အမှိုက်

အမှိုက်
Published 19 April 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
မလိုအပ်၍ စွန့်ပစ်သင့်သော (သို့မဟုတ်) စွန့်ပစ်ရန် စုပုံထားရသော အရာကို “အမှိုက်” ဟုခေါ်သည်။ ဘုရားခန်းနှင့် ဧည့်ခန်းဆောင်တို့၌ တွယ်ငြိရစ်ထွေးနေသော ပိုးမျှင်များ၊ ဖွင့်ထားသော တံခါးချပ်များမှ တိုးဝှေ့ဝင်ရောက်လာသော ဖုန်မှုန့်များ၊ မီးဖိုချောင်၌ ရှုပ်ပွညစ်ပေနေသော စားကြွင်းစားကျန်များ၊ အိမ်ဥပစာ၊ ကျောင်းဥပစာတို့၌ ကြွေသက်လွင့်ဝဲလာသော သစ်ရွက်ကြွေနှင့် အိတ်ခွံ၊ ဘူးခွံများ စသည်ဖြင့် အမှိုက်တွေက အရေအတွက်များလှသည်။
အိမ်တစ်အိမ်ရောက်လျှင် ဘုရားခန်းနှင့် မီးဖိုချောင်ကိုကြည့်ပြီး အိမ်ရှင်မ၏ အရည်အချင်းကို အကဲခတ်နိုင်သည့်နည်းတူ ဘုန်းကြီးကျောင်းတစ်ကျောင်း ရောက်လျှင်လည်း သံဃာအများ အသုံးပြုသည့် ကုဋီကိုကြည့်ပြီး ထိုကျောင်းတိုက်၏ စည်းကမ်းကောင်း၊ မကောင်းကို အကြမ်းဖျင်းအားဖြင့် အကဲခတ်၍ ရစကောင်း၏ဟု ဆရာတို့ဆိုဖူးသည်။
သင်နေထိုင်ရာ အဆောက်အအုံသည် တဲဖြစ်ချင်ဖြစ်မည်၊ တိုက်ဖြစ်ချင်ဖြစ်မည်။ တဲနှင့် တိုက်သည် သင့်ဥစ္စာဓနကို တိုင်းတာရာ၌ အခြေခံအချက်အလက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သင့်အဇ္ဈတ္တနှင့် သင့်အမူအကျင့် ကိုတိုင်းတာရာ၌ အခါခပ်သိမ်း မှန်ကန်သော အရာများမဖြစ်နိုင်။ အသုံးအဆောင်ပစ္စည်း ပစ္စယများ ဟိုတစ်စဒီတစ်စ ရှုပ်ထွေးပြန့်ကျဲနေသော တိုက်ခံအိမ်တစ်လုံးထက် ရှိသမျှ ပစ္စည်းကလေးများကို နေရာတကျ သပ်သပ်ရပ်ရပ်ထားရှိသော တဲအိမ်တစ်လုံး၏ အခင်းအကျင်းက မြင်သူတကာ၏ ရင်နှလုံးကို အေးချမ်းစေပါလိမ့်မည်။
(၂)
အိမ်တစ်အိမ်၊ ကျောင်းတစ်ကျောင်း၏ အမူအကျင့်နှင့် စိတ်နေစိတ်ထားကို ထိုအိမ်၊ ထိုကျောင်း၏ သန့်ရှင်းသပ်ရပ်မှုကိုကြည့်ပြီး အကဲခတ်၍ ရနိုင်သည့်နည်းတူ မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံ၏ လူနေမှုအဆင့်ကိုလည်း ထိုမြို့၊ ထိုနိုင်ငံ၏ သန့်ရှင်းသပ်ရပ်မှုကိုကြည့်ပြီး ကောက်ချက်ဆွဲ၍ ရစကောင်း၏ ဟုထင်သည်။
မြို့ကြီးပြကြီးတို့၌ အမှိုက်သိမ်းစနစ်ရှိသည်။ လူစည်ကားရာဌာနတို့၌ အမှိုက်ပုံး များထားပေးရခြင်း အလေ့ရှိသည်။ နိုင်ငံအသီးသီး၏ မြို့ပြများသန့်ရှင်းမှု ကိစ္စအတွက် စည်ပင်သာယာ ဝန်ထမ်းများကိုလည်း ခန့်အပ်ထားကြရစမြဲ။ သို့သော် လူအကြည့်ခံနိုင်သည့် တော်ဝင်တန်းဝင် မြို့ပြနိုင်ငံတစ်ခု ဖြစ်လာရေးသည် စည်ပင်သာယာ၏ ကိစ္စသက်သက်မဟုတ်။ နိုင်ငံသားအားလုံး၏ အမူအကျင့်၊ စိတ်နေစိတ်ထားနှင့်လည်း အများကြီး ဆိုင်ပါသည်။
“အကြွေများကို စုဆောင်းထားပါ။ ရာတန်တွေ သင့်ဆီရောက်လာပါလိမ့်မည်” ဟု အဆိုရှိသည်။ နိုင်ငံတော်က တစ်ဦးချင်း၊ တစ်ယောက်ချင်း၏ အရည်အသွေးကောင်းများစွာကို လိုအပ်နေသည်။ တစ်ဦးချင်း တစ်ယောက်ချင်းက သန့်ရှင်းမှုကို အလေးထားကြဖို့ လိုပါသည်။ သို့မှသာ တစ်ဦးချင်းများစွာဖြင့် တည်ဆောက်ထားသော မြို့ကြီးပြကြီးများ သန့်ရှင်းလှပနိုင်မည်။ သို့မှသာ မြို့ကြီးများစွာဖြင့် တည်ဆောက်ထားသော နိုင်ငံတော်က သန့်ရှင်းသပ်ရပ်လာမည်။ မျက်နှာပန်းလှလာမည်။ နိုင်ငံကြီးသားများစွာတို့၏ အထင်သေး၊ အမြင်သေးခြင်းဘေးမှလည်း ကင်းဝေးပါလိမ့်မည်။
ကိုယ်တွေ့ဖြစ်စဉ် တစ်ခုကို ပြောပြချင်ပါသည်။ လွန်ခဲ့သောနှစ်က ပြည်ပနေမိတ်ဆွေတစ်ယောက် မြန်မာပြည်ကို အလည်အပတ် ပြန်ရောက်လာသည်။ ထိုကာလ၌ပင် မိမိတို့ရပ်ရွာ၌ အမေနေ့ ဟောပြောပွဲ ကျင်းပသည်။ “မြန်မာပြည်ပြန်ရောက်သခိုက် ပြည်ပအတွေ့အကြုံလေးတွေ ဟောပေးပြောပေးပါဦး” ဆိုပြီး မိမိ၏ ညီတော်မောင် ဦးဇင်းတစ်ပါးက ပြည်တော်ပြန်မိတ်ဆွေကို လှမ်းဖိတ်သည်။
သူမုံရွာရောက်နေသည်။ မုံရွာမှတစ်ဆင့် စစ်ကိုင်းကိုလာရမည်။ ဟောပြောပွဲလုပ်မည့် မိမိတို့ရွာကို သူမရောက်ဖူးဘူး။ သို့သော် ကိစ္စမရှိ။ “ကောင်းမှုတော်ဘုရား အရှေ့တောင်ထောင့် ခရိုင်ချင်းဆက်လမ်းထိပ်က စောင့်နေရွာက ဆိုင်ကယ်လွှတ်လိုက်မည်” ဟု ဖုန် ချင်းအဆက်အသွယ် လုပ်ထားကြသည်မို့ အဆင်ပြေပါသည်။ သူရောက်လာပြီ။ မုံရွာကားပေါ်မှ ဆင်းလိုက်သည်။ ခရိုင်ချင်းဆက်လမ်း ကိုလည်းတွေ့ပြီ။ ဒီနေရာက စောင့်နေလိုက်ရုံပါပဲ။ အိုကေ။ ဆိုင်ကယ်စောင့်ရင်း ပါလာသော ကိုကာကိုလာသံဘူးကို ဖောက်သောက်လိုက်သည်။ ဒီအထိလည်းအိုကေ။ သံဘူးကို စွန့်ပစ်လိုက်မည်ဆိုတော့ ပစ်စရာအမှိုက်ပုံး ကိုရှာမတွေ့။ အိုကေက ဒီနေရာမှာမျက်ခြည် ပြတ်သွားခြင်းဖြစ်သည်။
ထိုစဉ် ဆိုင်ကယ်ဖြင့် လာကြိုသော ကောင်လေးတွေ ရောက်လာသည်။ လက်ထဲ သံဘူးတစ်ဘူးကိုင်ပြီး ရပ်နေသော လူတစ်ယောက်ကိုတွေ့သည်။ ပုံပန်းဖမ်းပြီး အမေးအမြန်း လုပ်ကြည့်တော့ သူတို့ကြိုဆိုရမည့်သူဆိုတာ သေချာခဲ့ပြီ။ “ကဲ အာစရိ အဆင်သင့် ဖြစ်ရင်သွားကြမယ်လေ” ဆိုတော့ “နေဦးကွ။ ဒါကြီးကို ဘယ်ပစ်ရမှန်းမသိလို့” ဟုဆိုသည်။ ဘာလဲလို့ကြည့်လိုက်တော့ အစောကြီးကတည်းက သူတို့မြင်ထားပြီးဖြစ်သော သံဘူးခွံကြီး ဖြစ်နေသည်။
ရွာကကောင်လေးတွေ တအံ့တသြဖြစ်သွားသည်။ “အာစရိကလည်းဗျာ။ အဲဒီဘူးခွံကိုများ ဘယ်နေရာပစ်ပစ် ရတာပဲဟာကို” ဆိုတော့မှ ပြည်တော်ပြန်မိတ်ဆွေလည်း မူရင်းမြန်မာဓလေ့ကို ပြန်လည်ဆင်ခြင်မိသွားကာ လမ်းဘေးချုံပုတ်ထဲ လှမ်းပစ်လိုက်ရသည်တဲ့။ အချိန်တန်တော့ ထိုပုဂ္ဂိုလ်လည်း အမေရိကသို့ ပြန်သွားသည်။ သူပြန်သွားတော့ မိမိစိတ်ထဲ တွေးစရာတွေအများကြီး ကျန်ရစ်ခဲ့သည်။ သြော် အမေရိကနဲ့ မြန်မာဆိုတာ အတော်ကြီးကို ဝေးတာပါပဲလား။
(၃)
ပြီးခဲ့သည့်လပိုင်းက အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံကို ရောက်ဖြစ်သွားသည်။ တစ်နိုင်ငံကတော့ မြန်မာနှင့် မတိမ်းမယိမ်းပါပဲ။ တစ်နိုင်ငံကတော့ မြန်မာနှင့် အတော်လေး အလှမ်းကွာဟနေတာကို သတိပြုမိခဲ့သည်။ စကားလုပ်ပြီး မပြောချင်ပါသော်လည်း လမ်းတံတားတွေကောင်းတာ၊ စားသောက်ဆိုင်တွေ သန့်ရှင်းသပ်ရပ်တာ၊ မော်တော်ယာဉ် ဟူသရွေ့ကလည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ ဖြတ်သန်းသွားလာ ကြတာတွေကိုတော့ မဖြစ်မနေ ပြောရပေဦးမည်။
လူတွေအများကြီး၊ ကားတွေအများကြီး၊ အမှိုက်တွေအများကြီး ဖြစ်သော်လည်း လူက လူ၊ ကားကကား၊ အမှိုက်က အမှိုက်ဖြစ်သည်။ သူ့နေရာနှင့်သူ တစ်ကန့်စီရှိနေကြသည်။ ဆံပင်သည် ဦးခေါင်းထက်၌ရှိနေလျှင် အမှိုက်မဟုတ်၊ သူ့နေရာသူရှိနေခြင်းဖြစ်သည်။ ဆံပင်က ထမင်းပန်းကန်ပြားထဲရောက်လာပြီ ဆိုလျှင်တော့ ထိုဆံပင်က အမှိုက်ဖြစ်တော့သည်။ အဓိပ္ပာယ်က ထိုအတိုင်းပင်ဖြစ်ပါ၏။ သူတို့ဆီမှာတော့ အမှိုက်က အမှိုက်နေရာမှာ ရှိနေသည်။ ထိုယဉ်ကျေးမှုက ထိုနိုင်ငံ၌ အမြစ်တွယ်ပြီး ဖြစ်နေပုံလည်းရသည်။ ဒါဖြင့် မိမိတို့ဆီမှာကောတဲ့။
၂၀၁၅ နှစ်ဦး ဖေဖော်ဝါရီလက ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော်ကျင်းပရာ နတ်မောက်မြို့သို့ ရောက်ဖြစ်သည်။ လူတွေကအများကြီး၊ ကားတွေကအများကြီး၊ အမှိုက်တွေကလည်း အများကြီးဖြစ်သည်။ သို့သော် သီးခြားစီရှိနေကြခြင်းမဟုတ်။ ရောထွေးပြီး ရှိနေကြခြင်းဖြစ်သည်။ ထိုပွဲတော်၌ ထိုကိစ္စကို ကြိုမြင်ထားဟန်တူသော အဖွဲ့အစည်းတစ်ခုက လူငယ်များကို တွေ့ရသည်။ စေတနာ့ဝန်ထမ်း အမှိုက်ကောက်အဖွဲ့။ အမှိုက်ထည့်စရာ အိတ်တစ်လုံးစီကို ပခုံး၌ ချိတ်ထားသည်။ အဖျား၌ ညှပ်ကလေး တပ်ဆင်ထားသော အမှိုက်ကောက် တုတ်ချောင်းတစ်ခုစီကို ကိုင်ထားသည်။ ထို့နောက် လူတကာတို့ အလွယ်တကူ စွန့်ပစ်ခဲ့သမျှ အမှိုက်များကိုကောက်ပြီး အိတ်ထဲထည့်ကြသည်။
ထိုမြင်ကွင်းကို မြင်ရသည့်ခဏ၌ ခံစားချက်နှစ်မျိုး တစ်ပြိုင်နက် ဝင်ရောက်လာသည်။ စေတနာ့ဝန်ထမ်း လူငယ်လေးများ၏ လုပ်ရပ်နှင့် စိတ်နေစိတ်ထားကို ကျေနပ်အားရ ဖြစ်မိခြင်းကတစ်မျိုး၊ အမှိုက်ကို တွေ့ကရာနေရာ စွန့်ပစ်ခြင်းဓလေ့ကို မစွန့်ပစ်နိုင်သေးသည့် မိမိတို့လူမျိုး၏ စိတ်နေစိတ်ထားကို အားမလိုအားမရ ဖြစ်မိခြင်းကတစ်မျိုး။
မိမိတို့လူမျိုးအများစုက ထိုကိစ္စ၌ ကျင့်သားရကြသေးဟန်မတူ။ အမှိုက်ကို အမှိုက် နေရာရောက်အောင် စွန့်ပစ်ခြင်းကို “မင်္ဂလာ” ဟု ထင်မှတ်နိုင်ကြသေးဟန်မတူ။ ပွဲဈေးတန်း လမ်းလျှောက်ရင်း နေကြာစေ့လှော်တွေ စားသွားသည်။ “ဖရူး” ဆိုပြီးအခွံကို ထွေးထုတ်လိုက်သည်။ နေကြာစေ့တွေ ကုန်သွားတော့လည်း အိတ်ခွံက ငါနှင့်မဆိုင်ဆိုပြီး အလွယ်တကူပဲ ပစ်ချလိုက်တတ်ကြသည်။ ကောက် ပေရော့ စေတနာ့ဝန်ထမ်း၊ ကျုံးပေရော့ စည်ပင်သာယာ။ အဲဒါ ကောင်းလား။ အမှိုက်ကို အမှိုက်နေရာရောက်အောင် စွန့်ပစ်ခြင်းသည် မင်္ဂလာဖြစ်၏ ဆိုသည်ကို သဘောမပေါက်ကြလို့လား။ သို့မဟုတ် အမှိုက်ကောက်ခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းကို နိမ့်ကျသောအလုပ် တစ်ခုဟု မှတ်ထင်နေကြလို့များလား။
ဘုရားမြတ်စွာ သာသနာတော်၌ ဘုရားပြီးလျှင် ဒုတိယနေရာ၌တည်သော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အလေ့အထတစ်ခုကို ပြောပြလိုပါသည်။ အရှင်သာရိပုတ္တရာသည် သံဃာများဆွမ်းခံကြွချိန်၌ အများနှင့်အတူ လိုက်ပါမသွားသေးဘဲ နောက်ချန် နေရစ်မြဲဖြစ်သည်။ ကျောင်းတိုက်အတွင်း ထိုထိုဤဤ လှည့်လည်ကြည့်ရှု၍ အမှိုက်သရိုက်များ ရှုပ်ပွေနေသည်ကိုမြင်လျှင် ကိုယ်တိုင်လှည်းကျင်းပြီး ကိုယ်တိုင်စွန့်ပစ်သည်။ အသုံးအဆောင်ပစ္စည်းများ နေရာတကျ ရှိမနေခဲ့လျှင်လည်း နေရာတကျဖြစ်အောင် ထားပေးလိုက်သေးသည်။ ပြီးမှဆွမ်းခံထွက်သည်။ မည်မျှကြည်ညိုဖွယ် ကောင်းလိုက်ပါသနည်း၊ မည်မျှ အားကျအတုယူဖွယ် ကောင်းလိုက်ပါသနည်း။
(၄)
လောက၌ သူ့အတွက်လည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမရှိ၊ မည်သူ့အတွက်မှ အကျိုးမရှိ။ လူပိုကြီးသက်သက်ပမာ ဖြစ်နေသူမျိုးကို “ဆန်ကုန်မြေလေး” ဟု ဆိုတတ်ကြသည်။ ထိုစကားသည် ပိဿာလေးဖြင့် နံဘေးကို အပစ်ခံလိုက်ရသည့်အလား အခံရခက်လှစွာ၏။ ထိုပုဂ္ဂိုလ်မျိုးအတွက် တင်စားပြောဆိုကြသော နောက်ထပ်စကား တစ်ခွန်းကတော့ “အမှိုက်” တဲ့။
“အကြင်သူသည် သူ့တစ်သက်တာ၌ အမှိုက်ကလေးတစ်မျှင်ကိုမျှ မကောက်ချင်လောက်အောင် ပတ်ဝန်းကျင်အပေါ် စေတနာ ဓာတ်ခေါင်းပါးခဲ့ငြားအံ့။ စင်စစ်အားဖြင့် ထိုသူလည်း အမှိုက်သာတည်း” ဟုသာ ဆိုရအံ့ထင်သည်။
အမှိုက်လှည်းကျင်း စွန့်ပစ်ခြင်းကြောင့် အကျိုးတရားငါးပါးရနိုင်ကြောင်း ကျမ်းဂန်တို့၌ ပြဆိုထားသည်။ အဆိုပါ အကျိုးတရား တို့သည်ကား -
၁။ မိမိကိုယ်တိုင် စိတ်ကြည်လင်ရခြင်း။
၂။ သူတစ်ပါးလည်း စိတ်ကြည်လင်ခြင်း။
၃။ နတ်အများက နှစ်သက်ကြခြင်း။
၄။ ကြည်ညိုခြင်းကိုဖြစ်စေတတ်သော ကုသိုလ်ကံကို ဆည်းပူးပြီးဖြစ်ခြင်း။
၅။ သေသည်၏အခြားမဲ့၌ နတ်ပြည်သို့ ရောက်ရခြင်းတို့ဖြစ်သည်။
(၅)
မကြာသေးမီကမှ ပြီးဆုံးသွားသော သင်္ကြန်ရက်များက လမ်းမပေါ်ကျကွဲသွားသော ဘီယာပုလင်းခွံကွဲ အစအနများကို ကောက်ယူသိမ်းဆည်းနေသော လူငယ်လေးတစ်ယောက်၏ ဓာတ်ပုံတစ်ပုံကို အွန်လိုင်းစာမျက်နှာထက်၌ တွေ့လိုက်ရသည်။ ထိုဓာတ်ပုံကို တွေ့မိပြီးနောက် အမှိုက်ကိစ္စက မိမိခေါင်းထဲ အခိုင်အမာ နေရာယူလာ ခဲ့ခြင်းဖြစ်သည်။
ငါ့ရှင်။ သင်သည် လူ့အခွင့်အရေးကို အပြည့်အ၀ ခံယူထိုက်သော လူသားတစ်ဦး ဖြစ်ပါ၏။ ထို့ကြောင့် သင့်အခွင့်အရေးကို ကျွန်ုပ်တို့က တားမြစ်ဟန့်တားခြင်းငှာ မသင့်ပါ။ သင်ကြိုက်သည်ကိုစား၍ သင်ကြိုက်သည်ကို သောက်ခြင်းသည် သင့်ကိစ္စဖြစ်ပါ၏။ သင်၏ အစားအသောက်ကိစ္စကို ကန့်သတ်ပိတ်ပင်ရန် ကျွန်ုပ်တို့၌ အခွင့်အရေးမရှိပါ။ သို့သော် သင့်အမှိုက်ကိုတော့ သင်တာဝန် ယူရပါလိမ့်မည်။
သင့်လက်မှ အလွယ်တကူ လွတ်ကျခဲ့သော အမှိုက်တစ်စက သင့်ပတ်ဝန်းကျင်ကို အရုပ်ဆိုး အကျည်းတန် စေပါ၏။ အနှောင့်အယှက်ပေးနေပါ၏။ ထိုအချက်ကို သင်သတိမူမိပါစ။ “လူသည်အမှိုက်မဟုတ်” ဟုလည်း ကျွန်ုပ်တို့က ယုံကြည်ထားချင်ပါသည်။
ကျမ်းကိုး
- ဝိ၊ ၅၊ ၂၃၁။
- သံ၊ ဋ္ဌ၊ ၂။ ၂၃၆။

Most Read

Most Recent