ကဗျာငှက်တို့ ဆုခြွေသံ

ကဗျာငှက်တို့ ဆုခြွေသံ
Published 23 April 2015
ရဲထွတ်နီ

(၁)
ဘယ်အချိန်ကတည်းက လာအော်နေသည် မသိချေ။ ငှက်ကလေး၏ အော်မြည်သံက နားထဲသို့ တိုးဝင်လာ၍ နိုးလာခဲ့သည်။ ဒီငှက်ကလေးပဲ နေမှာ။ မနေ့က မွန်းလွဲပိုင်းတွင် အပူရှိန် အတော်ပြင်းသည်။ တစ်နံနက်ခင်းလုံးလိုလို ဝန်းကျင်မှာလည်း တဒုန်းဒုန်းဖြင့် ဆူညံပူလောင်နေခဲ့သည်။ အသံဗလံတွေ တန့်နားသွားခိုက် ငှက်ကလေး၏ အော်မြည်သံ ကြားလိုက်ရတော့ စိတ်ထဲကြည်လင်သွားခဲ့ရပါသည်။ ညနေ နေချိုတော့ ငှက်ကလေး တစ်ခေါက်လာခဲ့သေးသည်။ သူ့အော်မြည်သံ ကြားရပြီးတိုင်း ကိုယ်လည်း သူ့သံစဉ်အတိုင်း လေချွန်လိုက်ဖြင့် ပျော်ရွှင်မိသည်။ သူ့အဖော်ငှက်က အော်မြည်သည်ပဲ ထင်သလားမသိ။ ကိုယ်တစ်ခေါက်လေချွန်တိုင်း သူကလည်း တစ်ခါအော်ခဲ့သည်။ ကိုယ့်လေက သူ့လေကိုတော့ မမီပါ။ အခု ဒီမနက် အရုဏ်မှာပင် သူတေးဆိုနေပြန်သည်။ နေ့သစ်တစ်နေ့ကို ကြိုဆိုနေခြင်း ဖြစ်ပါသည်။ ဒီလို ရာသီသဘာဝမှာ ဒါက သူ့ထုံးစံဆိုလျှင် သည်ယနေ့သည် နေ့သစ်တစ်နေ့ဖြစ်သလို မြန်မာနှစ်ဆန်း (၁) ရက် ဖြစ်သည်။ ကိုကောငှက်ကလေး သိပါစ။ သူ့အသံကို နားဝင်ချိုကာ ကျွန်တော်လည်း အိပ်ရာထခဲ့ပြီ။ မြန်မာ့နှစ်သစ် နေ့သစ်ပါ။ 
(၂)
သင်္ကြန်အခါတွင်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသူများအား မုဒိတာပွားပါ၏။ ငယ်ငယ်က ကိုယ်လည်း ရေကစားခဲ့ဖူးသည်။ ပျော်ရွှင်ခဲ့ဖူးသည်။ လုပ်အားပေး ကျောင်းသားအဖြစ်နှင့် ပြင်ဦးလွင်သင်္ကြန်ကို ကြုံတော့ ရေပက်ကြတာက အလှမ်းကွာသဖြင့် ခိုက်ခိုက်တုန်အောင် အေးခဲ့သည်။ ဒါလည်း တစ်မျိုးပျော်ပါသည်။ မန္တလေးတောင်ပေါ်ကို တက်ကြတော့ ရေဆာသဖြင့် ရေတောင်းသောက်သည်ကို မပေးခဲ့သော လုပ်အားပေး အဖော်သူငယ်ချင်းတို့သည် တစ်နေရာတွင် အပျိုချောနှစ်ယောက်ကို သူတို့၏ ရေဘူးကလေးတွေနှင့် ဝိုင်းပြီး ရေသွားလောင်းကြတာ တွေ့လိုက်ရသဖြင့် “အတော်ဟုတ်တဲ့ မောင်တွေ” ဟု စိတ်ဖြစ်မိခဲ့သည်။အသေအချာ ကြည့်မိတော့ သူတို့ ရေလောင်းနေကြသည့် အပျိုချောနှစ်ယောက်မှာ မန္တလေးကို ဘုရားဖူးလာကြသော ကိုယ့်နှမဝမ်းကွဲများ ဖြစ်နေတော့သည်။ နှမတို့ အဒေါ်တို့နှင့် မမျှော်လင့်ဘဲ ဆုံရ၍ ပျော်မိချိန်တွင် ဟိုမောင်တွေက “ယောက်ဖယောက်ဖ” ဟု သံချပ်ထိုးသလို ဆိုခဲ့ကြသည်။ရွာလမ်းတစ်နေရာမှာလည်း ကားထဲသို့ ထမင်းလုံးတွေ ဖွားခနဲ ဝင်လာခဲ့ပြန်သည်။ ကားတွေရပ်ပြီး ကျောင်းသားတွေနှင့် လုံခြုံရေးတွေက စူးစမ်းလိုက်တော့ ဘုန်းကြီးကျောင်းသားကလေးတွေ၊ ဆွမ်းခံပြန်လာရာက သင်္ကြန်စိတ်ပေါက်မိပြီး သပိတ်တစ်လုံးထဲမှ ဆွမ်းတို့နှင့် လောင်းပက်လိုက်ခြင်း ဖြစ်သည်။ နောက်တော့မှ ဆွမ်းခံလိုက်လာသော တပည့်တို့ လုပ်လိုက်ပုံကို သိရပြီး၊ ဦးဇင်းက တောင်းပန်လိုက်တော့ စိတ်မဆိုးနိုင်ကြဘဲ ရယ်မောပျော်ရွှင် ခဲ့ကြရသေးသည်။စခန်းကို ပြန်ရောက်ကြပြီး သင်္ကြန် အတက်နေ့ မနက်တွင် စခန်းမှူးကို ခွင့်တောင်းကာ ကျွန်တော်တို့သည် တမ္ပဝတီရွာထဲသို့ သွားကြပြီး တရော်ကင်ပွန်းရေများကို အိမ်ပေါက်စေ့ လိုက်ဝေခဲ့ကြပါသည်။ တစ်အိမ်မှာ ဝေပြီးလျှင် ထိုအိမ်မိသားစုမှ သမီးပျိုကို ဖိတ်ခေါ်မိတ်ဆက်ကာ ထိုအိမ်မှတောင်းသည့် ရေဖြင့်ပင် ရေလောင်းကြသည်။ ရေလောင်းသူ၊ ရေပက်ခံရသူနှင့် ရွာသူရွာသား မိသားစုများ တပြုံးပြုံးနှင့်။ အညာစာ မုန့်ပဲသရေစာများ ဧည့်ခံကျွေးမွေးလိုက်ကြသေးသည်။ တစ်ခုသော သင်္ကြန်အခါမှာ အမှတ်တရပါ။ကျောင်းသားများ တည်းခိုဆောင်မှ လှမ်းမျှော်ကြည့်လျှင် ဟိုးခပ်ဝေးဝေး ဧရာဝတီ မြစ်ကမ်းတစ်နေရာမှ ငုရွှေပင်ကြီးတစ်ပင်တွင် ငုရွှေပန်းများ အပြိုင်းအရိုင်း တွဲရရွဲ ဝါဝါထိန်လှသည်ကို လှမ်းတွေ့ရသည်။ ရေပက်ခံလှည့်တော့လည်း ခါတော်မီပိတောက်တွေ ပိတောက်ပန်းတွေက မွှေးလို့ ကြိုင်လို့ပင်။“ပိတောက်ပွင့်ပြီ၊ နှစ်ကူးလည်တိုင်း၊ ဘယ်ဆီလွမ်းမိတပ်မသိ၊ တပ်မသိ”။ဆရာမောင်ပန်းမွှေး၏ ကဗျာဟု မှတ်မိနေသည်။ ထိုကဗျာပါသော ပို့စကတ်ကလေး တစ်ခုကို လှမ်းပို့ပြီးနောက် ခင်သူတစ်ယောက်နှင့် ရည်းစားဖြစ်ခဲ့ကြသည်။ ငယ်ရွယ်စဉ် ဖြတ်သန်းခဲ့ရသော အမှတ်တရ သင်္ကြန်များတွင် ဒီလို သိင်္ဂါရရသများလည်း ကြုံဖူးကြပေမည်။ဒီနှစ်သင်္ကြန်တွင် အငယ်ဆုံး သမီးကလေးက တရားစခန်းဝင်သည်။ သမီးလတ်တစ်ယောက်က နေ့တိုင်းနံနက်တိုင်း သံဃာများကို ဆွမ်း၊ ဆွမ်းဟင်းချက်ပြုတ် လောင်းလှူပါသည်။ တူတော်မောင်နှစ်ယောက်က ရဟန်းဝတ်၊ သူတို့သားငယ်နှင့် သမီးကလေးတို့က ရှင်ပြု၊ နားသ အလှူ လှူကြသည်။ သားနှစ်ယောက်ကသာ နောက်ဆုံးအတက်နေ့ တစ်ရက်တွင် တပ်မှ အရာရှိ သူငယ်ချင်းတစ်ယောက်၊ နိုင်ငံခြားမှ ခွင့်ပြန်လာသည့်  သူငယ်ချင်းတစ်ယောက်တို့နှင့် ညောင်ချောင်းသာကို အလည်သွားကြသည်။ မြန်မာ့သင်္ကြန်သည် ဘာသာရေးပွဲဟုလည်း ဆိုနိုင်သည်။ ဟော့ဟော့ရမ်းရမ်းသင်္ကြန် မဟုတ်ပါ။ 
(၃)
‘တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး’သည်နှစ်တွင် သင်္ကြန်မိုးသည် ဘယ်ဆီတွင် ရွာလေသည် မသိ။ ရှေးကတော့ သင်္ကြန်မိုးသည် တင်ကြိုကာ ရွာလေ့ရှိပါသည်။ ထိုသို့ မရွာလျှင် သင်္ကြန်တွင်း တစ်ရက်မှာတော့ ဆိုက်ဆိုက်မြိုက်မြိုက် ရွာလေ့ရှိခဲ့သည်။ ထိုအခါ ပိတောက်ရွှေဝါပန်းတို့ကလည်း မြို့လုံးရွာ လုံးပွင့်လေပြီ။ တစ်နှစ်တုန်းက ဂီတစာဆို ကဗျာဆရာ နောင်တော်တစ်ဦးက ပိတောက်ပန်းက သစ္စာဖောက်သည်ဟု သူ့ကဗျာတွင် ထည့်ကာ ဖွဲ့ဆိုခဲ့သည်။ တကယ်တော့ ပိတောက်က သစ္စာဖောက်သည် မဟုတ်ပါ။ အခါတွင်းတွင် သူအရောက်လာဖို့ ရှက်နေလို့ဗျာဟု စောဒက ပြုနေခဲ့မိပါသည်။ သင်္ကြန်မိုး တစ်ပေါက်မှ မရွာလျှင် ပိတောက်ပန်းတို့လည်း မပွင့်နိုင်။ ပိတောက်တို့သည် အခါမတိုင်မီ ပွင့်လိုပွင့်၊ အခါကို အတော်ကြီး ကျော်လွန်ပြီးမှ ပွင့်လိုပွင့် ဖြစ်ခဲ့ပြီကို သတိပြုမိနေခဲ့ပါပြီ။ သည်သင်္ကြန်မှာလည်း ပိတောက်ပန်း အတုများသာ လွှမ်းခဲ့သည်မို့ ပိတောက်မင်းကလည်း ဆန်းသလောက် မလင်းနိုင်တော့ပြီလားဟု တွေးမိသည်။ လွမ်းစရာ။ 
(၄)
နေခြည်ထိုးပါသည့်စည်းရိုးမှာ အသာလာ၍သံသာသာနွဲ့နွဲ့အေးပါတဲ့ငှက်ကလေးတေးချိုချို။ဤလောကဆီကဘာကမှ သူမလိုဘဲလောကကို သူခင်၍သူ့ရင်မှာ ဖြစ်တဲ့တေးကိုကြွေးဖွဲ့သီဆို။သာရကာငှက်ကျေးတို့ တေးချိုချို ဆိုမြည်သည်မှာ လောကကို ခင်လို့သာဟု နောင်ကြီးမောင်နီသင်းက ဆိုပါလေသည်။ ဒီနှစ်ဆန်း ၁ ရက် နံနက် အရုဏ်အကျင်း နေ့သစ်တစ်နေ့ကို ကြိုဆိုနေခဲ့သည့် ငှက်ကလေးကရော ဒီလိုပင် လောကဆီက ဘာကိုမှ မလိုပါဘဲ ဆိုလေသည်လား ...။ ကိုယ်တို့ လောကီလူသားတို့ကတော့ ပုထုဇဉ်ပီပီ လိုချင်သည်များ ရှိနေပါသည်။ ရေသဘင်ပွဲ ဆင်နွှဲကြရင်း မေတ္တာသံေ၀ တောင်းဆုမွန်တွေ ပေးခြွေကြသည်ကို ကြားသိကြရသည် မဟုတ်ပါလား။ အများတကာနည်းတူပင် ကိုယ်တို့လည်း မေတ္တာကို ခံယူတောင်းဆု ပြုလိုပါသည်။ ကိုယ်လည်း လိုချင်တာဖြစ်ပါသည်။ အမိ မြန်မာပြည်ကြီးနှင့် ပြည်သူပြည်သား အပေါင်းတို့သည် မြန်မာ့နှစ်သစ်ဆန်း အခါသမယမှ စ၍ စိတ်ရောကိုယ်ပါ ညှဉ်းပန်းနှိပ်စက်ခြင်း အလျှင်းကင်းသည့် အမှန်တကယ် လူသစ်မူသစ်များ ပြောင်းလဲဖြစ်ပေါ်ခြင်းနှင့် ကြုံကြိုက်ကြရပါစေဟူ၍ နောင်ကြီးပျဉ်းမနားမောင်နီ သင်းဖွဲ့ဆိုခဲ့ဖူးသည့် ကဗျာတစ်ပုဒ်ကလည်း အလွန်ချစ်စရာ ကောင်းနေပါတယ်။ပြည်ထောင်စု၏ မိုးကောင်းကင်■ တောင်ညိုခင်တန်း၊ အင်းစိမ့်စမ်းနှင့်     ချမ်းမြပေသည် ငါတို့ပြည်။■ တောင်ပေါ်ကပန်း၊ မြေပြင်ပန်းနှင့်     လန်းဆန်းထုံစည် ငါတို့ပြည်။■ ဗုံသံမောင်းသံ၊ ခရာသံနှင့်     တေးသံချိုကြည် ငါတို့ပြည်။■ တို့ဘဝသည်၊ ငါတို့ပြည်ပင်      မည်သူလာလျက်၊ သူ့အသက်ထက်    နှစ်သက်မြတ်နိုး နိုင်မည်နည်း။■ တို့လောကသည်၊ ငါတို့ပြည်ပင်   မည်သူလာလတ်၊ အသက်အပ်၍   စောင့်ကြပ်ပူဇော်နိုင်မည်နည်း။■ ချစ်ကြင်နာခြင်း၊ ယုယခြင်းဖြင့်     အချင်းချင်းမှာ၊ ဆုံတွေ့ပါ၍    ဝမ်းသာချမ်းမြ၊ ကြည်နူးရသည်    စိတ်ကကြည်လင်၊ ရေချမ်းစင်သို့    တို့ရင်ထဲမှ ပြည်ထောင်စု။■ အားလုံးစိုက်ကာ၊ ပျိုးထောင်ပါရန်     ဝေဆာပွင့်လန်း၊ ဖူးသည့်ပန်းမှ     ပန်းတစ်ပွင့်မျှ၊ မချိုးကြနှင့်     မြေတစ်လက်မ၊ မကျူးကြနှင့်     တို့ဘဝရေး၊ အသက်ပေးအံ့     တို့ချွေးထဲမှ ပြည်ထောင်စု။■ ငါတို့ချစ်သည်၊ ငါတို့ပြည်ကို      တို့သည်စောင့်ကြပ်၊ ဘဝအပ်၍     မြတ်နိုးချစ်ကြ၊ ပူဇော်ကြလျှင်     မြူမျှဝေ့ကာ၊ ညိုမလာဘဲ     ကမ္ဘာအတည်၊ ပြာနူကြည်အံ့    ပြည်ထောင်စု၏ မိုးကောင်းကင်။    ။ပျဉ်းမနားမောင်နီသင်းရာထူးခုံမင် ဘုံတစ်ခွင်မှ ဆိုကြသည့်နှယ် မဟုတ်ပါဘဲ ငှက်ကလေးတို့က လောကကို ခင်မင်၍ တေးချိုချိုဆို မြည်သည်။ ကဗျာဆရာကလည်း မေတ္တာသံချိုဖွဲ့ဆိုသည်။ ကိုယ်ကလည်း နားဝင်ချိုကြပါစေတော့ဟု ညွှန်းလိုက်ပါသည်။စာကိုး‘ငှက်ကလေး၏ တေးချိုချိုကဗျာများ’(ပျဉ်းမနားမောင်နီသင်း)

Most Read

Most Recent