းမှ ကာကွယ်ရန်ဖြစ်ပါတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။

Most Read

Most Recent