ပြည်ပစတော့အိတ်ချိန်းဝန်ဆောင်မှုကုမ္ပဏီများမှာ DICA တွင် ဝန်ဆောင်မှုကုမ္ပဏီဟုသာ မှတ်ပုံတင်ထားခြင်းဖြစ်ပြီး ငွေကြေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ချထားပေးခြင်း လုံးဝမရှိကြောင်း SECM ပြောကြား

ပြည်ပစတော့အိတ်ချိန်းဝန်ဆောင်မှုကုမ္ပဏီများမှာ DICA တွင် ဝန်ဆောင်မှုကုမ္ပဏီဟုသာ မှတ်ပုံတင်ထားခြင်းဖြစ်ပြီး ငွေကြေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ချထားပေးခြင်း လုံးဝမရှိကြောင်း SECM ပြောကြား
Published 22 April 2015
နွဲ့ယဉ်အေး၊ သန်းထိုက်အောင်

မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိကာ ဝန်ဆောင်မှုပေးနေသော ပြည်ပစတော့အိတ်ချိန်းဝန်ဆောင်မှု ကုမ္ပဏီများမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ဝန်ဆောင်မှုကုမ္ပဏီအမျိုးအစားအဖြစ်သာ မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်း သိရပြီး ၎င်းတို့ကို ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်ရန် လိုင်စင်ချထားပေးခြင်းမရှိကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် SECM မှ သိရသည်။
 
“ DICA က ကုမ္ပဏီနာမည် အသုံးပြုခွင့်၊ မှတ်ပုံတင်ခွင့်သာပြုတာပါ။ လုပ်ငန်းလုပ်ကိုင်ဖို့ဆိုရင် သက်ဆိုင်ရာဌာနခွင့်ပြုချက် ထပ်လိုပါတယ်။ ကုန်သွယ်မှုလုပ်ရင်လည်း သွင်းကုန်၊ ပို့ကုန်လုပ်ငန်းလိုင်စင် လျှောက်ထားရပါမယ်။ ဝန်ဆောင်မှုဆိုလည်း ဝန်ကြီးဌာနအလိုက် လိုင်စင်လိုပါတယ်” ဟု အဆိုပါငွေကြေးဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီလာမူက ရှင်းလင်းပြောကြားခဲ့သည်။
 
ထိုသို့ ပြည်ပစတော့အိတ်ချိန်းများတွင် ရွှေ၊ ငွေကြေး၊ ရေနံ၊ ကုန်စည်စသည့် ဈေးကွက်များပေါ်တွင် အရောင်းအဝယ်ပြုသည့် ဈေးကွက်ကို Future Exchange ဈေးကွက်ဟု ခေါ်ဆိုပြီး ထိုဈေးကွက်တွင် ဝင်ရောက် အရောင်းအဝယ်လုပ်နိုင်ရန် ကော်မရှင်ခယူကာ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီပေါင်းခြောက်ခုခန့် မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
 
ပြည်ပစတော့အိတ်ချိန်းများတွင် အရောင်းအဝယ်လုပ်နေခြင်းမှာ ဥပဒေနှင့်မညီသဖြင့် အရင်းအနှီးများ ဆုံးရှုံးနိုင်ခြေရှိပြီး မရှင်းလင်းသည်များကို သိရှိလိုပါက မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အဆိုပါကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
 
“ပြည်သူတွေအနေနဲ့ စတော့အိတ်ချိန်းဆိုတဲ့နေရာမှာ Regulate လုပ်ထားတာနဲ့ Regulate မလုပ်ထားတာနဲ့ပေါ့နော်။  Regulate လုပ်တယ်ဆိုတာက ထိန်းသိမ်းကွပ်ကဲထားသော ဈေးကွက်နဲ့ ထိန်းသိမ်းကွပ်ကဲခြင်းမရှိသော ဈေးကွက်ဆိုပြီးတော့ နှစ်ခုရှိတာပေါ့။ 
ထိန်းသိမ်းကွပ်ကဲထားခြင်းမရှိတဲ့ ဈေးကွက်မှာ သွားလုပ်ရင်တော့ ပြည်သူတွေကို လိမ်ညာသွားမယ်ဆိုရင် ဘာမှလုပ်လို့မရဘဲနဲ့ ဆုံးရှုံးသွားတာပဲ အဖတ်တင်မယ်။ ထိန်းသိမ်းကွပ်ကဲထားတဲ့ ဈေးကွက် Regulated  Market  မှာကျတော့ လိမ်တာညာတာတော့ မရှိဘူး။ 
သို့သော် ကံကြမ္မာပေါ်မူတည်ပြီးတော့ အရှုံးအမြတ်ကတော့ ဖြစ်နိုင်တယ်။ သို့သော် အလိမ်ခံရတဲ့ဘေးကတော့ ကင်းဝေးသွားမှာပေါ့” ဟု ၎င်းက ပြောကြားသည်။
 
လက်ရှိအချိန်တွင် SECM က မည်သည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကိုမှ လိုင်စင်ပေးထားခြင်း မရှိကြောင်း သိရသည်။
 
“ကိုယ့်စိတ်ထဲမှာ သံသယဖြစ်မယ်ဆိုရင် လာမေး။ လောလောဆယ်မှာတော့ SECM က ဘယ်သူ့ကိုမှ လိုင်စင်ပေးမထားဘူး။ ပေးထားတယ်ဆိုတာနဲ့ ဒါလိမ်ပြောတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုလိုပြဿနာမျိုးတွေ တက်မှာကြောက်လို့ စောင့်ကြည့်နေတာ။ ဒါကို လိုင်စင်ပေးထားတယ်။ SECM က ခွင့်ပြု ချက်ရတယ်လို့ ပြောကောင်းပြောလိမ့်မယ်။ အဲဒါဆို လုံးဝမဟုတ်ဘူး။ ဒါက မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌအနေနဲ့ကို ပြောတာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
 
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး ဥပဒေတွင်လည်း ထိုသို့ စတော့အိတ်ချိန်းနှင့် အလားသဏ္ဌန်တူသည့် လုပ်ငန်းများကို ခွင့်ပြုချက်မဲ့ လုပ်ကိုင်ခွင့်ပြုထားခြင်းမရှိဘဲ လုပ်ဆောင်ပါက ရဲအရေးပိုင်သည့် ပြစ်မှုအဖြစ် သတ်မှတ်ရမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
 
တရားမဝင်သည့် အဆိုပါ Future Exchange ဈေးကွက်တွင် ဝင်ရောက်ကစားရန် ပွဲစားကုမ္ပဏီများတွင် ဒေါ်လာ ၃၀၀၀ မှ ဒေါ် လာ ၁၀၀၀၀ အနိမ့်ဆုံး ထည့်သွင်းကာ စာရင်းဖွင့်ထားရကြောင်း သိရသည်။
 
“ပြည်သူတွေအနေနဲ့ ငွေကြေးနဲ့ ပတ်သက်လို့ Deposit တင်ရမယ်ဆိုရင် သေချာ ခိုင်ခိုင်မာမာ ဖြစ် မဖြစ် စုံစမ်းပြီးမှ လုပ်စေချင်တယ်။ ဒီလိုလုပ်ငန်းတွေကိုလည်း သတိထားစေချင်ပါတယ်” ဟု ဒေါ်နီလာမူက ပြောကြားသည်။