အနာဂတ်ဈေးကွက်များနှင့် ပတ်သက်၍

အနာဂတ်ဈေးကွက်များနှင့် ပတ်သက်၍
Published 22 April 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

ငွေကြေးဈေးကွက် သဘောတရားတွေနဲ့ ပတ်သက်ရင် စာရေးသူတို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အသိပညာ အင်မတန် နည်းပါးသေးတယ်လို့ပြောရင် လွန်မယ်မထင်ပါ။ အဓိကကတော့ မိမိနိုင်ငံသားတွေကို အသိပညာ နည်းပါးအောင် လုပ်ဆောင်ခဲ့တဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုရဲ့ အကျိုးဆက် ဖြစ်ပါတယ်။ မကြာမီ ဒီနှစ်အောက်တိုဘာလကနေ စတင်ပြီး ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် စတင်တော့မယ်လို့ ကြေညာထားပြီးဖြစ်တယ်။ သို့ပေမဲ့ မိမိနိုင်ငံသားတွေကို အသိပညာပေးမှု ဘယ်လောက်အတိုင်းအတာအထိ လုပ်ဆောင်ပြီးပါပြီလဲ။ အသိပညာပေးမှု အားနည်းရင် အတိတ်ကာလမှာ စာရေးသူတို့ နိုင်ငံသားတွေ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ခဲ့သလို အခုလည်း ဆက်ပြီးဖြစ်ကြဦးမှာ သေချာတယ်။ စာရေးသူကတော့ မိမိနိုင်ငံသားတွေကို ငွေကြေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ ထိထိရောက်ရောက် ပေးစေချင်တယ်။ပြည်တွင်းမှာသော်မှ စတော့အိတ်ချိန်းဈေးကွက် စတင်ဖို့ ပြင်ဆင်နေဆဲမှာ ပြည်တွင်းမှာ ဝန်ဆောင်မှုပေးပြီး ပြည်ပနိုင်ငံတွေက စတော့အရောင်းအဝယ် လုပ်ငန်းတွေလုပ်ဖို့ ငွေကြေးကုမ္ပဏီတွေ ဝင်လာနေပြီဆိုတဲ့သတင်း ဖတ်လိုက်ရတယ်။ အဲဒီကုမ္ပဏီတွေမှာ ဟိုယခင်က Invisible Trading တုန်းကလို ဒေါ်လာ ၃၀၀၊ ဒေါ်လာ ၁၀၀၀၀ အနိမ့်ဆုံး ကြိုသွင်းထားရတယ် ဆိုကတည်းက စဉ်းစားဖို့လိုပြီလို့ ဆိုပါရစေ၊ ဒါကြောင့် အမှားတွေမဖြစ်စေဖို့ အခုဆောင်းပါးကို ရေးဖြစ်ပါတယ်။ အနာဂတ်ဆိုတာ မသေချာ မရေရာတဲ့ သဘောပါ။ ဒီအတွက် ကြိုတင်တွက်ဆမှုတွေ အချက်အလက်တွေ များများရယူပြီး ကောက်ချက်ချနိုင်ပါမှ Risk လို့ခေါ်တဲ့ စွန့်စားရမှု နည်းပါးစေမှာ ဖြစ်တယ်။အနာဂတ်ဈေးကွက် Future Market ကို အနာဂတ်ကုန်သွယ်မှု Future Trading အနာဂတ်ပဋိညာဉ် Future Contract စသည် ခေါ်ဝေါ်သုံးစွဲလေ့ ရှိပါတယ်။ စတော့တွေကို ဝယ်ယူတာက အနာဂတ်ဈေးကွက်ကို ကုန်သွယ်တဲ့သဘော ဖြစ်တယ်။ စတော့မှာ Ordinary သို့မဟုတ် Common စတော့တွေက ရေရှည်ကိုမျှော်မှန်းပြီး ဝယ်ယူကြတဲ့ စတော့တွေ ဖြစ်တယ်။ Preferred Stock တွေကတော့ ရေတိုကို မျှော်မှန်းတဲ့ဈေးကွက် ဖြစ်ပါတယ်။ ဒီအခြေခံဈေးကွက် နှစ်ခုနဲ့ ပတ်သက်ပြီးလည်း ကျယ်ကျယ်ပြန့်ပြန့်သိဖို့ လိုအပ်တယ်။ စတော့ရဲ့ ယေဘုယျ သဘောတရားက အများပိုင် ကုမ္ပဏီတွေကနေ Securities Exchange Commission (SEC) ကို ကျော်ဖြတ်ပြီး စာရင်းဝင် အများပိုင်ကုမ္ပဏီ ဖြစ်လာတဲ့ Listed Public Companies တွေက စတော့တွေကို ထုတ်ရောင်းနိုင်တယ်။ စတော့တွေရောင်းရာမှာ အများပိုင်ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်မှုနဲ့ စာရင်းဝင် အများပိုင်ကုမ္ပဏီ ဖြစ်လာတဲ့အခါ လုပ်ဆောင်ချက်ကောင်းမွန်တဲ့အပေါ် မူတည်ပြီး စတော့တွေရဲ့ ဈေးနှုန်းတွေ တက်လာမှာဖြစ်လို့ စာရင်းဝင်အများပိုင် ကုမ္ပဏီတွေရဲ့ လုပ်ဆောင်မှုတွေက အရေးကြီးတယ်လို့ ဆိုနိုင်တယ်။ Securities Market က စတော့တွေ Bond တွေကို ဝယ်ယူရောင်းနိုင်တဲ့ ငွေကြေးသက်သေ Securities တွေ ဖြစ်ပါတယ်။ဒီနေရာမှာ စာရေးသူတို့ နိုင်ငံကနေ ထုတ်လိုက်တဲ့ Securities ဆိုတာကို ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ရေး ဥပဒေလို့ ပြန်ဆိုထားတယ်။ စာရေးသူလည်း အဖန်တစ်လဲလဲ ရေးခဲ့ပြီးပါပြီ။ သို့ပေမဲ့ ဒီကနေ့အထိ အများအတိုင်းပဲ ရှိသေးတယ်။ စတော့နဲ့ဆက်စပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ပြောပြလိုက်တော့ သူမှားမှန်းသိတဲ့အကြောင်း ပြောပါတယ်။ သို့ပေမယ့် မပြင်သေးပါ။အနာဂတ်ဈေးကွက်မှာ ဘယ်လိုအရာတွေက ရောင်းကုန်ပစ္စည်းတွေလဲ၊ ဒါကိုသိဖို့ လိုအပ်တယ်။ ပစ္စည်းတစ်ကိုရောင်းဖို့ ဒါမှမဟုတ် ဝယ်ယူဖို့ စာချုပ်ချုပ်ဆိုလိုက်တဲ့ ပဋိညာဉ်စာချုပ် ဒါမှမဟုတ် ငွေကြေးဆိုင်ရာ ပစ္စည်းတစ်ခုခုဖြစ်တဲ့ စတော့၊ ဒါမှမဟုတ် Bond Certificate ကို သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ သတ်မှတ်ထားတဲ့အချိန်မှာ ဝယ်ယူဖို့ ကတိကဝတ်ပြုမှုတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ စတော့ကိုဝယ်ယူပြီး ရင်းနှီးမြှုပ်နံှတာနဲ့ Bond Certificate ကို ဝယ်ယူရင်းနှီးမြှုပ်နှံတာက ကွာခြားချက် ရှိပါတယ်။ စတော့က စာရင်းဝင်ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေ ကောင်းရင်ကောင်းသလို စတော့ဈေးနှုန်းတွေ တက်လာတာဖြစ်လို့ ဝယ်ယူသူတွေအတွက် မိမိတို့ရွေးချယ်မှု မှန်ကန်တဲ့အပေါ် မူတည်ပြီး အကျိုးရှိစေတာ ဖြစ်တယ်။ Bond Certificate ကတော့ ငွေကြေးချမ်းသာသူတွေကနေ အစိုးရ ဒါမှမဟုတ် မြူနီစီပယ် အဖွဲ့အစည်းတွေကို အချိန်ကာလ သတ်မှတ်ချက် တစ်ခုဖြစ်တဲ့ ငွေချေးတာဖြစ်ပြီး အတိုးကို ၆ လတစ်ကြိမ် ထုတ်ယူနိုင်တယ်။ သတ်မှတ်ချိန်ပြည့်ရင် မိမိချေးထားငွေကို ပြန်လည်ထုတ်ယူနိုင်တယ်။ အရင်းမရှုံးပေမယ့် ငွေပြန်လည်ထုတ်ယူချိန်မှာ ငွေတန်ဖိုးကျသွားရင် မိမိရတဲ့ အတိုးနဲ့ မကိုက်ဘဲ ဆုံးရှုံးမှု ဖြစ်စေနိုင်တယ်။ စတော့ကတော့ ကုမ္ပဏီရဲ့ လုပ်ဆောင်ချက် ကောင်းရင်ကောင်းသလို စတော့ဈေးနှုန်းတွေ တက်လာနိုင်တာဖြစ်လို့ ရေရှည်အတွက် အကျိုးရှိနိုင်တယ်။ သို့ပေမဲ့ လုပ်ဆောင်ချက် မကောင်းတဲ့ ကုမ္ပဏီရဲ့ စတော့ကို ဝယ်ယူမိရင်တော့ အရှုံးနဲ့ ရင်ဆိုင်ရနိုင်တာဖြစ်တယ်။အနာဂတ်ကုန်သွယ်မှု Future Trading က အချိန်ကန့်သတ်မှုရှိတယ်။ ကမ္ဘာတစ်ဝန်း ကုန်သွယ်မှုတွေ ပြုနိုင်တယ်။ သို့ပေမဲ့ မသေချာ မရေရာမှုက ပိုများတယ်။ အဓိကကတော့ ယုံကြည်မှုနဲ့ အလုပ်လုပ်ကြရတဲ့ သဘောဖြစ်တယ်။ မိမိ အရောင်းအဝယ်လုပ်သူက မှန်ကန်ရင် မိမိအတွက် အကျိုးရှိမယ်။ မိမိနဲ့ အရောင်းအဝယ်လုပ်သူက ကလိမ်ကကျစ် ဖြစ်နေရင်တော့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ စတော့တွေ Bond Certificate တွေသာမက ရွှေတွေ အခြားပစ္စည်းတွေလည်း အနာဂတ်ကုန်သွယ်မှုမှာ ပဋိညာဉ်စာချုပ်တွေနဲ့ အရောင်းအဝယ်တွေ ပြုလုပ်နိုင်တယ်။ သဘောက ဥပမာ-ရွှေကို အနာဂတ်ဈေးကွက်ပုံစံနဲ့ အရောင်းအဝယ်လုပ်ရာမှာ ရောင်းသူနဲ့ ဝယ်သူကြား သဘောတူထားတဲ့ တန်ဖိုးဈေးနှုန်းနဲ့ သတ်မှတ်ချိန်မှာ တစ်ဖက်က ပစ္စည်းပေး တစ်ဖက်က ငွေပေးတာတွေ ပြုလုပ်ကြတဲ့သဘော ဖြစ်တယ်။ သတ်မှတ်ထားချိန်မှာ ပစ္စည်းရဲ့ အတက်အကျပေါ် မူတည်ပြီး အရောင်းအဝယ် လုပ်သူတွေမှာ အရှုံးနဲ့အမြတ် ဖြစ်ပေါ်လာစေတာ ဖြစ်တယ်။ပစ္စည်းတစ်ခုကို ဝယ်ယူစဉ်က ဈေးကျနေပြီး သူကပဋိညာဉ်နဲ့ရောင်းတဲ့ကာလ အနာဂတ်တစ်ခုမှာ ဈေးတက်လာရင် သူ့အတွက် အမြတ်ရရှိစေမှာ ဖြစ်တယ်။ ဝယ်သူအတွက်တော့ ဈေးကြီးပေးဝယ်ရသလို ဖြစ်သွားမှာ ဖြစ်တယ်။အနာဂတ် ဈေးကွက် အရောင်းအဝယ် လုပ်သူတွေက Speculator လို့ခေါ်တဲ့ အနာဂါတ်ဈေးကွက် အခြေအနေတွေကို အမြဲလေ့လာ ဆန်းစစ်နေသူတွေရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တယ်။ သူ့ရဲ့မှန်းဆချက် မှန်ကန်ကောင်းမွန်တာနဲ့အမျှ အကျိုးရှိစေနိုင်တာ ဖြစ်ပါတယ်။ ဒီဈေးကွက်မှာ ကြက်ကန်းဆန်အိုးတိုး ပုံစံမျိုး လုပ်မယ်ဆိုရင်တော့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြရမှာဖြစ်တယ်။ကမ္ဘာတစ်ဝန်းမှာ အနာဂတ်ဈေးကွက် အလင်းမှာ ကုန်ပစ္စည်းပေါင်းများစွာကို ကြိုတင်စာချုပ်ပဋိညာဉ်နဲ့ အရောင်းအဝယ် လုပ်နိုင်တယ်။ ကမ္ဘာနဲ့ယှဉ်ပြီး အနာဂတ်ဈေးကွက်မှာ အရောင်းအဝယ်လုပ်နိုင်တဲ့ ပစ္စည်းတွေက ရွှေ၊ ငွေ အပါအဝင် သတ္ထုပစ္စည်းတွေ ပဲအမျိုးမျိုး၊ ကိုကိုး၊ ကျွဲ၊ နွားတိရစ္ဆာန်တွေ အပါအဝင် နိုင်ငံခြားငွေကြေးတွေ၊ Treasure Bills တွေနဲ့ Bond တွေ၊ စတော့တွေ အပါအဝင် အခြားငွေကြေးဈေးကွက် ပစ္စည်းတွေ ပါဝင်တယ်။အနာဂတ်ဈေးကွက် ကုန်သွယ်မှုက အထူးသဖြင့် Speculator လို့ခေါ်တဲ့ မှန်းဆတွက်ချက်သူတွေအတွက်သာ ဖြစ်ပါတယ်။ မြန်မာဈေးကွက် အခေါ်အဝေါ်မှာတော့ ဒါကို ကြိုပွိုင့်လို့ခေါ်ကြတယ်။ ဘယ်လိုပင်ဖြစ်စေ အခုဆောင်းပါးကို ဖတ်ရှုရပြီး အနာဂတ်ဈေးကွက်မှာ အတွေးအမြင် ကောင်းတွေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ရနိုင်စေဖို့ ရည်ရွယ်ပါတယ်။

Most Read

Most Recent