အစိုးရ၏ ဘတ်ဂျက်တင်သွင်း သုံးစွဲမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြင်းပြင်းထန်ထန် ဝေဖန်ကာ အစိုးရ၏ သာမန်အသုံးစရိတ် ကျပ် ၁၉ ဘီလျံကို လွှတ်တော် ဖြတ်တောက်

အစိုးရ၏ ဘတ်ဂျက်တင်သွင်း သုံးစွဲမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြင်းပြင်းထန်ထန် ဝေဖန်ကာ အစိုးရ၏ သာမန်အသုံးစရိတ် ကျပ် ၁၉ ဘီလျံကို လွှတ်တော် ဖြတ်တောက်
Published 30 March 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်

အစိုးရ၏ ဘတ်ဂျက်တင်သွင်း သုံးစွဲမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြင်းပြင်းထန်ထန် ဝေဖန်ကာ အစိုးရ၏ သာမန်အသုံးစရိတ် ကျပ် ၁၉ ဘီလျံကို လွှတ်တော်မှ ဖြတ်တောက်ခဲ့သည်။မတ် ၃၀ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ယခုကဲ့သို့ ဝေဖန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။၂၀၁၅-၂၀၁၆ ဘတ်ဂျက်ဥပဒေကြမ်းပါ အစိုးရ၏ ဘတ်ဂျက်အသုံးစရိတ်များ အနက်မှ သာမန်အသုံးစရိတ် အားလုံး၏ နှစ်ရာခိုင်နှုန်းခန့်ကို ဖြတ်တောက်ရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက အဆိုပြုဆွေးနွေးခဲ့သည်။ဗဟိုအဖွဲ့အစည်း ၁၁ ခု၊ ဝန်ကြီးဌာန ၃၀ ခု၏ သာမန်အသုံးစရိတ်များ အနက်မှ ခရီးသွားလာစရိတ်၊ ပစ္စည်းနှင့် လုပ်အားဆောင်ရွက်မှုစရိတ်၊ ဓာတ်ဆီနှင့် စက်ဆီ၊ ချောဆီစရိတ်၊ ပြင်ဆင်ထိန်းသိမ်းစရိတ်၊ မော်တော်ယာဉ်များစရိတ်၊ ဧည့်ခံကျွေးမွေးစရိတ်ဆိုသည့် ငွေစာရင်း ခေါင်းစဉ်များအပေါ် ကျပ် ၁၉ ဘီလျံ ဖြတ်တောက်ရန် ဦးဇော်မြင့်ဖေက အဆိုပြု ဆွေးနွေးခဲ့ခြင်းဖြစ်သည်။၎င်းအဆိုပြုချက်အပေါ် အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ပြန်လည်းဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာနအချို့၏ ဆန္ဒအရ ဖြတ်တောက်ရန် မသင့်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကလည်း သာမန်အသုံးစရိတ်ကို တိကျစွာ တွက်ချက်ထားသည့် ဝန်ကြီးဌာနများအား ဖြတ်တောက်ရန် မလိုအပ်ကြောင်း ပါဝင်ဆွေးနွေးခဲ့သည်။ဒေါ်တင်နွယ်ဦး၏ ဆွေးနွေးချက်ကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ကန့်ကွက်ကြောင်း ပြောကြားခဲ့ပြီး အစိုးရအဖွဲ့၏ ဘတ်ဂျက်များ တင်သွင်းသုံးစွဲနေမှုများကိုလည်း ပြင်းပြင်းထန်ထန် ထည့်သွင်းဝေဖန်ခဲ့သည်။ပြည်ထောင်စုလွှတ်တော် နာယကက ဝန်ကြီးဌာနများ အနေဖြင့် ဘတ်ဂျက်တင်သွင်းနေသည့် ပုံစံကို မိမိသိရှိကြောင်း၊ သို့သော် မိမိအနေဖြင့် သိရှိသည်မှာ ကြာပြီဖြစ်သော်လည်း ဘေးမှသာ ထိုင်ကြည့်နေခဲ့ကြောင်း၊ ဝန်ကြီးဌာနများသည် နှစ်စဉ် ဘတ်ဂျက်အား စနစ်တကျ စိစစ်တင်ပြသည်ဟု ဆိုသော်လည်း နှစ်ကုန်၌ တောင်းယူထားသည့် ငွေများသည် အမှန်တကယ် သုံးစွဲကုန်ကျမှု ရှိ၊ မရှိ ဆိုသည်မှာ စာရင်းစစ်ဖူးသည့်သူများ သေချာစွာ သိရှိပြီးဖြစ်ကြောင်း ပြောကြားသည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေ အဆိုပြုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်တင်နွယ်ဦးကတော့ ဒီကိစ္စသည် တိတိကျကျ တွက်ချက်ထားတဲ့ ဝန်ကြီးဌာနများကတော့ အဖြတ်မခံနိုင်ဘူး။ ဒါကြောင့်မို့လို့ ဖြတ်စရာမလိုဘူးလို့ ပြောပါတယ်။ ဒါဖြစ်ရင် အခုအဖြတ်ခံလိုက်တဲ့ ဝန်ကြီးဌာနနဲ့ ဗဟိုအဖွဲ့အစည်းများကို တိတိကျကျ ဆောင်ရွက်ထားတာ မဟုတ်တဲ့အတွက် အဖြတ်ခံရတဲ့သဘော ဖြစ်ပါတယ်။ အဲဒီဘက်မှာ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်လည်း ပါတယ်။ ပြည်သူ့လွှတ်တော်လည်း ပါတယ်။ အမျိုးသားလွှတ်တော်လည်း ပါတယ်။ ထိပ်ဆုံးက ဒီအဖွဲ့အစည်းတွေ ဖြတ်လာတယ်။ ဖြတ်လာတယ် ဆိုတယ်။ တိတိကျကျလုပ်တာ မဟုတ်တဲ့အတွက် အဖြတ်ခံရတယ်။ ကျန်တဲ့ အဖွဲ့အစည်းကျတော့ တိတိကျကျ လုပ်ထားတဲ့အတွက် အဖြတ်မခံရဘူးဆိုတဲ့ ဟာကတော့ မှန်နိုင်သလား။ ဒီနေ့ ဘတ်ဂျက်တွေ ဘယ်လိုတင်လဲ။ ဘတ်ဂျက်တွေ ဘယ်လိုစိစစ်လဲ။ ကျွန်တော်တို့ သိပါတယ်။ ဒီအတွေ့အကြုံတွေဟာ အခုမှ မဟုတ်ဘူး။ ကြာလှပါပြီ။ ဘေးကနေ ထိုင်ကြည့်နေပါတယ်။ ဒါကြောင့်မို့လို့ တင်လာတဲ့ ဘတ်ဂျက်တွေကရော တကယ်လိုအပ်ချက်အရ တင်တာလား။ စိစစ်ဖြတ်တောက်တဲ့ဟာကို ဖြတ်တောက်ပြီးပြီလား။ လိုရင်လို မလိုရင်မလို ဒီလိုဖြစ်လား။ ဒီအတွက်ကျတဲ့ အခါကျတော့ လွှတ်တော်မှာ တာဝန်ရှိတယ်” ဟု ပြောကြားသည်။ဆက်လက်၍ ၎င်းက “ဘဏ္ဍာရေးနဲ့ ပတ်သက်လို့ ထိန်းသိမ်းဆောင်ရွက်ရမယ့် ဝန်ကြီးဌာနအတွက် လိုငွေတွေ အများကြီး ဖြစ်နေတယ် ဆိုတဲ့အတွက် လိုငွေတွေ အများကြီး မဖြစ်အောင် ဒီအတိုင်းပဲ လွှတ်တော်ကိုလည်း ဆွေးနွေးတာပဲ။ အဲဒီအခါမှာ ကျွန်တော်တို့ လုပ်တယ်။ လုပ်တဲ့အတွက် ကျွန်တော်တို့ဟာ ဒါနဲ့ပတ်သက်လို့ အများတောင် လက်ခံနိုင်တယ်။ ကျွန်တော်တို့ ဘာလို့ လက်မခံနိုင်တာလဲ။ သိပါတယ်။ မနှစ်ကတော့ ဒီလိုတိတိကျကျ တွက်ပြီးတော့ တင်ပြတဲ့နေရာမှာ နောက်ဆုံးကျတဲ့ အခါမှာ ဘတ်ဂျက်ကုန်ခါနီးတဲ့အခိုက်ကျတော့ ကုန်သလား။ မကုန်ဘူးလား။ စီမံကိန်းမှာရော လုပ်ငန်းမှာရော သာမန်ရော ဒါစာရင်းစစ်တတ်တဲ့လူတွေ သေချာသိပါတယ်။ စာရင်းစစ်ဖူးတဲ့လူတွေ သေသေချာချာ သိပါတယ်။ ဒါကြောင့်မို့လို့ ဒီနေရာမှာ တိတိကျကျ တွက်ချက်ထားတဲ့ ဌာနတွေကတော့ မဖြတ်မခံနိုင်ဘူး ဆိုတာကတော့ ကျွန်တော် ကန့်ကွက်ပါတယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့ လွှတ်တော်တွေကရော တိတိကျကျ မလုပ်ဘူးဆိုတဲ့ သဘောဖြစ်ပြီးတော့ ဒါနဲ့ ပတ်သက်လို့ ကန့်ကွက်ပါတယ်။ တိတိကျကျ လုပ်ထားပါတယ်ဆိုတဲ့ ဝန်ကြီးဌာနအတွက် တိတိကျကျပါလို့ ဆွေးနွေးသွားတဲ့လူက ဘယ်လောက်အာမခံမလဲ” ဟု ဆွေးနွေးခဲ့သည်။သူရဦးရွှေမန်းက ထိုသို့ဆွေးနွေးပြီးနောက် ဦးဇော်မြင့်ဖေ အဆိုပြုသည့် လွှတ်တော်အပါအဝင် ဗဟိုအဖွဲ့အစည်း ၁၄ ခုနှင့် ဝန်ကြီးဌာန အသီးသီး၏ သာမန်အသုံးစရိတ်မှ စက်ဆီ၊ ချောဆီ၊ ပစ္စည်း၊ လုပ်အားခဆောင်ရွက်မှု၊ ပြင်ဆင်ထိန်းသိမ်းစရိတ်၊ ဧည့်ခံကျွေးမွေးစရိတ်များမှ နှစ်ရာခိုင်နှုန်း ဖြတ်တောက်ရန် အဆိုကို သဘောတူ၊ မတူ မေးမြန်းခဲ့ရာ လွှတ်တော်မှ သဘောမတူသူ မရှိသည့်အတွက် ဦးဇော်မြင့်ဖေ၏ အဆို အတည်ဖြစ်ကြောင်း လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။

Most Read

Most Recent