စစ်မှန်တဲ့ ပညာရေး

စစ်မှန်တဲ့ ပညာရေး
Published 24 April 2015
သဲသီရိကျော်

‘ပညာမြင့်မှ လူမျိုးတင့်မည်’ ဆိုတဲ့ စကားကို လူတိုင်းကြားဖူးပြီးသား ဖြစ်မှာပါ။နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သိချင်ရင် အဲ့ဒီနိုင်ငံရဲ့ ပညာရေးအခြေအနေကို ကြည့်တာနဲ့ သိတယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ လူအများစုက ပညာရေးလို့ ဆိုလိုက်တာနဲ့ အတန်းပညာရေးနဲ့ ကျောင်းသင်ခန်းစာတွေကိုလောက်ပဲ ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ပညာရေးဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က အဲ့ဒီထက် ပိုနက်ရှိုင်းပြီး၊ ပညာရေးဆိုတာမှာ ပါဝင်တဲ့ အရာတွေ၊ ပညာသင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်၊ ပညာတတ်မြောက်ခြင်းရဲ့ အကျိုးကျေးဇူး၊ ပညာတတ်ဆိုတာ ဘယ်လိုလူကိုမှ ပညာတတ် အစစ်အမှန်လို့ သတ်မှတ်သလဲ ဆိုတာတွေကအစ အသေးစိတ် နားလည်သိရှိတဲ့သူဆိုတာ အတော်လေးကို နည်းပါးပါတယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း နှစ်ပေါင်း ၅၀ ကျော်လောက် အာဏာရှင်စနစ်ရဲ့ လက်အောက်က ပညာရေးမှာ အရာရာမှာ မျက်စိပိတ်၊ နားပိတ်နဲ့ ပြောသမျှ ခေါင်းညိတ်ပြီး သင်ယူခဲ့ရတာဆိုတော့ အခုလို ပညာရေးဆိုတဲ့ အဓိပ္ပာယ်ကို သေချာနားမလည်တဲ့သူတွေ များနေတာလည်း အပြစ်တစ်ခုလို့ ဆိုရမှာလည်း အခက်သား။အခုချိန်ထိ စာစီစာကုံးကို အလွတ်ကျက်ပြီး ဖြေတဲ့သူတွေ၊ စာတွေကို အကျိုးအကြောင်း ဆက်စပ်ဖတ်မှတ်ပြီး ဖြေတဲ့သူထက် အလွတ်ကျက်ပြီး ဖြေတဲ့ ကျောင်းသားကျောင်းသူတွေက အများစုဖြစ်နေတာကို ကြည့်ခြင်းအားဖြင့်တော့ ဒါက စစ်မှန်တဲ့ ပညာရေးစနစ် ဟုတ်မဟုတ်ဆိုတာ သိသာနေတာပါပဲ။ ကျူရှင်တက်တဲ့သူနဲ့ မတက်တဲ့သူအတွက် ကွာခြားမှုတွေကလည်း များစွာရှိသလို စာမေးပွဲမှာမေးမယ့် မေးခွန်းတွေကို အတန်းပိုင် ဆရာမဆီမှာ ကျူရှင်တက်တဲ့သူတွေက ကြိုရပြီး မေးမယ့် စာတွေလောက်ကိုသာ ရွေးချယ်ကျက်ကြတာတွေကလည်း ဒုနဲ့ဒေး။ အဲ့ဒါတွေကြောင့်လည်း အခုနှစ်မှာ အစိုးရစစ် စာမေးပွဲစနစ်ကို ပြန်ပြီးပြောင်းလဲသွားတဲ့ အခါမှာတော့ စာမေးပွဲအောင်ချက်တွေက သိသိသာသာကို ကျဆင်းသွားတော့တာပါပဲ။ ဒါ့အပြင် စာသင်ခန်း အတွင်းမှာလည်း ဆရာကသင်ရင် နောက်ကနေ စာတွေ အသည်းအသန် လိုက်ကူး၊ အပြန်အလှန်ဆွေးနွေးမှု ဆိုတာလည်း မရှိ၊မသိတာ နားမလည်တာ ကိုယ့်အတွက် မရှင်းလင်းတဲ့ စာတွေကို သေချာပြန်လည် မေးမြန်းတတ်တဲ့ အလေ့အထလည်း ကင်းမဲ့ပြီး၊ ပြောသမျှ ခေါင်းညိတ်နားထောင်ပြီး၊ အချိန်တန် စာတွေကို အလွတ်ကျက်ဖြေတဲ့စနစ်နဲ့ ကြီးပြင်းခဲ့ရတဲ့အတွက် ကျွန်မတို့တွေရဲ့ ပညာရေးပတ်ဝန်းကျင်ကြီးက အရမ်းကို နိမ့်ကျနုံချာခဲ့တာတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ဒါ့အပြင် ပညာရေးဆိုတာနဲ့ တစ်နှစ်တစ်တန်း မှန်မှန်အောင်ဖို့ ကျောင်းစာတွေကို အလွတ်ရနေဖို့လောက်ပဲလို့ ထင်နေကြတာလည်း အရမ်းကို ဆိုးရွားလွန်းပါတယ်။ ပညာသင်တယ်ဆိုတာ ကျောင်းသင်ခန်းစာတွေကျက်ဖို့၊ တစ်နှစ်တစ်တန်းအောင်ဖို့ထက် အများကြီး ပိုနက်ရှိုင်းပါတယ်။ ပညာရေးဆိုတဲ့ထဲမှာ ကျောင်းစာတွေ၊ သီအိုရီတွေထက် လူတစ်ယောက်မှန်ကန်စွာ ကြီးပြင်းဖို့၊ လူ့ပတ်ဝန်းကျင်မှာ လူပီသတဲ့ လူတစ်ယောက် ဖြစ်ဖို့၊ ကျင့်ဝတ်တွေ၊ အပြုအမူ၊ အပြောအဆိုတွေကို လေ့ကျင့်သင်ကြားပေးခြင်းလည်း ဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူ တစ်ယောက်ကို ကျောင်းစာတွေ သင်ပေးရုံနဲ့ ပညာသင်ကြားပေးတယ်လို့ ဆိုလို့မရပါဘူး။ အကျင့်စာရိတ္တ လူလူချင်း စာနာထောက်ထားတတ်ဖို့၊ လူသားချင်း မေတ္တာတရား ထားတတ်ဖို့၊ ကိုယ်သင်ယူတတ်မြောက်ထားတဲ့ ပညာရပ်တွေကို လက်ဆင့်ကမ်း မျှဝေပေးတတ်ဖို့အတွက် ပညာသင်ကြားကြရတာပါ။ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်က တစ်နှစ်တစ်တန်း စာမေးပွဲမှန်မှန်အောင်ပြီး ဘွဲ့၊ ဒီဂရီတွေ ရရှိရုံ သက်သက်လို့ ထင်နေရင် မှားပါလိမ့်မယ်။ အမှားနဲ့ အမှန်၊ အကောင်းနဲ့ အဆိုး၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြားသိမြင်တတ်တဲ့ ဆင်ခြင်တုံတရားနဲ့ အသိဉာဏ်ရှိဖို့၊ လူသားတစ်ယောက်ပီပီ လူသားအချင်းချင်း စာနာထောက်ထားတတ်တဲ့ စိတ်၊ ကိုယ်တတ်မြောက်ထားတဲ့ ပညာနဲ့ ကိုယ့်ဘဝအတွက်သာမကဘဲ ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်နဲ့ ကိုယ့်လူမျိုးနဲ့ တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနိုင်တဲ့သူကိုမှ တကယ်စစ်မှန်တဲ့ ပညာတတ်တစ်ယောက်လို့ ခေါ်ဆိုထိုက်မှာပါ။ဒီလောက် လိုအပ်ချက်များစွာ ရှိနေတဲ့ ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်ကြီး အောက်မှာပဲ ကိုယ်ထူးကိုယ်ချွန် ကြိုးစားပြီး ပြည်ပနိုင်ငံတွေမှာ ပညာတော်သင် သွားတက်ရောက် သင်ကြားခွင့်ရတဲ့ သူကလည်း လိုအပ်တဲ့ ပညာတွေ ပြည့်ဝတဲ့အချိန်မှာ ကိုယ့်ရဲ့အမိမြေကို ပြန်လာပြီး ကိုယ်ရရှိခဲ့တဲ့ ပညာတွေကို ပြန်လည်အသုံးချရင်း တစ်ဖက်တစ်လမ်းက လိုအပ်တာတွေကို ထောက်ပံ့မှုပေးတဲ့ သူတွေ၊ ပညာကိုပြန်လည် လက်ဆင့်ကမ်း မျှဝေပေးတဲ့ သူတွေလည်း ရှိနေတဲ့အတွက် အဲ့လိုလူတွေ ရှိနေတာလည်း ကျွန်မတို့အတွက်တော့ ဂုဏ်ယူစရာကောင်းတာ အမှန်ပါပဲ။ ဒီလိုလူမျိုးကိုမှလည်း မှန်တဲ့ပညာရေးကို ရရှိသင်ကြားခဲ့ရသူ၊ တကယ့် ပညာတတ်တစ်ယောက်လို့ ဆိုရမှာပါ။ ကိုယ့်တိုင်းပြည်မှာ ဆင်းရဲချို့တဲ့လို့ ကျန်းမာရေး မကောင်းတာတောင် ဆေးခန်းမသွားနိုင်တဲ့သူတွေ များစွာ ရှိနေပါတယ်။ စာပေဗဟုသုတနဲ့ အလှမ်းကွာလွန်းလို့ ပြင်ပစာပေတွေ မဖတ်ဖူးတဲ့သူတွေ ရှိပါတယ်။ ဆင်းရဲချို့တဲ့လွန်းလို့ ကျောင်းမတက်နိုင်တဲ့သူတွေ များစွာရှိနေပါတယ်။ ဒါတင်မက နေရာတိုင်းမှာ လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေနဲ့ အခြားသူတွေနဲ့ ယှဉ်တိုင်း နောက်ကျနေခဲ့ရတဲ့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေကို ပစ်ပယ်ထားကြမှာလား။ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ဆွဲခေါ်ကြမှာလား၊ ကူညီမှုတွေ ပေးကြမှာလား။ ဒီလိုပြောလို့ ကိုယ့်မှာ အချိန်တွေပေး၊ ဇွဲလုံ့လ၊ ဝီရိယတွေ၊ ငွေကြေးတွေများစွာ အကုန်ခံပြီး ရင်းနှီးသင်ကြားခဲ့ရတဲ့အတွက် ကိုယ့်အတွက်ပြန်ပြီး ပြည့်စုံအောင် ဒီပညာရပ်နဲ့ ငွေမရှာရဘူး၊ မရပ်တည်ရဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ကိုယ့်အတွက်လည်း ကိုယ်လုပ်ရမှာပါ။ ဒါပေမဲ့ ကိုယ်နဲ့အတူ အခြားသူတွေကိုလည်း တတ်နိုင်သမျှ လိုအပ်တာတွေကို ဖြည့်ဆည်းကူညီပေးသင့်တယ်လို့ ဆိုလိုတာပါ။စာရေးတတ်တဲ့သူ တစ်ယောက်က သူ့ရဲ့ Talent ကောင်းကို အသုံးချပြီး လူအများအတွက် သူသိထားတတ်ထားတဲ့ အကြောင်းအရာတွေ၊ အတွေ့အကြုံတွေ၊ အသိပညာတွေကို စာရေးပြီး ဝေမျှပေးရမှာပါ။ အဲ့ဒီလိုပဲ နယ်ပယ်အသီးသီးက လူတွေကလည်း ကိုယ်ကျွမ်းကျင်ရာ၊ ပိုင်နိုင်ရာ အလုပ်တွေ၊ ပညာရပ်တွေနဲ့ လူအများကောင်းကျိုးအတွက် စာနာထောက်ထားစိတ်၊ လူပီသတဲ့စိတ်တွေနဲ့ ပြန်လည်အကျိုးပြုမှသာ စစ်မှန်တဲ့ပညာရေးရဲ့ တကယ့်အနှစ်သာရကို ရရှိမှာပါ။ကမ္ဘာနဲ့ယှဉ်ပြီး အင်္ဂလိပ်ဘာသာစကားကို ဘယ်လောက်ပဲ ကျွမ်းကျင်ပိုင်နိုင်တဲ့သူပဲဖြစ်ဖြစ် မြန်မာပြည်မှာ မွေးပြီး၊ မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ သူတစ်ယောက်က မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာစကားကိုမှ ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဘူးဆိုရင်၊ ငါးပိစားပြီး ကြီးလာတဲ့ သူတစ်ယောက်က အချိန်တန် အရွယ်ရောက်လို့ ကိုယ်တိုင်အားထုတ်မှုအပြင် အခွင့်အလမ်းလေးလည်း သူများတွေထက် ပိုရလို့ အတန်းပညာတွေထူးချွန်၊ ဘွဲ့ဒီဂရီတွေ တစ်ပွေ့တစ်ပိုက်ရရှိပြီး၊ နိုင်ငံခြား ဘာသာစကားကို လန်ပြန်နေအောင်တတ်လို့ မာန်တက်ဘဝင်မြင့်ပြီး နှစ်ပေါင်း ၅၀ ကျာ်လောက် စစ်အာဏာရှင်လက်အောက်က ပညာရေးစနစ်ဆိုးကြီးထဲမှာ ကြီးပြင်းခဲ့ရတဲ့ ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်း ဖေးဖေးမမ မကူညီတဲ့အပြင် အဲ့ဒီလူတွေရဲ့ အားနည်းချက်တွေကို လက်ညှိုးထိုး ကဲ့ရဲ့ဝေဖန်နေမယ်၊ မြန်မာဘာသာစကားကို အထင်သေး နှိမ့်ချနေမယ်ဆိုရင် ဒီလူကို တကယ့်ပညာတတ် တစ်ယောက်လို့ ခေါ်နိုင်မလား။ ဟုတ်ပါတယ်။ သူက ဘွဲ့ထူး၊ ဂုဏ်ထူးနဲ့ သူရွေးချယ်ထားတဲ့ ဘာသာရပ်တစ်ခု နယ်ပယ်တစ်ခုမှာ ပြိုင်ဘက်မရှိ ထူူးချွန်ကောင်း ထူးချွန်ပါလိမ့်မယ်။ လူအများစုက အပေါ်ယံ သတ်မှတ်ထားတဲ့ ပညာတတ် လူတန်းစားတစ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။စာမတတ်လို့ အသိဉာဏ်မဲ့ပြီး မိုက်တဲ့ လူမိုက်တွေထက်၊ စာတွေတတ်ပြီး အသိဉာဏ်ရှိရက်နဲ့ မိုက်နေတဲ့ လူမိုက်တွေ ရှိနေတဲ့ တိုင်းပြည်က ပိုနစ်နာပါတယ်။ ဒါကြောင့် ‘စာတော်လူကောင်း’ တွေ မွေးထုတ်ပေးတဲ့ စစ်မှန်တဲ့ ပညာရေးစနစ်တစ်ခု ဖြစ်လာဖို့ပဲ မျှော်လင့်ပါတယ်။

Most Read

Most Recent