တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်းအဆို ရန်ကုန်တိုင်းလွှတ်တော် အတည်ပြု

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်းအဆို ရန်ကုန်တိုင်းလွှတ်တော် အတည်ပြု
Published 2 April 2015
ကျော်ထင်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်းကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ သမ္မတဦးသိန်းစိန် ရှေ့မှောက်တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း အဆိုကို ဧပြီ ၁ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး၌ တင်သွင်းခဲ့သည်။ယင်းအဆိုကို ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာက ကြားဖြတ်အဆို အနေဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။“၃၁-၃-၂ဝ၁၅ ရက်သည် အစိုးရသက်တမ်း လေးနှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပြီး ယင်းနေ့တွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးနိုင်တာ ဖြစ်တဲ့အတွက် သမိုင်းတွင်တဲ့ ထူးခြားတဲ့နေ့ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး လိုလားတောင့်တနေတဲ့ ပြည်သူများဆန္ဒ၊ မျှော်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းရေး၏ လမ်းစဖြစ်သလို တစ်ဖက်နှင့်တစ်ဖက် နားလည်မှုရတဲ့ ရလဒ်လည်း ဖြစ်ပါတယ်။ ဒါဟာ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်သလို နိုင်ငံတည်ငြိမ်အေးချမ်းမှ တိုင်းရင်းသားလူမျိုးစုအားလုံး တိုင်းနှင့်ပြည်နယ် အားလုံးသည် တစ်ဟုန်ထိုး တိုးတက်လာမှာ ဖြစ်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ထို့အပြင် နိုင်ငံရေးနှင့် စစ်ရေးပြဿနာများအား ဆွေးနွေးနိုင်ရန် ပထမခြေလှမ်း ဖြစ်သလို မြန်မာနိုင်ငံ အနာဂတ်အတွက် ညီညွတ်မျှတမှုကို လမ်းခင်းပေးခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ပြန်ကြားရေးစင်တာက သဘောထားကြေညာချက် ထုတ်ပြန်ထားတာကလည်း ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ ဖြစ်ပါတယ်” ဟု ဒေါ်ကြည်ကြည်မာက အဆိုတင်သွင်းရာတွင် ပြောကြားသည်။ယင်းအဆိုမှာ ရည်ရွယ်ချက်ကောင်းမွန်ပြီး မငြိမ်းချမ်းသောဒေသ နေထိုင်သူများသာမက မြန်မာတစ်နိုင်ငံလုံး ဝမ်းမြောက်ဝမ်းသာဖြစ်သည့် ကိစ္စဖြစ်ကြောင်း၊ နှစ်ပေါင်း ၆ဝ ကျော် ကြာမြင့်ပြီဖြစ်သည့် ပြည်တွင်းမငြိမ်းချမ်းခြင်းအတွက် ခြေလှမ်းတစ်လှမ်း တက်လှမ်းနိုင်ပြီ ဖြစ်သည့်အတွက် ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မဆွေးနွေးတော့ဘဲ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူ၍ အတည်ပြုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောကြားသည်။ထို့ပြင် ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နယ်မြေအား ကျူးကျော်ဝင်ရောက် တိုက်ခိုက်လာသော ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တိမ်းရှောင်အဖွဲ့အား ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် တိုင်းပြည်အတွက် အသက်ပေးဆပ်သွားခဲ့ကြသော တပ်မတော်သားများနှင့် ပြည်သူတို့အား လေးစားဂုဏ်ပြုကြောင်း အဆိုကို ဧပြီ ၁ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးတွင်လည်း တင်သွင်းခဲ့သည်။ယင်းအဆိုကို သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က တင်သွင်းခဲ့ခြင်းဖြစ်သည်။ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးရန် သဘောတူခဲ့သည်။

Most Read

Most Recent