ဆရာကြီး ဦးမြင့်သို့ အကြောင်းပြန်ခြင်း ( ၂ )

ဆရာကြီး ဦးမြင့်သို့ အကြောင်းပြန်ခြင်း ( ၂ )
Published 8 April 2015
နေထွန်းနိုင်

ဆရာကြီး ဦးမြင့်ခင်ဗျား . . .ဧပြီ ၈ ရက်ထုတ် The Daily Eleven သတင်းစာမှာ ဖော်ပြတဲ့ ဆရာကြီးထံ အကြောင်းပြန်ခြင်း(၁)ကို ဖတ်ပြီးပြီလို့ ယူဆပါတယ်။ အခု အပိုင်း (၂) ကို ဆက်ရေးပါတယ်။ 
(၁)
အကြောင်းပြန်ခြင်း(၁)မှာ ပါရှိခဲ့တဲ့ ကျွန်တော့် ပြောဆိုမှုတွေက ဆရာကြီးအပေါ် ဂါဝရောစ မဖြစ်ဘဲ အဂါရဝ ဖြစ်စေခဲ့တယ်ဆိုရင် တောင်းပန်ပါတယ်။ပြောရရင်တော့ ကျွန်တော်တို့နိုင်ငံမှာ မပြေလည်တာတွေ များပါတယ်။ လူဦးရေ သန်း ၅ဝ ကျော်မှာ ပြေလည်နေတဲ့သူက တစ်သန်းတောင် မရှိလောက်ပါဘူး။ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတယ်။ ဆင်းရဲမွဲတေမှု ပြဿနာတွေနဲ့ အနာဂတ်ဘဝ ပျောက်ဆုံးခြင်းတွေကြောင့် လူတွေဟာ ထွက်ပေါက်ပိတ်နေပါတယ်။ဒါကြောင့် ခံစားချက်တွေ၊ ပေါက်ကွဲမှုတွေဟာ လွယ်လင့်တကူ ဖြစ်နေကြတယ်။ ဆရာကြီးရဲ့ အိတ်ဖွင့်ပေးစာကို အကြောင်းပြန်တဲ့ ပထမပိုင်းမှာ ကျွန်တော် ကိုယ်တိုင်ခံစားချက်ကို အလေးပေးခဲ့တာ ရှိခဲ့မှာပါ။ စိတ်မထိန်းနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် ဆရာကြီးတို့ကို မျှော်လင့်ခဲ့လို့ပါပဲ။တကယ်လို့များ ကျွန်တော်သာ ထိုင်းနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ လူငယ်တစ်ယောက် ဖြစ်မယ်ဆိုရင် အခုလို ပြောဖြစ်မယ် မထင်ဘူး။ ကျွန်တော်တို့ လူငယ်တွေရဲ့ ခံစားချက်ကို ဆရာကြီး ထည့်တွက်စေချင်ပါတယ်။လူငယ်တွေရဲ့ ဘဝ၊ ဆင်းရဲချမ်းသာ ကွာဟမှုဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေရဲ့ အခြေအနေမှန်ကို ဆရာကြီး သိဖို့ လိုပါတယ်။ ဒီအခြေအနေမှန်တွေကို ဆရာကြီးရဲ့ ဘေးပတ်ဝန်းကျင်မှာ ရှိနေတဲ့ အီလစ်တွေက ပြောပြနိုင်မှာ မဟုတ်ပါဘူး။အထူးသဖြင့် ငွေကြေးသိန်းသန်းချီ သုံးနိုင်ပြီး ရေပေါ်ဆီ လူတန်းစားတွေက ပေါက်ဖွားလာသူတွေရဲ့ စကားကို နားမယောင်ပါနဲ့။ သူတို့က ဆရာကြီး ဘေးနားမှာ ရှိနေပါတယ်။ သူတို့ပြောဆို သုံးသပ်ချက်တွေကို မေ့ပစ်လိုက်ပါ။ဘဝကို ကိုယ့်အားကိုယ်ကိုး ရုန်းကန်ရပ်တည်နေတဲ့ လူငယ်တွေနဲ့ စကားပြောကြည့်ပါ။ လမ်းပေါ်က လူတွေကို ဂရုပြုပါ။ သူတို့ရဲ့ အသံကို နားထောင်ပေးပါ။ အီလစ်တွေနဲ့ အချိန်ကုန်မနေပါနဲ့။ မဟုတ်ဘူးဆိုရင် ဆရာကြီးဟာ လူငယ်ထုနဲ့ အရမ်းဝေးကွာ သွားပါလိမ့်မယ်။အခု ဆရာကြီးရဲ့ အိတ်ဖွင့်ပေးစားမှာ ပါရှိတဲ့ ထောက်ပြချက်တွေထဲက မှားတယ်လို့ ယူဆတာတွေ ပြောပါမယ်။ 
(၂)
ဆရာကြီးနဲ့ ကျွန်တော့်အကြား အခြေခံ အယူအဆ မတူနိုင်ဘူး။ သမ္မတ ဦးသိန်းစိန်၊ သူ့ရဲ့ အကြံပေးတွေ၊ အစိုးရအဖွဲ့ စသူတွေကို ဆရာကြီးက ကာကွယ်ပြီး သူတို့ဘက်က ရပ်တည်ပါတယ်။ ကျွန်တော်က စီးပွားရေးစနစ် ပြိုလဲသွားရင် ပထမဆုံး ခံရမယ့် ပြည်သူတွေ၊ အခုချိန်မှာပဲ ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေဘက်က ရပ်တည်ပါတယ်။အခြေခံ ရပ်တည်ချက်မှာတင် ဆရာကြီးနဲ့ ကျွန်တော်ဟာ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ အတွေးအခေါ်ပိုင်း ကွဲလွဲမှု ရှိပါမယ်။ နောက်တစ်ချက်က ဆရာကြီးက ကျွန်တော့်ထက် တတ်သိနားလည်တဲ့ စီးပွားရေးပညာရှင် ဖြစ်တာကြောင့် ပညာရပ်ပိုင်းဆိုင်ရာမှာ အရှုံးပေးပါတယ်။ ဒါပေမဲ့ လူထု တကယ်ရင်ဆိုင်နေရတဲ့ အခြေအနေပေါ် ချဉ်းကပ်မှုမှာတော့ ငြင်းခုံစရာ ရှိပါတယ်။  “မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်လား” ဆောင်းပါးမှာ “၂ဝ၁၅ ခုနှစ်မှာ မြန်မာ့စီးပွားရေးစနစ် ယိုင်လဲပြိုကျခဲ့မယ်ဆိုရင် ပထမဆုံး တာဝန်ရှိသူက သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ ဖြစ်ပါတယ်။ ဒုတိယ တာဝန်ရှိသူတွေက သမ္မတနားမှာရှိနေတဲ့ အကြံပေးတွေ ဖြစ်ပါတယ်” လို့ ကျွန်တော်ရေးခဲ့ပါတယ်။ဆရာကြီးကလည်း ဒီအချက်ကိုယူပြီး“မြန်မာနိုင်ငံ အနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ သူ့ရဲ့အကြံပေးတွေကို ဖယ်ရှားလိုက်ရင် ပိုကောင်းလိမ့်မယ်လို့ ခင်ဗျားထင်နေတာကို ကျွန်တော် ခံစားမိပါတယ်။ ကျွန်တော်ကိုယ်တိုင် အပါအဝင် တခြားသမ္မတရဲ့ စီးပွားရေး အကြံပေး လေးဦးကိုယ်စား ပြောချင်တာက ကျွန်တော်တို့ဟာ ထိရောက်မှု မရှိဘူး။ တာဝန်က ဖယ်ရှားပေးသင့်တယ်ထင်ရင် အထူးသဖြင့် နောက်အဖွဲ့သစ် ဖွဲ့စည်းဖို့အတွက် တွေးဆထားတယ်ဆိုရင် စီးပွားရေး အကြံပေးတွေအဖြစ် သင့်လျော်တယ်လို့ ခင်ဗျားထင်တဲ့၊ ခင်ဗျားမျှော်လင့်ထားတာနဲ့ ကိုက်ညီတဲ့သူ ငါးဦးရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုနိုင်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ စိတ်ဝင်စားမိပါလိမ့်မယ်” လို့ ဆရာကြီးက ပြောခဲ့တာပါ။ဆောင်းပါးမှာ ကျွန်တော်ဆိုလိုတာက တာဝန်ခံမှုရှိခြင်း (Accountability) ရှိရမှာကို ပြောတာပါ။ ပြဿနာ  ဖြစ်လာခဲ့မယ်ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရပါမယ်။ ဆရာကြီးတို့ကို နုတ်ထွက်ခိုင်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာကြီးက “ငါတို့ကို ဖယ်ရှားချင်တယ်ဆိုရင် ငါတို့နေရာ အစားထိုးဝင်နိုင်မယ့်သူ ငါးဦးကို မင်းရှာလာခဲ့” ဆိုတဲ့ ပုံစံမျိုး ပြောပါတယ်။ကျွန်တော်က ဂျာနယ်လစ်တစ်ဦးပါ။ ဂျာနယ်လစ်တစ်ဦး လုပ်ရမယ့် အလုပ်အတိုင်း လုပ်ပါတယ်။ ဘယ်လိုလုပ်ခဲ့တယ် ဆိုတာကို အကြောင်းပြန်ခြင်း(၁)မှာ ပြောခဲ့ပြီးပါပြီ။ဒါပေမဲ့ ဆရာကြီးရဲ့ ပြောကြားမှုကို ဖတ်ပြီးချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ တခြားသော စီးပွားရေးပညာရှင်တွေကိုယ်စား စိတ်မကောင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်  “ငါတို့သာ အတတ်ဆုံး၊ ငါတို့ထက်တော်တဲ့သူ မရှိတော့ဘူး” ဆိုတဲ့ သဘောတရားတွေကို ဆရာကြီးရဲ့ အိတ်ဖွင့်ပေးစာမှာ တွေ့ခဲ့လို့ပါပဲ။ ကျွန်တော် မတတ်တဲ့အတွက် ကျွန်တော့်ကို နှိမ်လို့ရပါတယ်။ ဒါပေမဲ့ ဆရာကြီးလို တတ်သိကျွမ်းကျင်သူများစွာ ရှိပါလျက် သူတို့ကိုပါ ချိုးနှိမ်တာက စိတ်မကောင်းစရာ ဖြစ်စေခဲ့တာပါ။ပြောရင်တော့ ဆရာကြီးရဲ့ ဘေးနားမှာ စီးပွားရေးပညာရှင် အမည်ခံသူတွေ ရှိနေမှာပါ။ သူတို့နဲ့တော့ စီးပွားရေး ပညာရှင်တိုင်းကို နှိုင်းယှဉ်လို့ ဘယ်ရနိုင်မလဲဗျာ။ ဒါပေမဲ့ ဆရာကြီးရဲ့ ဘေးနားမှာ ရှိနေတဲ့ စီးပွားရေး ပညာရှင်တွေထဲကတချို့ ဘာကြောင့် အာဏာရှင် လက်ကိုင်တုတ် ဖြစ်သွားသလဲဆိုတာ ဆရာကြီးသိရင် သိပ်ကောင်းမှာပါပဲ။နောက်ပြီး ဆရာကြီးရဲ့ စီးပွားရေးအကြံပေးအဖွဲ့မှာ ပါနေသူ တချို့၊ စီးပွားရေးနဲ့ လူမှုရေးကောင်စီမှာ ပါဝင်နေသူ တချို့၊ လုပ်ငန်းရှင်တချို့ ရရှိထားတဲ့ အခွင့်ထူးတွေ၊ အကျိုးအမြတ် ကိန်းဂဏန်းတွေကို ဆရာကြီး သိပါသလား။ ဆရာကြီး မသိဘူးဆိုရင် ကျွန်တော်တို့နှစ်ဦး ဆက်ပြီး ငြင်းခုံလို့ရမှာ မဟုတ်ပါဘူး။ 
(၃)ကျွန်တော်တို့ ရရှိတဲ့ အချက်အလက်တွေ၊ ပြည်သူလူထုရဲ့ အခြေအနေတွေကို ကြည့်ပြီး ပြောရင် သမ္မတဦးသိန်းစိန်ရဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဆိုတာ ဖဆပလခေတ် ပြည်တော်သာစီမံကိန်း၊ ဆိုရှယ်လစ်ခေတ် စီးပွားရေးလို ရေစုန်မျောသွားပြီလို့ပဲ ထင်ပါတယ်။ မအောင်မြင်တာတော့ ကျိန်းသေပါတယ်။၂ဝ၁၁ ခုနှစ် မေလက သမ္မတဦးသိန်းစိန် ကမကထလုပ်တဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆွေးနွေးပွဲမှာ ဆရာကြီးလည်း စာတမ်းတစ်စောင် တင်သွင်းခဲ့တယ်။  ဒါပေမဲ့ ဆရာကြီးရဲ့ စာတမ်းပါ အကြံပြုချက်တွေအတိုင်း သမ္မတ ဦးသိန်းစိန် အစိုးရက လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား။ ဆရာကြီး အသိဆုံးဖြစ်မှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး ပြန်အားကောင်းစေဖို့၊ ဆင်းရဲမွဲတေမှု ပပျောက်ဖို့ ဆရာကြီးတို့ ကြိုးစားခဲ့တယ်။ စာတမ်းတွေ တင်သွင်းခဲ့တယ်။ဆရာကြီးတို့ မျှော်မှန်းခဲ့သလောက် မဆိုထားနဲ့၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အောင်မြင်မှု မရခဲ့တာကိုတော့ ဆရာကြီး ဝန်ခံရပါလိမ့်မယ်။နောက်တစ်ပိုင်းက ကျွန်တော့်ဆောင်းပါးမှာ အစိုးရအဖွဲ့အတွင်း ငွေကြေးအလေအလွင့် ဖြစ်နေမှုနဲ့ အကျင့်ပျက်ခြစားမှု (Corruption) တိုက်ဖျက်နိုင်စွမ်း မရှိတာ၊ ဆိုးဆိုးရွားရွား ဖြစ်နေဆဲ အချက်တွေကို ဖော်ပြခဲ့ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ ထောက်ပြတာကို ဆရာကြီးရဲ့ အိတ်ဖွင့်ပေးစာမှာ မတွေ့ရပါဘူး။ဘာဖြစ်လို့လဲဆိုရင် အဂတိလိုက်စားမှု ပပျောက်ရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စာတမ်းတွေကို ဆရာကြီး ရေးခဲ့လို့ပါပဲ။၂ဝ၁၁ ခုနှစ် ဩဂုတ်မှာ လုပ်ခဲ့တဲ့ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲမှာ “အဂတိလိုက်စားမှု၊ အကြောင်းအကျိုးနှင့် ကုထုံးများ စာတမ်း” ကို ဆရာကြီး တင်သွင်းခဲ့တယ်။ ဆရာကြီးရဲ့ စာတမ်းပါကုထုံးတွေ အခုချိန်မှာ အောင်မြင်မှု ရခဲ့ပါသလား။နောက်ပြီး ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားမှာ “လက်ရှိ စီးပွားရေး ကိစ္စများနှင့် ရှေ့ခရီးအတွက် တွေးတောဆင်ခြင်မှုများ” စာတမ်းကို ဆရာကြီး တင်သွင်းခဲ့သေးတယ်။ အဲဒီ စာတမ်းပါ အချက်တွေကရော အခုချိန်မှာ ဘယ်အထိ ဖြစ်လာခဲ့ပြီလဲ။နှစ် ၆ဝ ကျော် အာဏာရှင်စနစ်အောက်မှာ ရိုက်ချိုးခံရတဲ့ အရာရာအားလုံး ပြန်ကောင်းဖို့ မဆိုလိုပါဘူး။ အချိန်လေးနှစ်ကျော် ငါးနှစ်ဆိုတာ အတိုင်းအတာ တစ်ခုအထိ လုံလောက်တဲ့ အခြေအနေပါ။ ဒီအချိန်အတွင်း ဘယ်လောက်လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူး ဆိုတာကို ဆရာကြီးတို့ ဆန်းစစ်ပြီး အတိအကျ ထုတ်ပြောရမယ်။ ဆရာကြီးတို့ရဲ့ ဆန်းစစ်မှုတွေက အစိုးရရဲ့ ဩဇာလွှမ်းမိုးမှုက ကင်းလွတ်ခွင့် ရှိရပါမယ်။ ဂျာနယ်လစ်တစ်ဦး အနေနဲ့ ရရှိတဲ့ အချက်အလက်၊ ကိန်းဂဏန်းတွေအရ အောင်မြင်မှု ရသင့်သလောက် မရပါဘူး။ 
(၄)ဆရာကြီး ထောက်ပြတဲ့ မှတ်ချက် (u1) က “အတိုက်အခံ အနေနဲ့ အစိုးရကို သတိပေးဖို့ တာဝန်ရှိပါတယ်” ဆိုတဲ့ ကျွန်တော့် ဆောင်းပါးပါ စကားရပ်ကို ထောက်ပြတယ်။“ကျွန်တော် ယုံကြည်တာကတော့ အတိုက်အခံရဲ့ အဓိက ရည်ရွယ်ချက်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကနေတစ်ဆင့် လက်ရှိအာဏာရ အစိုးရကို အနိုင်ယူဖို့ ဆိုတာပါပဲ။ “အတိုက်အခံ အနေနဲ့ အစိုးရကို သတိပေးဖို့ လိုတယ်ဆိုတာ ဘာကို ဆိုလိုလဲဆိုတာ နားလည်ရ ခက်နေပါတယ်။ အတိုက်အခံ အနေနဲ့ အကြမ်းဖက်မှုတွေ၊ ပြည်သူ့အုံကြွမှုတွေနဲ့ လူမှုရေး မငြိမ်သက်မှုတွေ ဖန်တီးပြီး အစိုးရကို ဖြုတ်ချဖို့ဆိုလိုတာ မဟုတ်ဘူးလို့ဘဲ မျှော်လင့်ပါတယ်။ ဒီလို လုပ်ရပ်တွေဟာ မြန်မာပြည်သူတွေအတွက် ဝမ်းနည်းဖွယ် အကျိုးဆက်တွေပဲ ဖြစ်ပေါ်လာစေမှာပါ” လို့ ဆရာကြီးက ပြောပါတယ်။ကျွန်တော့် ဆိုလိုရင်းက အတိုက်အခံဆိုတာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ပြောတာပါ။ သူတို့ဟာ နိုင်ငံရေးတင် သာမက၊ စီးပွားရေး၊ လူမှုရေး ကိစ္စတွေမှာလည်း ပါဝင်ပတ်သက်ရပါလိမ့်မယ်။ လွှတ်တော်လမ်းကြောင်းကို ရွေးထားပြီးဖြစ်လို့ လွှတ်တော်တွင်းကနေ အစိုးရရဲ့ စီမံခန့်ခွဲမှု အမှားတွေကို သတိပေးဖို့ တာဝန်ရှိတယ်လို့ ဆိုလိုတာပါ။ လူတွေကို လမ်းပေါ်ထွက်အောင် လုပ်ခိုင်းတာ မဟုတ်ပါဘူး။ဒါပေမဲ့ ဆရာကြီးရေ . . .။ သန်းဆယ်ချီမကတဲ့ ပြည်သူတွေဟာ အခုချိန်မှာ ဆင်းရဲမွဲတေမှုအောက်မှာ ရှိနေပါတယ်။ စီးပွားရေး မပြေလည်မှုက အခြေခံပါပဲ။ ဒါကို လူတိုင်း သိပါတယ်။ မျှော်လင့်ချက် ဘဝတွေနဲ့ ရှင်သန်နေရတာဖြစ်လို့ သူတို့ အခြေအနေက ထိလွယ်ရှလွယ် ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ၁၉၈၈ ခုနှစ် အရေးအခင်းလို သူတို့လမ်းပေါ် ထွက်ချင်ကြပါတယ်။ ဒါပေမဲ့ သူတို့ မထွက်နိုင်ပါဘူး။ ထွက်ချင်ပြီး မထွက်ရဲကြပါဘူး။ သူတို့ရဲ့ အဆင်မပြေမှုကဘဲ သူတို့ရဲ့ လမ်းပေါ်ထွက်ချင်စိတ်ကို ချိုးနှိမ်ထားပါတယ်။ အဆင်ပြေလို့ လမ်းပေါ်မထွက်တာ မဟုတ်ပါဘူး။ အဆင်မပြေလျက်နဲ့ အခြေအနေ ပိုဆိုးသွားမှာ စိုးရိမ်လို့ လမ်းပေါ် မထွက်ကြတာပါ။“အတိုက်အခံရဲ့ အဓိက ရည်ရွယ်ချက်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကနေတစ်ဆင့် လက်ရှိအာဏာရ အစိုးရကို အနိုင်ယူဖို့ ဆိုတာပါပဲ” ဆိုတဲ့ ဆရာကြီး ပြောစကားက သီအိုရီအားဖြင့် မှန်ပါလိမ့်မယ်။ အခုချိန်က ၁၉၉ဝ ပြည့်နှစ်၊ ၂ဝ၁ဝ ပြည့်နှစ် အခြေအနေတွေ မဟုတ်တော့ပေမယ့် ဘာကိုမှ ယုံကြည်စိတ်ချရဖွယ် မရှိသေးဘူး မဟုတ်လား။ဒါတွေကတော့ ဆရာကြီး ထောက်ပြတဲ့ (u1)၊ (u2)၊ (u3)၊ (u4) စတဲ့ အချက်လေးချက်နဲ့ ပတ်သက်လို့ ပြန်ရှင်းပြတာပါ။ 
(၅)နိုင်ငံ့ဝန်ထမ်း လစာတိုးတယ်၊ ဝန်ထမ်းငယ်တွေအတွက် သက်ရောက်မှု မရှိဘူး၊ အောက်ခြေဝန်ထမ်းတွေ ပိုမိုကျပ်တည်းလာတယ်၊ နိုင်ငံ့ဝန်ထမ်း လစာတိုးတော့ ကုန်ဈေးနှုန်းက ပုဂ္ဂလိက ဝန်ထမ်းတွေကို ရိုက်ခတ်လာတယ်လို့ ကျွန်တော် ပြောခဲ့တာကို ဆရာကြီးက ထောက်ပြချက် (u5) နဲ့ ပြန်ပြောခဲ့ပါတယ်။ဆရာကြီးရဲ့ ဆိုလိုရင်းက ဧပြီလကုန်မှ ဝန်ထမ်းတွေဟာ တိုးမြှင့်လစာကို ခံစားရမှာ၊ ဒါကို သုံးသပ်ဖို့ စောလွန်းတယ်၊ ဘာလို့ မစောင့်တာလဲလို့ ပြောတာပါ။ဒီအချက်ကိုတော့ အခြေခံလူတန်းစား အားလုံး နားလည်ပြီး ဖြစ်မှာပါ။ လစာတက်မယ်ဆိုတဲ့ သတင်း ထွက်ကတည်းက ကုန်ဈေးနှုန်းက တက်နေခဲ့တာ။ ဘယ်လောက် တက်သလဲ ဆိုတာကို အစိုးရ တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းမှာတင် တွေ့ရပါတယ်။ ဒါကို လူတိုင်း ရင်ဆိုင်နေရတာမို့ ထူးထူးထွေထွေ ပြန်မရှင်းပြတော့ပါဘူး။ကျပ်ငွေတန်ဖိုး ကျဆင်းလို့ သွင်းကုန်ဈေးမြင့်တယ်၊ ပုဂ္ဂလိက ကုန်သွယ်ရေးမှာ ထိခိုက်မှုတွေ ရှိလာတယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ဆရာကြီး ပြန်ပြောတာက ကျပ်ငွေတန်ဖိုး ကျဆင်းရင် သွင်းကုန်ဈေးနှုန်းမြင့်ပြီး ပို့ကုန်ဈေးနှုန်း သက်သာမယ်။ သွင်းကုန်ဈေး မြင့်တဲ့အတွက် တင်သွင်းမှုလျော့ပြီး ပို့ကုန်တင်ပို့တာ များလာမယ်။ သွင်းကုန်လျော့ပြီး ပို့ကုန်များလာရင် နိုင်ငံခြားကုန်သွယ်မှု မထိခိုက်ဘူးလို့ ဆိုပါတယ်။ဆရာကြီးပြောတာကို ကျွန်တော် လက်ခံပါတယ်။ သွင်းကုန်နည်းပြီး ပို့ကုန်များရင် ကုန်သွယ်မှု မထိခိုက်ဘူး။ဒါပေမဲ့ ဆရာကြီးရေ . . . ကျွန်တော်တို့ နိုင်ငံက ပို့ကုန်အားထားတဲ့ ဂျပန်လို၊ တောင်ကိုရီးယားလို နိုင်ငံမျိုးမှ မဟုတ်တာ။ ပို့ကုန်တွေကလည်း Value Added တွေ မဟုတ်ဘူး။ သယံဇာတတွေလေ။ ဒီနှစ်မှာ ဓာတ်ငွေ့ဈေးက ကျဦးမယ်။ သီးနှံဆိုတာ အကန့်အသတ် ရှိပါတယ်။ နောက်ပြီး ကျပ်ငွေတန်ဖိုး ကျတာက ပြီးခဲ့တဲ့ လေးနှစ်လုံးဆက်တိုက် ဖြစ်နေတာ။ အဲဒီ လေးနှစ်လုံးမှာ ပို့ကုန်ထက် သွင်းကုန်ကချည်း ပိုများနေတာ ကျွန်တော်တို့ သတိထားရမယ် မဟုတ်လား။ဒီအတွက် မြန်မာငွေတန်ဖိုး ကျဆင်းနေချိန်မှာ သွင်းကုန်တွေ လျှော့ချရမယ်။ ဇိမ်ခံပစ္စည်းတွေကို မလိုအပ်ဘဲ တင်သွင်းမှု မပြုပဲ လျှော့ချရမယ်။ တင်သွင်းခဲ့မယ် ဆိုခဲ့ရင်လည်း အခွန်တိုးကောက်ပြီး ကန့်သတ်ရမယ်လို့ ပြောတာပါ။ ဒီလိုလုပ်ရင် ဇိမ်ခံပစ္စည်း တင်သွင်းမှုလည်း အလိုလိုလျော့မယ်။ တင်သွင်းခဲ့ရင်လည်း အခွန်ရပိုရမယ်။ ဒါဟာ သာမန်အမြင်နဲ့ ကြည့်ရင်တောင် သိနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။  နောက်ပြီး မြန်မာငွေတန်ဖိုးကျရင် မရှိမဖြစ် တင်သွင်းရတဲ့ စက်သုံးဆီ၊ စားအုန်းဆီတွေ ဈေးတက်ရင် အခြေခံပြည်သူတွေ ခံရမှာကိုရော ဆရာကြီး ဘာလို့ ထည့်မပြောတာလဲ။ဒါက ဆရာကြီးရဲ့ ထောက်ပြချက်(u6)၊ (u12)၊ (u13) တို့ကို ပြန်ရှင်းတာပါ။ 
(၆)ဆရာကြီးရဲ့ ထောက်ပြချက် (u11) မှာ အလုပ်သမားတွေရဲ့ လစာတိုးတောင်းမှုနဲ့ ပတ်သက်ပြီး ထောက်ပြခဲ့ပါတယ်။ကျွန်တော်က အလုပ်သမားတွေက တစ်ရက်လုပ်ခ ကျပ်တစ်ထောင်နှုန်းနဲ့ တစ်လ ကျပ်သုံးသောင်း တိုးတောင်းတဲ့ ဆန္ဒပြမှုကို ဆောင်းပါးမှာ ရေးခဲ့ပါတယ်။ ဒါကို သံသယဝင်တယ်လို့ ဆရာကြီးက ပြောပါတယ်။ အမှန်တော့ ဆရာကြီးဘက်က နားလည်မှု လွဲတာပါ။ သူတို့ရတဲ့ လစာက ကျပ် ၄ဝဝဝဝ ကနေ ပျမ်းမျှအများဆုံး ကျပ် ၈ဝဝဝဝ အထိပဲ ရှိခဲ့တယ်။ ဒီအတွက် တစ်နေ့ကို အခြေခံလစာအပေါ် တစ်ရက် ကျပ်တစ်ထောင်နှုန်းနဲ့ တစ်လသုံးသောင်း တိုးပေးဖို့ အလုပ်သမားတွေ ဆန္ဒပြခဲ့တယ်။ မကြာသေးမီက ရွှေပြည်သာစက်မှုဇုန်မှာ ဖြစ်ခဲ့ပါတယ်။ အလုပ်သမား သပိတ်အသွင်ဆောင်ပြီး အလုပ်သမားထောင်ချီ ဆန္ဒပြခဲ့တာဖြစ်လို့ လူတော်တော်များများ သိထားပြီးတဲ့ ကိစ္စပါ။အဲဒီမှာပဲ ဆရာကြီးက ထိုင်းနယ်စပ် မွန်ပြည်နယ်တွင်းက ပေါင်လို့ခေါ်တဲ့ ရွာမှာ တစ်ရက်လုပ်ခ ကျပ် ၅ဝဝဝ ပေးတာတောင် အလုပ်သမား ရှာရခက်တယ်။ သူ့ရွာနဲ့ အနီးအနား ရွာတွေက မိသားစုလိုက် နယ်စပ်ဖြတ်ကျော် အလုပ်လုပ်နေကြလို့ပဲလို့ ပြောခဲ့ပါတယ်။ဆရာကြီးရေ . . . မွန်ပြည်နယ်တင် မကဘူး။ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက အလုပ်လုပ်နိုင်စွမ်း ရှိသူတွေ  ရွာလုံးကျွတ်နီးပါး နယ်စပ်ဖြတ်ကျော်၊ တခြားနိုင်ငံတွေမှာ ဘာကြောင့် အလုပ်သွားလုပ် နေကြသလဲဆိုတာ ဆရာကြီးလည်း သိမယ် ထင်ပါတယ်။ လုပ်ခလစာပိုရတာ တစ်ခုတည်း အတွက်နဲ့ သူတို့တွေ မွေးရပ်မြေကို စွန့်ခွာပြီး တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်နေကြတယ်လို့ မထင်ပါဘူး။ ဒါတွေကို ကုစားရမှာ ဖြစ်ပေမယ့် အခုချိန်အထိ မကုစားနိုင်သေးပါဘူး။မွန်ပြည်နယ်က ရွာလေးတစ်ရွာမှာ တစ်ရက်လုပ်ခ ကျပ် ၅ဝဝဝ ပေးတာတောင် အလုပ်သမား ရှာမရဘူးလို့ ဆရာကြီးက ဆိုပါတယ်။ တစ်ရက်လုပ်ခ ၅ဝဝဝ နဲ့ ဘောက်လုပ်ရတာ ရက်အနည်းငယ်ပါ။ တစ်နှစ်မှာ ဘယ်နှလ၊ တစ်လမှာ ဘယ်နှရက် အလုပ်ရှိတယ် ဆိုတာရော ဆရာကြီး သိပါသလား။ တစ်နှစ်လုံးမှာ အလုပ်မရှိလို့ အလုပ်ရှိတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ၊ အခြားနိုင်ငံတွေ သွားအလုပ်လုပ်ရတယ်။ အိမ်ဖော်၊ အနှိပ်ခန်း၊ ကာရာအိုကေ၊ ပြည့်တန်ဆာ လုပ်နေရတာတွေရော ဆရာကြီး ထည့်မပြောတော့ဘူးလား။   ဒါ့အပြင် တစ်ရက်လုပ်ခ ၂ဝဝဝ ပဲရှိလို့ လုပ်ခ တိုးတောင်းနေရတဲ့ အလုပ်သမားများစွာ ရှိနေတာရော ဆရာကြီး သိပါသလား။ ရန်ကုန်နဲ့ အနီးတစ်ဝိုက်မှာတင် ဒီဖြစ်စဉ်တွေ ရှိနေတာပါ။ဒီရက်ပိုင်းမှာတင် ရေနီမြို့က အလုပ်သမားတွေ ဆန္ဒပြနေကြတယ်။ သူတို့ရဲ့ အခြေခံလစာက တစ်လ ကျပ် ၁၅၀၀၀ ကနေ အမြင့်ဆုံး ၃၅၀၀၀ သာ ရရှိနေလို့ ကျပ် ၆၀၀၀၀ တိုးပေးဖို့ တောင်းဆိုနေတယ်။ အလုပ်ရှင်က တစ်ရက် ကျပ် ၁၀၀ ပဲ တိုးပေးနိုင်မယ်။ မကျေနပ်ရင် အလုပ်ထွက်လို့ ပြောထားပါတယ်။ တစ်ရက် ကျပ် ၁၀၀ ဆိုတာ ဘတ်စ်ကားစီးဖို့တောင် မလုံလောက်ပါဘူး။ဒီနေရာမှာ ဆရာကြီးပြောသလို “လုပ်ငန်းတွေပိတ်ရင် (လုပ်ခလစာ) ခေါင်းပုံဖြတ်မှုတွေ မရှိတော့ဘူး။ ဒါပေမဲ့ အလုပ်အကိုင် အခွင့်အရေးတွေလည်း မရှိတော့ဘူး။ အလုပ်သမားတွေ အနေနဲ့ (လုပ်ခလစာ) ခေါင်းပုံဖြတ်ခံမလား၊ အလုပ်အကိုင် ဆုံးရှုံးခံမလားဆိုတာ ရွေးစရာ ဖြစ်နေပါတယ်” ဆိုတာကလည်း မှန်ကန်တဲ့အဖြေ မဟုတ်ပါဘူး။ဆရာကြီးရေ . . . အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာ သတ်မှတ်ရေးကလည်း အခုထိ ဖြစ်မလာသေးဘူး မဟုတ်လား။ ဒီအတွက် အလုပ်ရှင် အလုပ်သမား ပဋိပက္ခတွေ၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှုတွေက ဆက်ဖြစ်နေပါတယ်။  ဒါတွေက ဆရာကြီးရဲ့ ထောက်ပြချက် (u8)၊ (u9) နဲ့ ဆက်စပ်တာတွေကို ပြန်ရှင်းခြင်း ဖြစ်ပါတယ်။    
(၇)   
ကျန်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ရင်တော့ ကျွန်တော် အငြင်းမပွားလိုပါဘူး။ ထောက်ပြချက် (u15) မှာ ဆရာကြီး မှန်ပါတယ်။ ကျွန်တော် မှားပါတယ်။ ဒါပေမဲ့ IHLCA စစ်တမ်း ရလဒ်ဖြစ်တဲ့ မြန်မာ့လူဦးရေ ၂၆ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှုအောက် ရှိနေတုန်းပဲ မဟုတ်လား။ ဒါကလည်း ဆရာကြီးရဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံကိန်း မအောင်မြင်ဘူး ဆိုတာကို ပြောနေတာ မဟုတ်လား။   ထောက်ပြချက် (u16) အရ သမ္မတ ဦးသိန်းစိန်၊ သူ့ရဲ့ အကြံပေးတွေ၊ အစိုးရ၊ လွှတ်တော်၊ အတိုက်အခံတွေက လက်ရှိ အခြေအနေတွေကို ထိုင်ပြီး ကျေနပ်မနေဘူးလို့ ဆရာကြီး ပြောတာမို့ ဝမ်းသာရပါတယ်။ဒါ့အပြင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ဆရာကြီးတို့နဲ့ အစိုးရအဖွဲ့ လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးဆိုင်ရာ ကိစ္စတွေ၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေအပေါ် ဆရာကြီးတို့က တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြောင်းဝန်ခံလိုက်တယ်လို့ ယူဆပါတယ်။ ဒီအတွက် နောင်တစ်ချိန်မှာ စီးပွားရေးစီမံခန့်ခွဲမှု အလွဲတွေ စစ်ဆေးပေါ်ပေါက်ခဲ့မယ် ဆိုရင် ဒီတာဝန်ယူမှုအတွက် ဆရာကြီးတို့ကို ဆင့်ခေါ်ဖော်ထုတ် သွားပါလိမ့်မယ်။တစ်ခုလေးတော့ အရေးကြီးဆုံး ဝေဖန်ပါရစေ။ ဆရာကြီးတို့ သမ္မတ အကြံပေးတွေ အနေနဲ့ အောက်ခြေမှာ တကယ်ဖြစ်ပျက်နေတာတွေနဲ့ ဒီလောက် ဝေးကွာနေရင်တော့ တိုင်းပြည်ရဲ့ ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတာတွေ အတွက်ရော၊ အနာဂတ်အတွက်ပါ စိုးရိမ်ပူပန် ပါတယ်။ တိုင်းပြည်အတွက် စိတ်မကောင်းပါဘူး။နောင်တစ်ကြိမ်မှာ ဖြစ်နိုင်ရင်တော့ ခရိုနီလုပ်ငန်းရှင်တွေ၊ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ သူတို့ရဲ့ သားသမီး မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မှု၊ စီးပွားရေး လုပ်ငန်းတွေ၊ ငွေကြေးခဝါခြမှု၊ အလွဲသုံးစား ပြုလုပ်ခဲ့မှုတွေ၊ သူတို့ကြောင့် တိုင်းပြည် ဘယ်လိုနစ်နာခဲ့ရတယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆရာကြီးတို့ကို သမ္မတက ခွင့်ပြုတယ်ဆိုရင် ဆရာကြီးနဲ့ပဲ ဖြစ်ဖြစ်၊ ဆရာကြီးတို့ အကြံပေးအဖွဲ့က ဒေါက်တာဇော်ဦးနဲ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆရာကြီးနဲ့ ဒေါက်တာဇော်ဦး နှစ်ဦးစလုံးနဲ့ဖြစ်ဖြစ် အများပြည်သူရှေ့မှာ Live Debate တစ်ခု လုပ်ချင်ပါတယ်။