အနာဂတ် မြန်မာ့နိုင်ငံရေး၏ အသက်

အနာဂတ် မြန်မာ့နိုင်ငံရေး၏ အသက်
Published 20 April 2015
ချစ်ဝင်းမောင်

မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် “ဒေါ်အောင်ဆန်းစုကြည်” ၏ အခန်းကဏ္ဍက အတော်ပင် “အခရာ” ကျပါသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုကြီးမှ စတင်လျှင် သက်တမ်းအားဖြင့် ၂၇ နှစ်ရှိခဲ့ပြီ။ ၂၇ နှစ် ဆိုသည်မှာ လူသားတစ်ဦးအတွက် လုံးဝပြီးပြည့်စုံသောအရွယ် ရောက်ခြင်း အပိုင်းအခြားထဲမှာ ရှိသည်။ အသက် ၂၇ နှစ်အရွယ်ရှိ လူငယ်တစ်ဦးသည် ပညာသင်ကြား ဆည်းပူးမှု ပြီးပြည့်စုံပြီး ပရော်ဖက်ရှင်နယ် လုပ်ငန်းခွင် နယ်ပယ်တစ်ခုထဲသို့ ခြေချထားနိုင်ပြီဖြစ်သော အရွယ်လည်းဖြစ်သည်။နှစ်ပေါင်း ၃၀ နီးပါး မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲတွင် စဉ်ဆက်မပြတ် လှုပ်ရှားပါဝင်နေခဲ့သော ဒေါ်အောင်ဆန်းစုကြည်လောက် ယနေ့လက်ရှိ နိုင်ငံရေးနယ်ပယ်ထဲ ကျင်လည်နေသူ လက်ချိုးရေတွက်လို့ ရသည်။ ပြီးခဲ့သည့် ဧပြီ ၁၀ ရက်က နေပြည်တော် သမ္မတအိမ်တော်မှာ ခြောက်ပွင့်ဆိုင်ခေါင်းစဉ်ဖြင့် ယနေ့မြန်မာ့နိုင်ငံရေးတွင် အဓိကကျသော လူပုဂ္ဂိုလ်ခြောက်ဦး တွေ့ဆုံခဲ့ကြသည်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်တို့ ပါဝင်ကြသည်။ ဒီပုဂ္ဂိုလ်ခြောက်ဦးထဲမှာ မည်သူက အသက်အကြီးဆုံးလဲဆိုတာ မသိသော်လည်း (၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ) မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲမှာ အဓိကနိုင်ငံရေးပုဂ္ဂိုလ် (Figure) အဖြစ် ပါဝင်ခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးသာ ရှိသည်။ ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ လူထုအုံကြွမှုမှတစ်ဆင့် နိုင်ငံရေး စင်မြင့်ပေါ်သို့ ဒေါ်အောင်ဆန်းစုကြည် စတင်ရောက်ရှိလာချိန်တွင် သမ္မတဦးသိန်းစိန်သည် အလယ်အလတ် ရာထူးအဆင့်ရှိ စစ်အရာရှိ တစ်ဦးမျှသာ ရှိသေးသလို သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့သည်လည်း သာမန်အလယ်အလတ် စစ်အရာရှိများ အဖြစ်သာ ရှိနေသေးသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုလျှင် သာမန်စစ်အရာရှိမျှသာ ရှိပါဦးမည်။ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံး ရင်ဆိုင်ခဲ့ရသူများမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း ချန်ရစ်ထားခဲ့သည့် စစ်ခေါင်းဆောင်မျိုးဆက်များ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးစောမောင် အပါအဝင် စစ်တိုင်းဗိုလ်ချုပ်များ ပါဝင်သည့် န.ဝ.တ အမည်တပ် အစိုးရအဖွဲ့ဖြစ်သည်။ န.ဝ.တ ကို အဓိက စီမံကွပ်ကဲ မောင်းနှင်သူ ပုဂ္ဂိုလ်မှာ သုံးဦးသာ ရှိသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဦးနေဝင်း၏ လက်ရင်းတပည့်ဟောင်း အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်၊ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးတို့ ဖြစ်သည်။ နောင်ဗိုလ်ချုပ်မှူးကြီး ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး သန်းရွှေမှာ န.ဝ.တ ခေတ်၌ ဒု-ချုပ်တစ်ဦး အနေဖြင့် နောက်ကွယ်မှာ ခပ်လျှိုလျှို နေခဲ့ရသူတစ်ဦး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် န.ဝ.တ ခေတ် ဗိုလ်ချုပ်ကြီးများနှင့် နိုင်ငံရေး အရှိန်အဟုန်ပြင်းထန်သော ကာလ၌ ရင်ဆိုင်ခဲ့သည်။ ထိုဗိုလ်ချုပ်များသည် သူမကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြီးနောက် ပြန်လွှတ်ပေးသည်။၁၉၉၀ ရွေးကောက်ပွဲသည် စစ်မှန်သော ဒီမိုကရေစီ ရွေးကောက်ပွဲတစ်ခု ဖြစ်ခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်တိုင်းနီးပါး အနိုင်ရခဲ့သည်။ သို့သော် မြန်မာ့နိုင်ငံရေးသည် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက အလွန်အကျည်းတန်သွားခဲ့သည်။ ပြည်သူလူထု ရွေးချယ်ဆန္ဒမဲပေးခဲ့ကြသည့် ပါတီကြီးသည် အာဏာရပါတီ၊ အာဏာရအစိုးရ မဖြစ်လာခဲ့ရုံမက န.ဝ.တ စစ်ဗိုလ်ချုပ်ကြီးများ၏ အကြောင်းပြချက်၊ ဆင်ခြေအမျိုးမျိုးကြားတွင် ဖိနှိပ်မှုမျိုးစုံ ခံခဲ့ရပြီး ပါတီကြီး ပျက်သွားတော့မလောက် အခြေအနေမျိုး ဆိုက်ရောက်ခဲ့သည်။ ရွေးကောက်ခံအမတ်များ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ အချို့ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားရခြင်း၊ အရည်အချင်းရှိ တက်ကြွသူများကို နှစ်ရှည်ထောင်သွင်း အကျဉ်းချခြင်းဖြင့် န.ဝ.တ အစိုးရသည် ပဋိပက္ခကို ဖြေရှင်းခဲ့သည်။ အကျပ်အတည်းများ မဖြေရှင်းနိုင်တော့သောအခါ အစိုးရအဖွဲ့ အပြောင်းအလဲ (regime change) အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရှေ့ထွက်လာပြီး အစိုးရအဖွဲ့ကို န.အ.ဖ ဟု ထပ်ပြင်သည်။ထိုအတောအတွင်း ဒေါ်အောင်ဆန်းစုကြည် တစ်သမတ်တည်း တောင်းဆိုခဲ့သော အရာမှာ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေး အဖြေရှာရေး (Dialouge) ဖြစ်သည်။ ရုပ်ပြအဖြစ် တစ်ခုသောကာလက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်၊ ဒေါ်အောင်ဆန်းစုကြည်တို့သုံးဦး ယှဉ်တွဲမတ်တတ်ရပ်လျက် မှတ်တမ်းတင်ဓာတ်ပုံတစ်ပုံ ရှိခဲ့ဖူးသည်။ မိတ်ဆုံထမင်းစားပွဲမျှသာ ဖြစ်ပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ မဟုတ်ခဲ့။ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုတိုင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော န.အ.ဖ အစိုးရသည် မသိကျိုးကျွန်ပြုကာ နေခဲ့သည်။ န.အ.ဖ က စိတ်ကြိုက် ဖန်တီးဖွဲ့စည်းထားသော အမျိုးသားညီလာခံကြီးကို လက်ညှိုးထိုးပြကာ တွေ့ဆုံဆွေးနွေးရေး မလိုဟု ငြင်းဆန်ခဲ့သည်ချည်းဖြစ်သည်။ပြောရလျှင် ယခုခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်နေသော ခေါင်းဆောင်များမှာ ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက်ကတည်းက ရေတွက်လျှင် တတိယမျိုးဆက် ခေါင်းဆောင်များသာ ဖြစ်သည်။ နိုင်ငံရေးဝါအရဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် သက်တမ်းအရင့်ဆုံးဟု ဆိုနိုင်သည်။ နိုင်ငံရေးဝါရင့်ခြင်း၊ ဝါနုခြင်းဆိုသည်ထက် ယခု တွေ့ဆုံမှုသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည် အစဉ်တစိုက် တောင်းဆိုနေခဲ့သော “တွေ့ဆုံဆွေးနွေး အဖြေရှာရေး” ၏ အဆက်ဖြစ်သည်။န.အ.ဖ အစိုးရကို ဆက်ခံခဲ့သော သမ္မတဦးသိန်းစိန် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရန် တောင်းဆိုတိုင်း ယခင်တုန်းကလိုပင် ဝေ့လည်ကြောင်ပတ် လုပ်နေတတ်သည်။ ဤအစိုးရမျိုးဆက်သည် ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထုအများစုက ယုံကြည်ကိုးစားသော၊ ဆန္ဒပြု အာဏာအပ်နှင်း (mandate) ထားသောသူ တစ်ဦးအဖြစ် မမြင်။ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီတစ်ခုကိုသာ ကိုယ်စားပြုသူဖြစ်သည်။ ကျယ်ပြန့်မှုမရှိ။ ထို့ကြောင့် တွေ့ဆုံဆွေးနွေးရေး ပြောဆိုတိုင်း ၄၈ ပါတီကိုယ်စား လှယ်များကို ဖိတ်ကြားသည်။ ကျယ်ပြန့်သော ဆွေးနွေးပွဲ မဖြစ်ခဲ့။ ထိရောက်မှု၊ အရာရောက်မှု မရှိခဲ့။လတ်တလော မြန်မာ့နိုင်ငံရေး ပြဿနာမှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး” ဖြစ်သည်။ ဒီအကြောင်းကို လူတိုင်းက ပြောသည်။ နိုင်ငံရေးပါတီတွေကလည်း ပြောသည်။ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေကလည်း ပြောသည်။ နိုင်ငံတကာကလည်း ပြောသည်။ သို့သော် သမ္မတဦးသိန်းစိန် အစိုးရသည် “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး” ကို ဦးစားပေး အာဂျင်ဒါထဲ ထည့်ထားပုံ မရ။ “လွှတ်တော်ကလည်း ပြင်ဖို့သဘောတူရင် ပြင်ကြတာပေါ့” ဆိုတာလောက်ပဲ ပြောသည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ” ပြင်ဆင်ရေးတွင် အဓိကသော့ချက် တစ်ခုသာ ရှိသည်။ “တပ်မတော်က နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် အစဉ်အမြဲ ပါဝင်ရေး” ဆိုသော အချက်ဖြစ်သည်။“ဖွဲ့စည်းပုံအခြေခံဥပဒေ” ဟု ဆိုရာတွင်လည်း သမိုင်းနောက်ခံ မကောင်းခဲ့သော အတိတ်အမည်းစက်များက ပစ္စက္ခကာလအထိ လာရောက်ချုပ်နှောင်ထားသည်။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေကို (အာဏာရ အစိုးရနှင့် ၎င်းတို့နှင့် အကျိုးစီးပွား ဆက်နွှယ်နေသူ တချို့က လွဲလျှင်) မြန်မာပြည်သူတွေ မည်သူမျှ မထောက်ခံခဲ့ကြပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပခဲ့ပုံနှင့် ဆန္ဒမဲတာဝန်ခံ ရေတွက်သူတို့ အသိဆုံး ဖြစ်ပါလိမ့်မည်။ အဆိုပါ ဆန္ဒခံယူပွဲကို ပြည်သူလူထု စိတ်ဝင်စားမှု မရှိခဲ့ပါ။ မရှိရခြင်းမှာ အစိုးရကို မယုံကြည်သောကြောင့် ဖြစ်သည်။ သို့သော် တက်သုတ်ရိုက် စာအုပ်ချုပ်ထုတ်ဝေထားသော အဆိုပါ အစိမ်းရောင်စာအုပ်ထဲမှာ -“ပြည်ထောင်စုတစ်ဝန်းလုံးတွင် လူဦးရေ ၅၇၅၀၄၃၆၈ ဦးနှင့် ဆန္ဒမဲပေးခွင့်ရှိသူ ၂၇၂၈၈၈၂၇ ဦးရှိရာ ၎င်းတို့အနက် ၂၆၇၇၆၆၇၅ ဦးက လာရောက်ဆန္ဒမဲပေးခဲ့ကြပြီး ဆန္ဒမဲပေးသူ ရာခိုင်နှုန်း ၉၈ ဒသမ ၁၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အဆိုပါ ဆန္ဒမဲပေးသူများအနက် ၂၄၇၆၄၁၂၄ ဦးတို့က ထောက်ခံဆန္ဒမဲခဲ့ကြသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်ပြုပေးရန် ထောက်ခံသည့် ရာခိုင်နှုန်းမှာ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းဖြစ်ကြောင်း ...” ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်က ကြေညာချက်အမှတ် ၁၂/၂၀၀၈ ဖြင့် ၂၀၀၈ ခုနှစ် မေ ၂၈ ရက်မှာ ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လျှင် ပြဿနာတစ်ခုမှာ အဆိုပါ ကိန်းဂဏန်းများ ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ပြန်လည်ကောက်ခံခဲ့ရာ လက်ရှိ မြန်မာ့လူဦးရေမှာ ၅၁ သန်းဖြစ်နေသည်ကို တွေ့ရသည်။ ဤသို့ဆိုလျှင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပစဉ်က အဘယ့်ကြောင့် ၅၇ သန်း ဖြစ်နေရသနည်း။ မေးခွန်းထုတ်စရာ ဖြစ်သည်။ ထိုဆန္ဒခံယူပွဲ ကျင်းပစဉ်က မီဒီယာများ ယခုကဲ့သို့ မလွတ်လပ်ကြသေးပါ။ တင်းကျပ်သော ဖိနှိပ်မှုအောက်မှာ ရှိနေဆဲဖြစ်သည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်သည် ဘယ်လောက်အထိ မှန်ကန်တိကျမှု ရှိခဲ့သလဲ။ လာရောက် မဲဆန္ဒမပြုကြသူ အားလုံးကို ထောက်ခံမဲအဖြစ် ပြုလုပ်ခဲ့သည်ဆိုသော သတင်းစကားတွေလည်း ကြားခဲ့ရသည်။မည်သို့ပင်ဖြစ်စေ ပြည်သူတွေကတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ယုံကြည်မှု မရှိကြသည်ကတော့ အမှန်။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် ကမ္ဘာပေါ်တွင် မရှိသည့် “စစ်တပ်” ကို “နိုင်ငံရေး” နှင့် ရောထွေးထားသည့် တစ်ခုတည်းသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ မဖြစ်ရေးထက် “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး” မှာ အနာဂတ်မြန်မာ့နိုင်ငံရေး၏ အသက်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Most Read

Most Recent