မင်္ဂလာပါ

မင်္ဂလာပါ
Published 24 April 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
 
နိုင်ငံအသီးသီးရှိ လူမျိုးအသီးသီးတို့ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြသည့်အခိုက် နှုတ်ခွန်းဆက်ခြင်းကို ကိုယ်စားပြုသော ဝေါဟာရကိုယ်စီ ရှိကြပါလိမ့်မည်။ မြန်မာတို့၏ မျက်မှောက်ကာလ လူနေမှုနယ်ပယ်၌ တစ်ဦးနှင့် တစ်ဦး တွေ့ဆုံကြသခိုက် အများဆုံးနှုတ်ခွန်းဆက်သလေ့ရှိသော စကားတစ်ခွန်းက “မင်္ဂလာပါ” ဖြစ်မည်ထင်ပါ၏။
 
မြန်မာတို့၏နှုတ်၌ “မင်္ဂလာ” ဟု အသုံးတွင်ကျယ်နေသော်လည်း ပါဠိဝေါဟာရ အစစ်က “မင်္ဂလ” ဖြစ်သည်။ ပါဠိ၌ “မင်္ဂလာ” ဟုမရှိ။ “သာသန” ကို “သာသနာ” ဟု ခေါ်ဝေါ်သုံးစွဲနေကြသကဲ့သို့ “မင်္ဂလ” ကိုပင် “မင်္ဂလာ” ဟု သုံးစွဲနေကြခြင်းဖြစ်သည်။ 
 
တောအရပ်ဒေသတို့၌ တစ်ဦးနှင့် တစ်ဦး “မင်္ဂလာပါ” ဟု နှုတ်ဆက်လေ့ မရှိကြ။ မိမိတို့ အညာဓလေ့အလိုအားဖြင့် “ နေကောင်းလား” ဆိုလျှင် လုံလောက်ပြီဖြစ်သည်။ ရှေးရှေးမြန်မာကြီးတို့၏ နှုတ်ခွန်းဆက်စကားက မည်သို့ဖြစ်ခဲ့မည်ကို မသိရပါသော်လည်း ယခုကာလ မြို့ကြီးပြကြီးတို့၌  “မင်္ဂလာပါ” က အတော်လေး တွင်ကျယ်နေသည်။ မည်မျှ တွင်ကျယ်နေသနည်းဆိုလျှင် မြန်မာပြည်ကို အလည်အပတ်ရောက်လာသော နိုင်ငံခြားသားများ၏ နှုတ်ဖျားသို့တိုင် ထိုစကားက နေသားတကျ ရောက်နေခဲ့ပြီ ဖြစ်သည်။ 
 
မနှစ်က ပုဂံညောင်ဦးသို့ ဘုရားဖူး ရောက်ခဲ့စဉ် နိုင်ငံခြားသားကမ္ဘာလှည့်များကို အများကြီးတွေ့ခဲ့ရသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မျက်နှာချင်းဆိုင်မိကြသခိုက် သူတို့က ပြုံးပြသည်မို့ မိမိတို့ကလည်း ပြန်လည်ပြုံးပြရင်း “ဟဲလို” လုပ်လိုက်မိသည်။ 
ထိုအုပ်စုထဲမှ နိုင်ငံခြားသားကြီးတစ်ယောက် ပြန်ပြောလိုက်သည်က “မင်္ဂလာပါ” တဲ့။ အချို့နိုင်ငံခြားသားကြီးများကဆို “ကိစ္စမရှိပါဘူး” ဆိုတာမျိုးကိုတောင် ပြောလိုက်သေး။ မှတ်ကရော။
 
(၂)
 
“ကောင်းသောအမှုကိစ္စ၌ စွမ်းဆောင်နိုင်သောကြောင့် မင်္ဂလာမည်၏” ဟုလည်း ကောင်း၊ “ပစ္စုပ္ပန်တမလွန် နှစ်တန်သော ကိစ္စတို့၌ ကြီးပွားတိုးတက်ကြောင်းဖြစ်သောကြောင့် မင်္ဂလာမည်၏” ဟုလည်းကောင်း သဒ္ဒါကျမ်းတို့က ဖွင့်ဆိုသည်။ ခေတ်ကာလ အလိုအားလျော်စွာ အကောင်းဟု သမုတ်အပ်သော အာရုံတို့ကို မြင်ရခြင်းသည် “ဒိဋ္ဌမင်္ဂလာ”၊ အကောင်းဟု သမုတ်အပ်သော အသံတို့ကို ကြားရခြင်းသည် “သုတမင်္ဂလာ”၊ အကောင်းဟု သမုတ်အပ်သော အနံ့၊ အရသာ၊ အတွေ့တို့ကို ခံစားရခြင်းသည် “မုတမင်္ဂလာ” မည်၏ဟု ကျမ်းဂန်တို့က မင်္ဂလာကို သုံးမျိုး၊ သုံးစားခွဲခြားပြဆိုသည်။
 
ထိုမှတစ်ပါး မြန်မာမှုနယ်ပယ်၌ ရှေး မြန်မာကြီးတို့ ခွဲခြားပြဆိုထားသော လောကီ မင်္ဂလာ ၁၂ ပါးဟုလည်း ရှိသေးသည်။ ထို မင်္ဂလာတို့သည်ကား (၁) ဂဗ္ဘသာဝကမင်္ဂလာ= ပဋိသန္ဓေစွဲမှီသည့်နေ့မှစ၍ ရံဖန်ရံခါပြု လုပ် ပေးရသော မင်္ဂလာ။ (၂) ဝိဇာတမင်္ဂလာ= ဖွားမြင်ချိန်၌ပြုသော မင်္ဂလာ။ (၃) အာဟာရပရိ ဘောဂမင်္ဂလာ= ထမင်းခွံ့သောမင်္ဂလာ။ (၄) တမ္ဗူလဘတ္တမင်္ဂလာ= ကွမ်းခွံ့သောမင်္ဂလာ။ (၅) ဒေါဠာကရဏမင်္ဂလာ= ဧယင် (ပုခက်)  လွှဲသောမင်္ဂလာ။ (၆) ကေသစ္ဆေဒနမင်္ဂလာ= ဆံပယ်သောမင်္ဂလာ၊ (၇) ဂေဟကရဏမင်္ဂလာ =အိမ်သစ်တက်သောမင်္ဂလာ၊ (၈)သာမဏေ ရပဗ္ဗဇ္ဇမင်္ဂလာ= ရှင်ပြုသောမင်္ဂလာ၊ (၉) ကဏ္ဏဝိဇ္ဈနမင်္ဂလာ= နားသသောမင်္ဂလာ၊ (၁၀) ဒုဿဂဟနမင်္ဂလာ=ပုဆိုး၊ ထဘီဝတ်သော မင်္ဂလာ၊ (၁၁) စူဠဂဟနမင်္ဂလာ= ဆံထုံး၊ ဥသျှောင်ထုံးသောမင်္ဂလာ၊  (၁၂) အာဝါဟဝိဝါဟမင်္ဂလာ = ထိမ်းမြားလက်ထပ်သော မင်္ဂလာတို့ဖြစ်သည်။ (အဆိုကွဲလည်း ရှိသေး၏။ ဤကား စကားချပ်)။
 
မင်္ဂလသုတ်၌ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော မင်္ဂလာတရား (၃၈) ပါးကို (ဘုရားဟောဖြစ်သောကြောင့်) “လောကုတ္တရာမင်္ဂလာ” ဟု သတ်မှတ်၍ဆိုခဲ့ပြီး(၁၂) ပါးကိုကား “လောကီမင်္ဂလာ” ဟု သတ်မှတ်ခဲ့ကြဟန်တူသည်။ စင်စစ်သော်ကား မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော မင်္ဂလာတရားတို့သည် လောကုတ္တရာနယ်ပယ်နှင့်သာ သီးခြားဆိုင်သော တရားများမဟုတ်ကြ။ လောကီနယ်အတွက်လည်း များစွာအရေးပါသော မင်္ဂလာတရားများ ဖြစ်ကြောင်း မင်္ဂလသုတ်ကို လေ့လာဖူးသူတိုင်း သဘောပေါက်ပြီး ဖြစ်ကြပါလိမ့်မည်။
 
မင်္ဂလာတရားဟူသည် “မကောင်းမှုဟူသရွေ့ကို ပယ်ဖျောက်နိုင်စွမ်းသော သတ္တိရှိ၏” ( သဗ္ဗပါပ ဝိနာသနံ) “လောကသားအားလုံးတို့၏ အကျိုးစီးပွား အလို့ငှာ ဖြစ်၏” (သဗ္ဗလောက ဟိတတ္ထာယ) ဟုလည်း မင်္ဂလသုတ် နိဒါန်းဂါထာ၌ အတိအကျ ပြဆိုထားပြီးဖြစ်သည်။
 
(၃)
 
အချို့က စိတ်အစွဲအလွန်ကြီးသည်။ နံနက် မိုးသောက်အလင်းရောက်ချိန်၌ “ဘာလေးကို မြင်လိုက်ရတာ မင်္ဂလာ၊ ဘာသံလေးကို ကြားလိုက်ရတာ မင်္ဂလာ၊ ဘာနံ့လေးကို ရှူလိုက်ရှိုက်လိုက်ရတာ မင်္ဂလာ” စသည်ဖြင့် ဒိဋ္ဌ၊ သုတ၊ မုတအစွဲအလမ်း ကြီးမားဘိသည်။ 
ဘုရားမြတ်စွာ လက်ထက်တော်ကာလက ထိုပုံထိုနည်း အစွဲအလမ်းအားကြီးသည့် ရာဇဂြိုဟ်ပြည်သား ပုဏ္ဏားကြီးတစ်ယောက် ရှိခဲ့ဖူးသည်။
 
တစ်နေ့ ရေချိုးဆင်းရန် သေတ္တာထဲမှ ပုဆိုးတစ်ထည် ထုတ်ယူလိုက်သည်။ ဘယ်အချိန်က ဝင်နေမှန်းမသိသော ကြွက်က ထိုပုဆိုးကို ကိုက်ဖြတ်ပြီး ဖြစ်နေသည်။ ပုဏ္ဏားသည် ထိုပုဆိုးကိုမြင်ပြီး အထိတ်တလန့် ဖြစ်သွားလေ၏။ “ဒီပုဆိုးဟာ မသုံးထိုက်တော့ဘူူး၊ မင်္ဂလာ မထိုက်တော့ဘူး၊ ဒီပုဆိုးကို ဆက်ပြီး အသုံးပြုနေမယ်ဆို အားလုံး အကျိုးယုတ်တော့မည်၊ ကိုယ်ကျိုးနည်းရပေတော့မည်” ဟုလည်း နှုတ်က တဖျစ်တောက်တောက်မြည်တမ်းနေသည်။
 
ပုဏ္ဏားလည်း သူ့သားအကြီးဆုံးကို ခေါ်၍ “ငါ့သား ဤပုဆိုးသည် မင်္ဂလာ မထိုက်တော့၊ မသုံးစွဲသင့်တော့။ သင့်လက်ဖြင့် မထိစေနှင့်။ မည်သူ တစ်စုံတစ်ယောက်ကိုမျှလည်း မထိပါးစေနှင့်။ ဤပုဆိုးကို တုတ်ဖြင့်ကော်၍ သုသာန်သို့ သွား၍ စွန့်ပစ်ချေ” ဟု စေခိုင်းလိုက်သည်။ 
 
မြတ်စွာဘုရားလည်း “ယနေ့ မည်သူ့ကို ချေချွတ်ရအံ့နည်း” ဟု ဘုရားတို့ထုံးစံအတိုင်း ဆင်ခြင်တော်မူသည်ရှိသော် ထိုပုဏ္ဏားသားအဖ၏ သောတာပန်တည်အံ့သောအကြောင်း ဥပနိဿယကို မြင်တော်မူ၍ ကိုယ်တော်မြတ်တစ်ပါးတည်း သုသာန်သို့ ကြွတော်မူနှင့်လေသည်။ 
ပုဏ္ဏား၏ သားလည်း ဖခင်မှာသည့်အတိုင်း ပုဆိုးကြွက်ကိုက်ကို သုသာန်၌ စွန့်ပစ်လေလျှင် မြတ်စွာဘုရားက ပံ့သကူအဖြစ် ကောက်တော်မူလိုက်သည်။ 
 
ထိုအခြင်းအရာကိုမြင်သော ပုဏ္ဏား၏သားသည် ဘုရားအနီးသို့ ချဉ်းကာ “အရှင်ဂေါတမ ဤကြွက်ကိုက်ပုဆိုးသည် မင်္ဂလာ မထိုက်ပါ၊ ဤပုဆိုးကို သုံးစွဲလေလျှင် ဘေးဒုက္ခရောက်ရလိမ့်မည်ဟု ဖခင်ကဆိုပါသည်။ မယူပါလင့်” ဆိုသော်လည်း ဘုရားမြတ်စွာက ထိုပုဆိုးကိုယူ၍သာလျှင် ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ ထိုဖြစ်စဉ်ကို ဖခင်ပုဏ္ဏားကြီး ကြားသိလတ်သော် “ခက်တော့သည်၊ သူတစ်ပါးတည်းသာမဟုတ်၊ ကျောင်းသံဃာများအားလုံး ဘေးတွေ့ကြပေတော့မည်” ဟု ရေရွတ်ကာ ပုဆိုးအသစ်များစွာကို ဆောင်လျက် သားအဖနှစ်ယောက် ကျောင်းတော်သို့ ရောက်လာကြသည်။ 
 
“အရှင်ဂေါတမ အကျွန်ုပ်တို့သည် ပုဆိုးအသစ်များစွာကို ယူဆောင်လာခဲ့ပါကုန်၏။ မင်္ဂလာမထိုက်သော ထိုကြွက်ကိုက် ပုဆိုးကို စွန့်ပစ်လိုက်ပါ၊ အားလုံးဘေးတွေ့မည့်အရေးမှ ကယ်တင်ပါ” ဟု စိုးရိမ်တကြီး တင်လျှောက်လေ၏။ မြတ်စွာဘုရားက “ပုဏ္ဏား  သင်ယူဆထားသော မင်္ဂလာဟူသည် မင်္ဂလာအစစ် မဟုတ်၊ သင့်စိတ်၌ စွဲထင်နေသော အစွဲအလမ်းတစ်ခုမျှသာ  ဖြစ်သည်။ မင်္ဂလာဟု သင်ထင်မှတ်ထားသောအစွဲကို စွန့်ပစ်ခြင်းသည်သာ မင်္ဂလာဖြစ်သည်။ သို့မှသာ ကိလေသာကင်း၊ ဒုက္ခကင်းလိမ့်မည်” ဟု မိန့်တော်မူသည်။ ဘုရားစကားတော်အဆုံး၌ ပါရမီရှင် သားအဖလည်း သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်ခဲ့သည်။
 
“လူမိုက်ကို အပေါင်းအသင်း မလုပ်ခြင်းသည် မင်္ဂလာမည်၏” (အသေဝနာစ ဗာလာနံ)၊ “ပညာရှိကို မှီဝဲဆည်းကပ်ခြင်းသည် မင်္ဂလာမည်၏” (ပဏ္ဍိတာနဉ္စသေဝနာ) ဟု မင်္ဂလသုတ် အစဂါထာ၌ ဆိုထားသည်။ ပုဏ္ဏားသားအဖ၏ ဖြစ်စဉ်သည် ပညာရှိကို မှီဝဲဆည်းကပ်ခြင်းကြောင့် လက်ငင်းရရှိခဲ့သော မင်္ဂလာဆုလာဘ်ကြီးတစ်ပါးပင် ဖြစ်တော့သည်။
 
(၄)
 
ဗဟုသုတကြွယ်ဝခြင်းနှင့် ပညာတတ်မြောက်ခြင်းသည်လည်း မင်္ဂလာမည်ပါ၏။ သို့သော် သိကာတတ်ကာမျှဖြင့်ကား မင်္ဂလာမဖြစ်သေး။ တတ်သိထားသော ပညာရပ်ကို အခြေခံ၍ မိမိအကျိုး၊ သူတစ်ပါးအကျိုးကို ပြီးမြောက်စေမှသာလျှင် အစစ်အမှန်မင်္ဂလာ ဖြစ်သည်။ 
အလောင်းတော်ကြီးတို့၏ နယ်မြေ၌  ၎င်းတို့ တတ်သိထားသော ပညာရပ်ကို လောကသားတို့ ကောင်းစားရေးအတွက် ပုံအော၍ အသုံးချခြင်းအလေ့ရှိသည်။ ထို့ကြောင့်ပင် သူတို့၏ လုပ်ရပ်ဟူသရွေ့သည် မင်္ဂလာထိုက်ရုံမျှမက ပါရမီမြောက်သည့် အဆင့်သို့တိုင် ဆိုက်ရောက်ခဲ့ရခြင်း ဖြစ်သည်။
 
ဆိုဖွယ်ရှိသေးသည်။ “သင်ယူတတ်မြောက်ထားခြင်းသည် မင်္ဂလာမည်၏” ဆိုသော်ငြားလည်း ထိုအတတ်သည် သူတစ်ပါးကို နှိပ်စက်ခြင်းကင်းသော အတတ်မျိုးဖြစ်ဖို့ လိုအပ်ပါ၏။ သူတစ်ပါးကို (သို့မဟုတ်) အင်အားနည်းသူ တစ်စုံတစ်ယောက်ကို ဖိနှိပ်ရန်၊ ချုပ်ချယ်ရန်၊ ညှဉ်းဆဲရန်၊ သတ်ဖြတ်ရန် တတ်မြောက်ထားသော အတတ်မျိုးသည်ကား မင်္ဂလာမထိုက်။ ပညာရပ်တစ်ခုကို ဆည်းပူးရာ၌ ရည်ရွယ်ချက်ကောင်းဖို့ လိုအပ်သည့်နည်းတူ စိတ်ရင်းမှန်ကန်ဖို့လည်း အရေးကြီးပါသည်။ 
သူတစ်ပါး၏ရှေ့၌ မော်ကြွားရန်၊ ခြေဖျားထောက်ရန်၊ ဆောင့်ကြွားကြွားလုပ်ရန် ရည်ရွယ်ချက်ဖြင့် သင်ယူတတ်မြောက်ထားသော ပညာမျိုးသည်လည်း မင်္ဂလာမထိုက်ချေ။
 
(၅)
 
ပြိုင်ဆိုင်မှုပြင်းထန်သော ဘောလုံးပွဲတစ်ပွဲ၌ မတော်တဆ ထိမိခိုက်မိခြင်းများရှိသည်။ သူ့အလိုလို ခြေခေါက်လဲသွားသော ကစားသမားတစ်ယောက်ကို သူ့ပြိုင်ဘက်က လက်တွဲထူပေးခြင်းမျိုးကို ရံခါတွေ့ရတတ်သည်။ ထိုစိတ်ဓာတ်မျိုးက မင်္ဂလာထိုက်သည်။ ထိုအမူအရာမျိုးက မိမိကိုယ်ကို နှိမ့်ချလိုစိတ်ကို အခြေခံသည်။ မိမိကိုယ်ကို နှိမ့်ချလိုစိတ် မရှိပါဘဲလျက် သူတစ်ပါးအပေါ် မလေးစားနိုင်။ လေးစားစိတ်မရှိလျှင်လည်း မေတ္တာသက်ဖို့ မလွယ်ကူပါချေ။
 
အင်းဝခေတ်စာဆိုအကျော် ရှင်မဟာရဋ္ဌသာရ၏ ငယ်မည်က မောင်မောက်ဖြစ်သည်။ မောင်မောက်ဆိုသည့်အတိုင်း စိတ်အနေက မြင့်သည်၊ မောက်သည်၊ မာကျောသည်။ ဇာတိပုညဂုဏ်မာနတို့ အရှိန်အဟုန် ပြင်းသည်။သို့သော် ကိုးခန်းပျို့ကို စပ်ဆိုချိန်၌ကား ဘဝတစ်လျှောက်လုံး တလူလူ လွှင့်တင်ထားခဲ့သည့် မြင့်မောက်သော တံခွန်အလံကို မြေသို့ရောက်အောင် ဆွဲချတော်မူခဲ့သည်။
 
“ငါနှင့်ငါသာ၊ နှိုင်းစရာဟု၊ ပညာမုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင် မြောက်၍၊ နှုတ်ငေါက်လွန်မိ၊ ဒေါသရှိ” ခဲ့ခြင်းများကို  စာဆိုအရှင်က ပြန်လည်ဆင်ခြင်တော်မူခဲ့သည်။ “ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်၊ စိတ်ကြမ်းမာန်လျှော့၊ ငါကန်တော့၏။ မပေါ့ချစ်ခင်၊ သားနှယ်ကြင်၍၊ အရှင်တကာ၊ သည်းခံပါလော့” ဟုလည်း အလေးအနက် ဆိုတော်မူခဲ့သည်။ 
 
ရင်နှင့်ရင်း၍ရေးခဲ့သော ထိုလင်္ကာစာပိုဒ်တို့သည် ယနေ့ကာလတိုင်အောင်လည်း သက်ဝင်လှုပ်ရှား ရှင်သန်နေဆဲဖြစ်သည်။ လင်းလက်တောက်ပ ရင်ခုန်ရဆဲဖြစ်သည်။ ထိုစာပိုဒ်တို့၌ မိမိကိုယ်မိမိ နှိမ့်ချခြင်းကို တွေ့ရသည်။ တစ်ဖက်သားအပေါ် လေးစားမှု ကိုတွေ့ရသည်။ မေတ္တာတရားကို တွေ့ရသည်။ ထိုမှတစ်ပါး၊ မင်္ဂလာတရားတော်ကိုလည်း အသေအချာတွေ့လိုက်ရပါလေ၏။
 
ကျမ်းကိုး။ ပရိတ်ကြီးနိဿယသစ်၊ သပြေကန် တရားပေါင်းချုပ်၊ သုခမှတ်စု။

Most Read

Most Recent