အမည်းစက်တွေနှင့် အထက်လူတွေ

အမည်းစက်တွေနှင့် အထက်လူတွေ
Published 1 April 2015
ရဲထွတ်နီ

စာသင်ကျောင်းတို့တွင် ဆရာက သင်ပြသူ၊ ကျောင်းသားတို့က တပည့်ခံ သင်ယူသူတွေ။ ဆရာသည် တပည့်တို့ကို ကျောင်းစာသင်ပေးလိုက်ရုံမက အကျင့်ကောင်းတွေကိုပါ သင်ကြားညွှန်ပြပေးလိုက်သူ ဖြစ်သည်။ သွန်သင်သည်ဆိုသော စကား အဓိပ္ပာယ်မှာ လိမ္မာယဉ်ကျေးအောင် ဆုံးမသည်ဟု ဖွင့်ဆိုပါသည်။ကျွန်တော်တို့ ငယ်စဉ်က ဆရာသည် စာသင်ပေးသလို ကျွန်တော်တို့ကို မုန့်လည်း ကျွေးသည်။ တုတ်လည်း ကျွေးခဲ့ပါသည်။ ကျောင်းမှ ဆရာက ကိုယ့်သားသမီးကို မုန့်ကျွေးလိုက်သည်ဟု သိရသော မိဘ၏ မျက်နှာမှာ ပြုံးသွားသကဲ့သို့ တုတ်ကျွေးခံရသည်ကို သိတော့လည်း ကိုယ့်သားသမီးမျက်နှာကို စေ့စေ့ကြည့်ကာ ခေါင်းတညိတ်ညိတ် လုပ်ပြသည်။ အဲဒါ မှတ်ထားပေ့ါ။ ကိုယ်မှားတာရှိရင် သိပြီးပြင်ပေါ့ဆိုသည့်သဘော ဖြစ်ပါသည်။ဆရာတို့၏ သြဇာသည် သူတို့၏ မေတ္တာစေတနာအလျောက် ထူထောင်ပြီး ဖြစ်ခဲ့ကြသည်။ အပိုသင်ပေးဖို့လိုသည့် တပည့်၊ စကောလားရှစ် ဝင်ဖြေရမည့် ကျောင်းသားများ၊ အိမ်သို့ ခေါ်သင်ပေးသည်။ ထမင်းဟင်းနှင့် မုန့်ကိုပါ ကျွေးသေးသည်။ ဆရာ့အိမ်မှာ ဖဆပလ ရပ်ကွက်ထဲမှ ပျဉ်ထောင်အိမ်ခန်း ကျဉ်းကျဉ်းကလေး။ စာမရသူ၊ ခိုင်းလိုက်တာ ပြီးစီးအောင် လုပ်မလာသူတွေကိုတော့ ရိုက်ပါသည်။တာမွေဈေး (ဟိုးယခင်ဈေးဟောင်း) ထဲ ဈေးဝယ်ပြီး အိမ်ပြန်သည်ကို လမ်းတစ်ဖက်မှ လှမ်းမြင်လိုက်သော ဆရာသည် နောက်နေ့နံနက်တွင် အိမ်သို့ရောက်ချလာပြီး ‘နောင် ကျွန်တော့်တပည့်ကို ဈေးမခိုင်းပါနဲ့’ ဟု ခပ်ပြတ်ပြတ်ပြောခဲ့သည်။ အမေက ‘ဟုတ်ကဲ့’ ဟုသာ ဝန်ခံရတော့သည်။ ခိုင်းသူမှာ ကျွန်တော်တို့၏ ဘွားအေ။ အဘိုးကလည်း ဤသို့ပင် မခိုင်းစေချင်ခဲ့။ အခု ဆရာလာပြောတော့မှ ဆရာသြဇာသာ တည်ခဲ့သည်။ ကလေးကို ဈေးဝယ်ခိုင်းပါ များသည့်အခါ အကျင့်ပျက်မှာစိုးလို့ဟု နောက်တော့ နားလည်ခဲ့ရပါသည်။ သြဇာဆိုသည်မှာ ‘ခွန်အားဖြစ်စေသည့် အဆီအနှစ်’ ဟူသော အနက်လည်း ရှိသည်။ အပင်ကိုဖြစ်ထွန်းစေသော မြေဆီမြေနှစ် မြေသြဇာဟူ၍လည်း ဖွင့်ပါသည်။ဆရာအမွန်တို့သည် တပည့်များအား လိမ်ညာပြောဆိုတတ်၊ လိုချင်မျက်စိရှိတတ် ခိုးတတ်ဝှက်တတ်သွားမှာကို မလိုလားကြချေ။ အချင်းချင်း လူပေါ်လူဇော်လုပ်၊ နိုင်ထက်စီးနင်းပြု ကိုယ်တစ်ကိုယ်ကောင်းသာဖို့ချည်း ပြုမူကျင့်ကြံ တတ်သွားကြမှာကိုလည်း မလိုလားကြချေ။ ထို့ကြောင့် ထိန်းသိမ်းစောင့်ရှောက် ဆုံးမပေးခဲ့တတ်ကြပါသည်။ ဤသို့ဖြင့် ‘ဆရာတပည့်’ ဟူသော ဝေါဟာရသည် လောကကိုလှစေသည့် စကားအသုံးတစ်ခု ဖြစ်လျက်ရှိသည်။သို့သော် ဤစကားအသုံးကိုပင်တည်ကာ အကျည်းတန်စေသည့် စကားတစ်လုံး ရှိပြန်ပါသည်။ ‘ဆရာမွေး တပည့်မွေး’။ဤစကားက ဆောင်ယူသည့် အဓိပ္ပာယ်မှာ စုတ်ပဲ့ယုတ်ညံ့သော အပြုအမူများကို ယူထားခြင်းဖြစ်သည်။ ဤစကားမှ ဆရာဆိုသည်က သိကြသည့်အတိုင်း အစိုးရဌာန၊ အလုပ်ခွင် အဖွဲ့အစည်းတို့မှ အထက်လူ၊ အထက်လူကြီး။ တပည့်ဆိုသည်က အောက်လူငယ်သား။ လုပ်ဖော်ကိုင်ဖက်။ ကျောင်းမှ ဆရာကတပည့်ကို အကျင့်ကောင်း သင်ပြပေးသော်လည်း ဌာနအလုပ်ခွင်လောကမှ ဤအထက်လူ ဆရာကတော့ မကောင်းကျင့် မကောင်းကြံကို သင်ပေးသူဖြစ်သည်။အစိုးရဌာန အလုပ်ခွင်များတွင် ဆရာက တပည့်မွေး၊ တပည့်က ဆရာမွေးနှင့် အပြန်အလှန်ဖြစ်သည်။ ဌာန၏ အလုပ်၊ ရာထူး၏ တာဝန်ကို အတူတူ လုပ်နေကြရာတွင် မလျော်သည့် ခံစားခွင့်နှင့် အခွင့်အလမ်းကိုမျှော်ကာ အထက်လူကြီး အကြိုက်ကို မျက်နှာလိုမျက်နှာရ လုပ်ပေးတတ်ကြသူတွေ ရှိသည်။ လူကြီးဖြစ်သူက သဘောတွေကျပြီး လက်ခံသည့်အခါ ဆရာတပည့်မွေးပြီးသား ဖြစ်သွားပါသည်။တစ်ခါ အထက်လူကြီးဖြစ်သူ ဆရာကိုယ်တိုင်က ရှာဖွေမွေးယူတာလည်း ရှိပြန်ပါသည်။ ဤတပည့်မွေးတာက ပို၍များမည်ပင် ထင်ပါသည်။ ဌာနများသို့ အထက်မှ မိုးကျရွှေကိုယ်များသည် တပည့်မွေး ဆရာမွေးများပင် ဖြစ်ကြသည်။ အမှန်က ဌာန၏ အလုပ်များကို ခြေမြစ်စွာ တတ်ကျွမ်းပိုင်နိုင်အောင် လုပ်ကိုင်ခန့်ခွဲနိုင်လျှင် ဦးဆောင်နိုင်ကြမည်သာ ဖြစ်သည်။ အလုပ်နှင့် အလုပ်လုပ်သူတွေ အကြောင်းကို အတူတကွ လုပ်ကိုင်ရင်းနှီးလျှင် ဖြစ်ပါသည်။ သို့သော် ထိုလူမျိုးတို့က မလျော်သည့်နည်းဖြင့် သိချင်ကြသည်။ မလျော်သြဇာဖြင့် အုပ်ချုပ်ချင်ကြသည်။ ထိုအခါ မွေးယူ၍ရမည့်လူကို မုန့်ကျွေးသည်။ အခွင့်အရေးပေးသည်။ နောက်တော့ ရာထူးပါပေးပြီး တပည့်အရင်းကြီး လုပ်ခိုင်းပါတော့သည်။ ယနေ့ ဌာနဌာနတို့၌ စိတ်ဓာတ်ပျက်ပြားနေကြသည်များမှာ ထိုဆရာမွေး တပည့်မွေး သံသရာကြောင့် ကူးစက်ပျက်ပြားကြခြင်း အများအပြား ပါဝင်သည်။ အမှန်မှာမူ အောက်လက်က ဆရာမွေးဖို့ လာသည်ကိုပင် အမွေးမခံဘဲ သမာဓိဖြင့် ထိန်းသိမ်းကြပ်မတ်ရမှာ ဖြစ်သည်။ ယခင်ကတည်းက ရှိပြီးနေခဲ့လျှင်လည်း ပပျောက်အောင် ပြုသင့်ကြသည်။ သို့သော် လူကြီးကြီးဆိုသည့် ပုဂ္ဂိုလ်ကြီးများ ကိုယ်တိုင်ခပ်ပြောင်ပြောင် တပည့်မွေး လုပ်ကိုင်နေကြသည်ဖြစ်တော့ ကမ်းကုန်ပါသည်။ မကောင်းသော ယုတ်ညံ့သည့် ရည်ရွယ်မှုကြောင့် အထက်ဆရာရော အောက်တပည့်ပါ အကျင့်မတည်ကြည်၊ မရိုးမဖြောင့်သူများ ဖြစ်ကြသည်မှာ သေချာလှပါသည်။ ပြုယူတာ ကိုယ့်အတွက် ဖျက်ပစ်တာ အများသို့ ဖြစ်တော့၏။ထိုအခါ သူတို့တင် အကျင့်ပျက်ရုံမကဘဲ သူတို့၏ ဒဏ်ခံကြရသည့် အရာထမ်း အမှုထမ်းတို့မှာလည်း စိတ်ဓာတ်ပျက်ပြားကြရသည်။ သူတို့နှင့် မဆက်ဆံချင်၊ အတူတူ မလုပ်ကိုင်ချင် ဖြစ်ကြသည်။ ဖြစ်နိုင်လျှင် ရှောင်သည်။ မရှောင်နိုင်တော့ဘဲ အမှန်တရားကိုင်စွဲကာ ထိပ်တိုက်တိုးရင်ဆိုင်တော့ ညစ်တာကိုခံရပြီး အကြောင်းရှာကာ နှိပ်ကွပ်တာကို ခံကြရတော့သည်။ ထိခိုက်ပျက်စီးမှုမှာ ဝန်ထမ်း၊ ဌာနနှင့် ပြည်သူပါ သုံးဖက်စလုံး ဖြစ်ပါသည်။ပူဇော်ကန်တော့ပွဲ တစ်ခုတွင် ဆရာကြီးတစ်ဦး ရေးပေးခဲ့ဖူးသော သြဝါဒစကားတစ်ခွန်းကို သတိရမိသည်။ ‘ကိုယ့်အထက်လူကြီးကို အာမခံနဲ့၊ တစ်သက်လုံး ခံရတတ်တယ်၊ မယုံမရှိနှင့် ကိုယ်တွေ့’ ဟူ၍ ဖြစ်ပါသည်။ ဆရာကြီးသည် အသက် ၈၀ ကျော် ၉၀ နီးပါး၊ ယနေ့တိုင် သက်ရှိထင်ရှား ရှိပါသေးသည်။ ထိုပူဇော်ပွဲအကြောင်း ဆောင်းပါးကို ဆရာများ၏ သြဝါဒနှင့်တကွ ရေးတော့ စာပေစိစစ်ရေးက နောက်စကားနှစ်လုံးကို ဖြုတ်ခိုင်းလိုက်သဖြင့် သြဝါဒပေးသူ ဆရာကြီးခမျာမှာ အမိန့်အာဏာသြဇာပေးသူ ဖြစ်သွားရတော့သည်။ ‘ကိုယ့်အထက်လူကြီးကို အာမခံနဲ့’ လို့ပြောသူ ဖြစ်သွားခဲ့သည်။အာဏာရှင်များကို ကြောက်ကြရတော့ ဝန်ကြီးဆိုသူများပင် သူအားကိုးရသူများကို ဌာနမှ အငြိမ်းစားယူချိန် အသက်ပြည့်သည့်တိုင် အထပ်ထပ်ခန့် Extension များ ခန့်ခဲ့သည့်ကာလ ခေတ်စားခဲ့သေးသည်။ ဒီတော့ အောက်လူများမှာလည်း ရာထူးမတက်နိုင်။ အဆင့်ဆင့်တက်လမ်းများ ပိတ်ဆို့ကုန်တော့သည့်အခါ စိတ်ပျက်လက်ပျက်ဖြင့် အလုပ်ကို တော်စွလျော်စွ လုပ်တော့သည်။ အထက်လူနမူနာအတိုင်း အကြံအဖန်သာ လုပ်တော့သည်။အထက်လူကြီးဆိုသည်မှာ လုပ်ဖော်ကိုင်ဖက်များနှင့် အောက်လက်ငယ်သားတို့က ခန့်ညားလေးစားနေအောင် လုပ်ကိုင်ပြောဆို ပြုမူသင့်ကြသည်။ ယခုမူ သူ့ကို လိုအပ်သလိုလာပြီး ဖော်လံမဖားသူကို ကြည့်မရဟုဆိုကာ ‘အဲဒီကောင်မျိုးတွေ ငါ့ရှေ့ကတောင် လမ်းဖြတ်မလျှောက်စေနဲ့’ ဟုပြောသည့်လူမျိုး ရှိခဲ့ဖူးသည်။ တစ်ခါ ‘ငါဒီရာထူးမှာ ရှိနေသမျှ ဒီကောင် ဘယ်တော့မှ ရာထူးမတက်စေရဘူး’ ဟု ပြောထွက်ပြောရက်သည့် အရာရှိကြီးမျိုးလည်း ရှိခဲ့ဖူးသည်။ ထိုလိုမျိုး အကျင့်တန်သော လူကြီးမျိုးသည် ကိုယ်လိုပင် အကျင့်တန်သော ခိုင်းတာအကုန်ရမည့် တပည့်ကိုသာ မွေးကြတော့သည်။ဝန်ထမ်းအဖွဲ့အစည်းများ အလုပ်ဌာနများ ဆိုသည်မှာ အဆင့်မျိုးမျိုးတွင် အလုပ်တာဝန် အသီးသီးကို တာဝန်သိစိတ်နှင့် ကျေပွန်စွာ ဆောင်ရွက်နေကြသူများလည်း အများအပြား ဖြစ်ပါသည်။ သူတို့တွေသည် ကိုယ်ကောင်းလျှင် ခေါင်းဘယ်မရွေ့ဟု ကျင့်သုံးကာ ဌာနအလုပ် လုပ်ကိုင်ကြသူများမို့ တာဝန်ထမ်းဆောင်ရင်း သင့်တော်သည့် လုပ်သက်ကာလတွင် ရာထူးအဆင့်များ တိုးမြှင့်ပေးကြရမည်။ ခံစားခွင့်ရသင့်ကြသည်။ အလွန်အမင်းလည်း မကြာစေသင့်။ သို့သော် ပညာရေးကိုကိုင်ခဲ့သူ ဝန်ကြီးဟောင်းတစ်ဦး လက်ထက်တွင် အနှစ်သုံးဆယ်ကျော် လေးဆယ်နီးပါး အပြစ်တစ်စုံတစ်ရာမရှိ၊ မထိမခိုက် အလုပ်လုပ်ကိုင်လာခဲ့သည့် အရာထမ်း  အမှုထမ်းများကို ရာထူးလေး တစ်ဆင့် တိုးမြှင့်ရာတွင် တစ်နှစ်အစမ်းခန့် ဆိုတာကို ဖြတ်သန်းခိုင်းခဲ့သည်။ အချို့မှာ ပင်စင်သာသွားရသည်။ အမိန့်ထပ်မထွက်လာသဖြင့် တိုးမြှင့်လစာ မခံစားလိုက်ရသည်များ ရှိခဲ့ကြကြောင်း ဆိုပါသည်။ ကြေကွဲဖွယ်ပင်။ နာယကဂုဏ်ဆိုတာနှင့် လားလားမှ မပြည့်စုံကြသူတွေပါပဲ။မကြာမတင် ကာလဆိုလျှင် ဌာနများတွင် ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ဖွဲ့စည်းပုံ အသစ်များဖြင့် ဆောင်ရွက်တော့မည့် သတင်းများကို ကြားသိရသည်။ အမြဲတမ်း အတွင်းဝန်များကို ခန့်အပ်ကာ တာဝန်ပေး ဆောင်ရွက်သွားကြမည်ဟုလည်း ကြားသိနေရသည်။ ဆရာမွေး တပည့်မွေးများကိုပါ ပပျောက်ကင်းရှင်းစွာ ဖွဲ့စည်းပြင်ဆင်ပါရဲ့လားဟု စောကြောနေမိပါသည်။